Home
မေးမြန်းခန်း
မြန်မာ့ဆန်ဟာ တရုတ်ကို ခြေကုပ်ယူပြီး ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်မယ်- ဦးရဲမင်းအောင်
အေးနိုင်
·
April 19, 2015
မြန်မာ့အိမ်နီးချင်းနီးချင်း တရုတ်နိုင်ငံက မြန်မာ့အဓိက  ပြည်ပတင်ပို့ကုန်တခုဖြစ်တဲ့ ဆန်ကို  လာမယ့်လမှာ တရားဝင် တင်သွင်းခွင့်ပြုတော့မှာဖြစ်ပါတယ်။ မြန်မာ့ဆန်တန်ချိန် ၃၀၀၀ ကို ၂၀၁၅ ခုနှစ် မေလစပြီး ရန်ကုန်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် စမ်းသပ်တင်ပို့ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။ မြန်မာနိုင်ငံ ပြည်ပဆန်စပါးတင်ပို့မှုရဲ့ လေးပုံသုံးပုံခန့်ဟာ တရုတ်နိုင်ငံကို တင်ပို့နေရာမှာ မြန်မာဘက်က  တရားဝင်တင်ပို့ခွင့်ပြုပေမယ့် တရုတ်နိုင်ငံဘက်က တရားမ၀င်သတ်မှတ်ထားတာပါ။ ဒါကြောင့် နှစ်နိုင်ငံ  အစိုးရ ဆွေးနွေးညှိနှိုင်းခဲ့ကြရာကနေ တရားဝင်တင်ပို့ခွင့်ကို တရုတ်ဘက်က လက်ခံတာဖြစ်ပါတယ်။ မြန်မာ့ဆန်ကို တရုတ်နိုင်ငံဈေးကွက်ကို  အခြေခံတင်ပို့ရင်းနဲ့  ဥရောပဈေးကွက်၊ ဂျပန်ဈေးကွက်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် စတဲ့ဈေးကွက်တွေကိုပါ ချဲ့ထွင်သွားကြမယ်လို့ ဦးရဲမင်းအောင်က ရှင်းပြပြီး ပဲဈေးကွက်ချဲ့ထွင်ရေးကိုပါ ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။ ပြည်ပကို ဆန် ပိုမိုတင်ပို့ရောင်းချနိုင်အောင် မြန်မာ့ဆန်စပါးအရည်အသွေးမြင့်မားရေး၊ ဈေးကွက်မြှင့်တင်ရေး၊ ဆိပ်ကမ်း၊ ကုန်တင်ကုန်ချစနစ်၊ သိုလှောင်ရုံ စတဲ့လိုအပ်ချက်တွေကို မဖြစ်မနေ ဖြည့်ဆည်းဖို့လိုတယ်လို့ ပြောပါတယ်။ မြန်မာ့ဆန်ကို တန်ချိန် သုံးသန်း တင်ပို့နိုင်ရေးကို မှန်းဆလုပ်ကိုင်ကြပေမယ့် မနှစ်က ဆန်တန်ချိန် ၁ ဒသမ ၈ သန်း ခန့်သာ ပြည်ပကို တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ နီးပါးခန့် ၀င်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဗွီဘီက ဦးရဲမင်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာ့ဆန် တရုတ်နိုင်ငံကို တရားဝင်လမ်းကြောင်းကနေ ပထမဆုံးတင်ပို့နိုင်မယ့် နောက်ဆုံးအခြေအနေကို ပြောပြပါ။ [caption id="attachment_89932" align="aligncenter" width="687"]ဓာတ်ပုံ - ဒီဗွီဘီ ဓာတ်ပုံ - ဒီဗွီဘီ[/caption] “အဲဒါကတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၄ စက်တင်ဘာလောက်ကနေစပြီးတော့  နှစ်နိုင်ငံအစိုးရကြားထဲမှာရော၊ နှစ်နိုင်ငံ စီးပွားရေးအဖွဲ့အစည်းတွေကြားထဲမှာရော ညှိနှိုင်းဆောင်ရွက်လာပါတယ်။ လာမယ့် ၂၀၁၅ မေလမှာ ပထမဦးဆုံးအကြိမ် တင်နိုင်ဖို့ကို ကျနော်တို့ စပြင်ဆင်နေပါတယ်။ တရုတ်နိုင်ငံဘက်က အဖွဲ့ဟာဆိုလို့ရှိရင် AQSIQ (ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ပိုးမွှား ကွပ်ကဲရေး အာဏာပိုင်အဖွဲ့အစည်း) လို့ ခေါ်တာပေါ့၊ အရည်အသွေးစစ်ဆေးရေးနဲ့ ကွပ်ကဲရေးအာဏာပိုင်အဖွဲ့ပေါ့နော်၊ သူတို့ဆီက Inspection and Quarantine  လုပ်တဲ့ ၀န်ကြီးဌာနကလည်း ဧပြီ ၂၃ ရက်နေ့ဆို ရန်ကုန်ကို ရောက်ပါမယ်။ ရောက်ပြီးတော့ ကျနော်တို့ ဒီရန်ကုန်မှာရှိတဲ့ ဆန်စက်တွေ၊ သိုလှောင်ရုံတွေ လှည့်လည်ကြည့်ရှုပြီးတော့မှ ပထမဦးဆုံး တန် ၃ ထောင်ကို စမ်းသပ်ပြီးတော့ တရုတ်နိုင်ငံကို မေလထဲမှာ ပို့ဖို့ စီစဉ်ထားပါတယ်။” ကနဦး သဘောတူညီချက်အရဆို မြန်မာ့ဆန်ကို ၂၀၁၅ မှာ တန်ချိန် ၂ သိန်း တရုတ်က ၀ယ်မယ်ဆိုပြီး အမ်အိုယူ သဘောတူထားတယ်လို့ ကြားသိရပါတယ်။ အဲဒါ ပြည့်မီနိုင်မလား ဒီနှစ်ထဲမှာ။ “အမှန်တကယ်မှာတော့ ကျနော်တို့ ၂၀၁၅ ရယ်လို့လည်း မဟုတ်ပါဘူး။ တရုတ်အစိုးရက လက်ရှိ တရုတ်နိုင်ငံကနေပြီးတော့ တရုတ်အစိုးရပိုင် ကော်ပိုရေးရှင်းဖြစ်တဲ့ COFCO (China National Cereals, Oils and Foodstuffs Corporation) ပေါ့နော်။ COFCO ကို ကျနော်တို့ တန်ချိန် ၁ သိန်း Quota (ကန့်သတ်ပမာဏ) ပေးထားပါတယ်။ အဲဒီ တန်ချိန် ၁ သိန်း  ကို အခြေခံပြီးတော့မှ တန်ချိန် ၁ သိန်းတင်ပို့နိုင်တဲ့ အခြေအနေကို ကြည့်ပြီးတော့မှ Quality (အရည်အသွေး) ကိုလည်း လက်ခံမယ်၊ နောက်တခါ တရုတ်နိုင်ငံ ဈေးကွက်ကလည်း ကြိုက်နှစ်သက်တယ်ဆိုတဲ့အခါမှာ ကျနော်တို့က နောင်နှစ်တွေမှာ ကျနော်တို့ မြန်မာနိုင်ငံကို Quota စနစ်ထဲ ထည့်ပြီးတော့ တန်ချိန်ပိုပြီးတော့ များများတင်ပို့နိုင်ဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံရဲ့ Quota စနစ်က တရုတ်နိုင်ငံကလည်း WTO (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်) အဖွဲ့ဝင်ဖြစ်လာတဲ့အခါမှာ Tariff-Rate Quota စနစ်ကို သုံးပါတယ်။ Tariff-Rate Quota စနစ်ဆိုတာ  Quota  ပေးခံရတဲ့ နိုင်ငံတွေဟာ ယှဉ်ပြိုင်ပြီးတော့မှ ဆောင်ရွက်ရတဲ့ စနစ်ပေါ့နော်၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် Competitive Process (ယှဉ်ပြိုင်ဆောင်ရွက်ရခြင်းဖြစ်စဉ်) ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံကို Quota ပေးတယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံလိုပဲ အလားတူ Quota ပေးခံရတဲ့ ပါကစ္စတန်ရှိတယ်၊ ထိုင်းရှိတယ်၊ ဗီယက်နမ်နိုင်ငံရှိတယ်။ အဲဒီနိုင်ငံတွေက ဈေးနှုန်းတွေနဲ့ ယှဉ်ပြိုင်ပြီးတော့မှ တရုတ်အစိုးရက ခုနပြောတဲ့ Quota စနစ်မှာ ၀င်ရောက်ပြီးတော့ ပါဝင်ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီတော့ တရုတ်အစိုးရက နှစ်တိုင်း တန်ချိန် ၅ သန်းလောက် Quota ပေးပါတယ်။ အဲဒီ ၅ သန်းလောက် ပေးတဲ့နေရာမှာ တ၀က်လောက် ၅၀ ရာခိုင်နှုန်းလောက်က ခုန COFCO ပေါ့နော် သူတို့ အစိုးရပိုင်အဖွဲ့အစည်းက ၀ယ်ပြီးတော့ ကျန်တဲ့ တ၀က်လောက်က တရုတ်နိုင်ငံမှာရှိတဲ့ အခြားပုဂ္ဂလိကအဖွဲ့အစည်းတွေက ၀ယ်ပါတယ်။ ခုလောလောဆယ်တော့ COFCO က တန်ချိန် ၁ သိန်း Quota ရထားပါတယ်။ တန်ချိန် ၁ သိန်း Quota ကို ကျနော်တို့ အမြန်ဆုံး မေလကနေစပြီးတော့ တန် ၃ ထောင် စတင် (တင်ပို့) မယ်။ ပြီးတာနဲ့ ကျနော်တို့ ဆက်တိုက် ဆက်ပြီးတော့ တင်သွားမယ်။ နောင်အခါမှာ ဒီတန်ချိန် ၁ သိန်းတင်တဲ့အပေါ်မှာ နှစ်ဘက် ပြန်လည်သုံးသပ်ပြီးတော့ ကျနော်တို့ တရုတ်နိုင်ငံကို တင်ပို့တဲ့ ပမာဏကို စနစ်တကျ တိုးချဲ့သွားမယ်ပေါ့နော်။ ဒီလိုတိုးချဲ့တဲ့အခါမှာ ကျနော်တို့ ဒီပုံမှန် ရန်ကုန်ဘက်ကနေပြီးတော့ ပင်လယ်ရေကြောင်းနဲ့ သွားတဲ့စနစ်နဲ့ ဆောင်ရွက်သလို နယ်စပ်ကနေတဆင့် ၀င်ရောက်ပြီးတော့မှ ရောင်းချတဲ့စနစ်ကိုလည်း အကောင်အထည်ဖော်ဖို့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” နယ်စပ်လမ်းကြောနဲ့ သင်္ဘောတင် လမ်းကြောနှစ်ခုမှာ ဘယ်လမ်းကြောက ကျနော်တို့မြန်မာနိုင်ငံအတွက် စလုပ်မလဲခင်ဗျ။ နှစ်မျိုးစလုံးပဲလား။ [caption id="attachment_89933" align="aligncenter" width="698"]dv7 ဓာတ်ပုံ - ဒီဗွီဘီ[/caption] “ပထမဦးဆုံးအကြိမ် မေလကိုတော့ ကျနော်တို့ ပင်လယ်ရေကြောင်းကနေပဲ စလုပ်ပါမယ်။ ပင်လယ်ရေကြောင်းကနေ စလုပ်တဲ့ အခြေအနေကြည့်ပြီးတော့မှ နယ်စပ်ကနေလည်း ဆောင်ရွက်ဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်ကလည်း ကျနော်တို့ သိုလှောင်ရုံစနစ်တွေ ဖွံ့ဖြိုးလာတဲ့ အနေအထားလည်း ကျနော်တို့ဘက်မှာ လိုအပ်ချက်တွေ လုပ်နေပါတယ်။ နယ်စပ်သိုလှောင်ရုံစနစ်၊ မူဆယ်မှာ သိုလှောင်ရုံစနစ်တွေ။ နောက် ဆန်စက်။ ခေတ်မီ ဆန်ကြိတ်ခွဲပြုပြင်နိုင်တဲ့ Reprocessing Plant ပေါ့နော် ဆန်ကို အရောင်တင်တာတို့၊ ပြန်ပြီးတော့ အိတ်သွပ်တာတို့၊ Reprocessing and Packaging Plant တွေ ဘာတွေ။ အခု Private Sector က ရင်းနှီးမြှုပ်နှံထားတာတွေ ရှိပါတယ်။ အဲဒါတွေလည်း ပြီးလာပြီဆိုရင် နယ်စပ်ကနေလည်း ကျနော်တို့ မူဆယ်ကုန်စည်ဒိုင်ကနေတဆင့် တရားဝင်တင်ပို့နိုင်အောင်၊ ရန်ကုန်လမ်းကြောင်းကနေလည်း တင်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်။” လွန်ခဲ့တဲ့ ၂ နှစ်ခန့်က တရုတ်နယ်စပ်မှာ မြန်မာဆန်ကုန်သည်တချို့ ငွေကြေးဆုံးပါးမှုတွေ ဖြစ်ပွားခဲ့ရသလို အစိုးရချင်း G to G စနစ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ကြရာက လုံးပန်းခဲ့ကြပြီး အခုဆို ပထမဆုံးအဖြစ် အသက်ဝင်လာတယ်ပေါ့နော်။ “ဟုတ်ပါတယ်။ အခုကတော့ ကျနော်တို့က G to G က အစိုးရချင်းက ညှိနှိုင်းရုံသက်သက်ပါပဲ။ G to G က  Planning ပါပဲ။ တကယ်ကတော့ P to P နဲ့ implementation (ပုဂ္ဂလိကနဲ့ အများပိုင်ကုမ္ပဏီတွေချင်း အရောင်းအ၀ယ်လုပ်) လုပ်တာပါ။ ဟိုဘက်ကလည်း COFCO ကလည်း အစိုးရပိုင်တယ်ဆိုပေမယ့်လည်း သူက စီးပွားရေးအဖွဲ့အစည်းပါပဲ။ သူလည်း စီးပွားရေးဆန်ဆန်ပဲ လုပ်တာပါ။ အခုလောလောဆယ်တော့ သူ့ကို အစိုးရက တန်ချိန် ၁ သိန်း Quota ပေးထားပါတယ်။ ဒီတသိန်း Quota ကို ကျနော်တို့ တင်ကြပြီးတော့မှ ရောင်းကြ၀ယ်ကြပြီးတော့မှ တဖြည်းဖြည်းနဲ့ ကျန်တဲ့ (Private) ပုဂ္ဂလိက အဖွဲ့အစည်းတွေကိုပါ ဆက်ပြီးတော့ သူ Quota ပေးမယ့်သဘောရှိပါတယ်။” အခု ဆန်တင်ပို့ခွင့်ရမှာက အများပိုင်ကုမ္ပဏီက  ၁၀ ခုလား။ “အဲဒါက ကျနော်တို့ ပထမဦးဆုံးအကြိမ် ကုမ္ပဏီစာရင်းကို အများပိုင်ကုမ္ပဏီ ၉ ခု။ အများပိုင်ရော၊ အများပိုင်မဟုတ်ပေမယ့်လည်း အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေရှိတယ်။ အဲဒီကုမ္ပဏီ ၉ ခုကို ပထမအသုတ်အနေနဲ့ တရုတ်ကို ကျနော်တို့ Nominate (အဆိုပြု) လုပ်ပါတယ်။ နောက်တခါ ဒုတိယအသုတ်အနေနဲ့ ဆယ်ခု၊ တတိယအသုတ်အနေနဲ့ ဆယ်ခုလုပ်ပါတယ်။ ဒါတွေကို ဆက်တိုက် တရုတ်ဘက်ကို ပေးပို့ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် တကယ်တင်ပို့တဲ့အချိန်မှာ ကုမ္ပဏီတွေအားလုံးပေါ့လေ။ Export လုပ်ချင်တဲ့ ကုမ္ပဏီတွေအားလုံး ရောင်းချနိုင်တဲ့ အနေအထားဖြစ်အောင် ကျနော်တို့ ပြင်ဆင်ပြီးတော့ ဆောင်ရွက်သွားတာဖြစ်ပါတယ်။” ဖြေသွားတဲ့ထဲမှာ မေးခွန်းတချို့ပါသွားတယ်။ တချို့ဆန်ကုန်သည် အလတ်စားတွေက စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုကြလို့လေ။ “မှန်တယ်၊ မှန်တယ်။ အဲဒီကတည်းက ကျနော်တို့ ရှင်းပြပါတယ် သူတို့ကို။ တချို့ကျတော့လည်း ခုနပြောသလို ဒီ Process (ဖြစ်စဉ်) ရဲ့ သဘောကို သဘောမပေါက်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တရုတ်နိုင်ငံအဖွဲ့အစည်းနဲ့ ထိတွေ့ရတဲ့အခါမှာ တရုတ်နိုင်ငံက အဖွဲ့အစည်း ၃ ဖွဲ့နဲ့ ထိတွေ့ရပါတယ်။ အရောင်းအ၀ယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ commercial ပိုင်းကို လိုင်စင်ပိုင်းကို ကိုင်တာကျတော့ Ministry of Commerce (ကုန်သွယ်ရေးဝန်ကြီးဌာန) ပေါ့နော်။ နောက်တခါ တရုတ်နိုင်ငံမှာ စပြီးတော့ တင်ပို့ဖို့အတွက် ဆောင်ရွက်ရတဲ့ အရည်အသွေးနဲ့ Inspection and Quarantine ပိုင်းကို ကိုင်တာကျတော့ AQSIQ ဆိုတာ သီခြားဝန်ကြီးဌာနပေါ့။ (စကားချပ်။      ။ AQSIQ – တရုတ်နိုင်ငံရှိ ကုန်ပစ္စည်းအရည်အသွေးပိုင်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲသည့် အဓိက အင်စတီကျူများထဲမှတခု) နောက်တခါ တရုတ်နိုင်ငံကို သွင်းဖို့အတွက်ကို Quota အတွက်ကို ပေးတဲ့ အဖွဲ့အစည်းကကျတော့ National Development and Reform Commission ပေါ့ အမျိုးသားပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေးကော်မရှင်ပေါ့။ အဲဒီတော့ ဒီဌာနကြီး ၃ ခုနဲ့ ကျနော်တို့ ထိတွေ့ရတဲ့အခါမှာ ဌာနကြီး ၃ ခုကလည်း လိုအပ်ချက်တွေက တခုနဲ့တခုနဲ့ မတူကြဘူး။ အဲဒီတော့ ကျနော်တို့က တရုတ်ဘက်ကို အဆိုပြုတဲ့အခါမှာ တရုတ်ဘက်က ဘာပြောလဲဆိုတော့ First Time, Second Time, Third Time စသဖြင့် သူက Nomination ပေးပါ။ အဲဒီ Nomination ကို သူတို့က စိစစ်ပြီးတော့မှ တဆင့်ပြီးတဆင့် သူတို့ဘက်က ခွင့်ပြုပါမယ်။ ဒါက ကျနော်တို့က တင်ပို့ရောင်းချတဲ့စနစ်ကို မရောက်သေးဘူးပေါ့နော်။ ကုမ္ပဏီတွေကိုသူက စစ်ဆေးတာ။ ဒီကုမ္ပဏီတွေက လိပ်စာတွေက ဘယ်လိုရှိလဲ၊ ၀က်ဘ်ဆိုက် ဘယ်လိုရှိလဲ၊ Profile ရော ရှိသလား၊ ကုမ္ပဏီတွေမှာ ဆန်တင်ပို့တဲ့ အတွေ့အကြုံရော ရှိသလား။ သိုလှောင်ရုံတို့ ဆန်စက်တို့ရော ရှိသလား။ ကုမ္ပဏီပိုင်မဟုတ်ရင်တောင်မှ သူတို့နဲ့ ပူးပေါင်းပြီးဆောင်ရွက်နေတဲ့ ဆန်စက်တွေ၊ သိုလှောင်ရုံတွေရှိသလား စသဖြင့် သူတို့က Regulatory နှဲ့Quality Oriented Process ကို သူတို့က လုပ်တာပါ။ အဲဒီတော့ ပထမ ကုမ္ပဏီ ၉ ခုပေါ့။ ၉ ခု လုပ်နေတဲ့အချိန်မှာပဲ နောက်ထပ်ကုမ္ပဏီ ၁၀ ခု၊ နောက်ထပ် ကုမ္ပဏီ ၁၀ ခု။ စုစုပေါင်း ခုဆိုရင် ကုမ္ပဏီပေါင်း၂၉ ခုကို တရုတ်ဘက်ကို ပေးပို့ပြီးတော့ စပြီးတော့ ဆောင်ရွက်ဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ တကယ်တမ်း တင်ပို့တဲ့အချိန်ရောက်ပြီဆိုရင် ကုမ္ပဏီ တော်တော်များများ၊ ကုမ္ပဏီ ၃၀-၄၀ လောက် တင်ပို့နိုင်တဲ့ အနေအထားဖြစ်သွားမှာပါ။ တကယ်တမ်းကတော့ တရုတ်နိုင်ငံက ကျင့်သုံးတဲ့ Quota စနစ်ကလည်း ဒီယှဉ်ပြိုင်မှုကို အသားပေးတဲ့ Competitive Process ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုကို အသားပေးတဲ့ Process နဲ့ တရုတ်နိုင်ငံက ဆောင်ရွက်တာပေါ့နော်။ အဲဒီတော့ ကျနော်တို့ဘက်ကလည်းပဲ ခုနပြောတဲ့ ဒီမှာရှိတဲ့ အသေးစားရော၊ အလယ်အလတ်ရော၊ အကြီးစားရော အားလုံးပါဝင်နိုင်တဲ့ Inclusive ဖြစ်နိုင်တဲ့ Process ဖြစ် အောင် ကျနော်တို့ကလည်း ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟာကြီးက ကျနော်တို့က နှစ်ပေါင်းများစွာ ဆောင်ရွက်ထားတာမဟုတ်ခဲ့တဲ့ ကိစ္စတခုကို ဒါ ကျနော်တို့ တော်တော်ကို ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ရတာဖြစ်ပါတယ်။ တကယ်တမ်းတော့ နယ်စပ်က အများကြီး ၀ယ်နေပေမယ့်လည်း တနိုင်ငံနဲ့တနိုင်ငံ-။ နောက်တခါ International Agricultural Product Trading Protocol (နိုင်ငံတကာ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုဆိုင်ရာ ကျင့်ဝတ်သဘောတူညီချက်) က ကျနော်တို့ ၂ နိုင်ငံကြားမှာ မရှိခဲ့ဘူး။ ဒါတောင် ၂၀၁၄ စက်တင်ဘာမှာ ကျနော်တို့ ဒီဘက်က လယ်ယာစိုက်ပျိုးရေးဝန်ကြီးနဲ့ တရုတ်ဘက်က လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ နောက်တခါ ဒီဘက်က လယ်ယာစိုက်ပျိုးရေးဝန်ကြီးနဲ့ တရုတ်ဘက်က AQSIQ ၀န်ကြီးတို့ MOU (နားလည်မှုစာချွန်လွှာ) လက်မှတ်ထိုးပြီးတော့မှ စပြီးတော့ ဖြစ်လာတာပေါ့နော်။ တကယ်တော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အတွက်ဆိုရင်တော့ အခု ဒီ ဆန် Protocol ပြီးသွားရင် နောက်ထပ် ပြောင်းတို့ ဘာတို့ အများကြီး ဆက်လုပ်ဖို့ရှိပါသေးတယ် တရုတ်နိုင်ငံနဲ့လေ။ လုပ်လည်းလုပ်ဖို့ ကျန်နေသေးတာပေါ့။” မြန်မာ့ဆန် ပြည်ပတင်ပို့မှုရဲ့ လေးပုံသုံးပုံခန့်ဟာ တရုတ်နိုင်ငံဘက်ကို သွားနေတော့ တရုတ် ၀ယ်လက်အပေါ် အလွန်အမင်း မှီခိုနေရလွန်းမနေဘူးလား။ “အဓိကက ကျနော်တို့က ဘယ်လိုလည်းဆိုတော့ နိုင်ငံတကာဈေးကွက်ကလည်း Quality Rice (အရည်အသွေးပြည့်မီတဲ့ဆန်) တွေပဲ လိုလာတဲ့အချိန်၊ ကျနော်တို့ တိုင်းပြည်မှာလည်း Quality Rice ကို သွားနိုင်တဲ့ အဆင့်ကို အခု ဖြည်းဖြည်းချင်း တက်နေတာပေါ့လေ။ အစိုးရသစ်လက်ထက်မှာမှ ကျနော်တို့က ဆန်စက်ကြီးတွေ၊ ခေတ်မီဆန်စက်တွေက ဆောက်ကြတာဆိုတော့ တချို့ဆို ဆောက်လက်စ၊ တချို့ဆို ပြီးကာနီးပဲ ရှိသေးတာပေါ့။ အဲဒီတော့ Quality Market ကို သွားဖို့အတွက် ပြင်နေတဲ့အချိန်လည်းဖြစ်နေတာရယ်၊ နောက်တခါ တရုတ်နိုင်ငံရဲ့ Demand (၀ယ်လိုအား) ကလည်း တအားကို များလာတာပေါ့နော်။ ခု ကမ္ဘာမှာ ဆန်အများဆုံးတင်သွင်းတဲ့နိုင်ငံ ဖြစ်လာတာပေါ့။ တနှစ်ကို ဆန်တန်ချိန် ၃-၄ သန်းလောက်သွင်းတယ်ဆိုတာ တော်တော်ကိုများတဲ့ တင်သွင်းမှု ဖြစ်လာတာပေါ့။ နောက်တခုက ပထ၀ီအနေအထားအရလည်း နယ်နိမိတ်က အများကြီး ထိစပ်နေတဲ့သဘောလည်းဖြစ်တာပေါ့။ ဒါကြောင့်မို့ ကျနော်တို့က နောက်တဘက်ကလည်း ကျနော်တို့အားလုံး သိထားတဲ့ တောင်တရုတ်ပင်လယ်မှာလည်း ဗီယက်နမ်နဲ့ တရုတ်နဲ့အကြား ဆက်ဆံရေး တင်းမာလာတဲ့အခါမှာ မြန်မာ့ဆန်ကို နယ်စပ်ကနေပိုပြီးတော့ ၀ယ်လာတဲ့သဘောတွေလည်း ရှိတာပေါ့။ အဲဒီတော့ ရေရှည်အတွက်ကတော့ ကျနော်တို့က တရုတ်ဈေးကွက်ကိုလည်း အားထားရမှာဖြစ်သလို ဥရောပဈေးကွက်တို့၊ အရှေ့အလယ်ပိုင်းဈေးကွက်တို့၊ အာဖရိကဈေးကွက်တို့ကိုလည်း ကျနော်တို့ ပစ်ပယ်လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့  Single Market Dependence (ဈေးကွက်တခုတည်းအပေါ် မှီခိုမှု) က ကျနော်တို့အတွက် အရမ်း Risks များ (စွန့်စားရ) တယ်ပေါ့လေ။” ဥရောပဘက်က မြန်မာကို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီးနောက် GSP (အခွန်ကင်းလွတ်ခွင့်အပါအ၀င် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး) ပြန်ပေးတယ်ဆိုတော့လေ။ “အခုလည်း သွားနေတယ်။ အခုလည်း ဒီဘက်ခေတ်မှာ Quality Rice တော်တော်များများ Europe ကို သွားလာပြီ။ ဒါပေမယ့် ကျနော်တို့ အချိန် နည်းနည်းလေး ယူရဦးမယ်။ အဲဒီတော့ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ၃ နှစ်တာ ဆက်တိုက်မှာ ဆန်တန်ချိန် တစ်သန်းခွဲလောက်ကို ၃ နှစ်ဆက်တိုက် ပို့နိုင်လာတယ်။ ဒီနှစ်ဆိုရင် ကျနော်တို့ ထူးထူးခြားခြားဘဲ တန်ချိန် ၁ ဒသမ ၈ သန်း နီးပါးလောက်ကို  ပို့နိုင်တယ်။ ဆန်ကနေပြီးတော့ အမေရိကန်ဒေါ်လာ သန်း ၇၀၀- ၈၀၀ လောက် ကျနော်တို့ ၀င်ငွေရလာပြီဆိုတော့ ဘယ်လိုမဆို ကျနော်တို့က turning Point တခုတော့ ရောက်လာပြီ။ တက်ပြီးတော့ Take Off Position ကနေ ဆက်ပြီးတော့ Establish ဖြစ်တဲ့၊ ခိုင်ခိုင်မာမာ ခြေကုပ်ယူနိုင်တဲ့ အနေအထားဖြစ်အောင် ကျနော်တို့က ဆက်ပြီးတော့ Marketing နဲ့ Promotion ဆက်လုပ်ရမယ့် သဘောရှိတာပေါ့လေ။ အဲဒီမှာ ကျနော်တို့က Market ကိုလည်း Diversify (တခုတည်းမဟုတ်ဘဲ သုံးလေးမျိုးခွဲလုပ်ခြင်း) လုပ်ရမယ်။ တရုတ်ဈေးကွက်သွားတာလည်းသွား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်ကို သွားတာသွား၊ ဂျပန်ကို သွားတာသွား၊ ဥရောပ သွားတာသွား၊ အရှေ့အလယ်ပိုင်းသွားတာသွား၊ အာဖရိကသွားတာသွား စသဖြင့် ဒါတွေကို ဆောင်ရွက်ရမယ့်သဘောရှိပါတယ်။” ရင်းနှီးမြှုပ်နှံမှုက ဆန်စပါးကဏ္ဍနဲ့ လယ်ယာထုတ်ကုန်ကဏ္ဍမှာ နည်းတယ်နော်။ ပြည်ပကသာမက ပြည်တွင်းက သူဌေးတွေလည်း မရင်းနှီးမမြှုပ်နှံကြဘူးနော်။ “ဟုတ်ပါတယ်။ နည်းပါတယ်။ လယ်ယာကဏ္ဍ တခုလုံးခြုံရင်ကို တော်တော်ကို နည်းပါတယ်။ သူကလည်း အကျိုးအမြတ် Investment Profitability သိပ်မရှိဘူး။ နောက်တခါ ခန့်မှန်းနိုင်တဲ့ မျှော်မှန်းနိုင်တဲ့ အနေအထားကလည်း မရှိဘူးပေါ့။ နောက်တခါ ပြည်တွင်းဈေးကွက်ကြီးက ကြီးနေတုန်းပဲပေါ့။ အခု ကျနော်တို့ နိုင်ငံခြား Export လုပ်တဲ့ဟာ  ဥပမာ ၁ ဒသမ ၅ သန်းဆိုတာ တနိုင်ငံလုံး ထုတ်လုပ်တဲ့ ပမာဏရဲ့ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းကြားပဲ ရှိသေးတာကိုး။ တကယ့် ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းလောက်က ပြည်တွင်းဈေးကွက်ကြီးက စားနေသေးတာကိုး။ Export လုပ်နိုင်တဲ့ဟာကလည်း ကျနော်တို့ ၁ နှစ်ကို ၁၅ ရာခိုင်နှုန်းလောက် တက်လာတာ တွေ့ရတယ်ပေါ့နော်။ ဒီဟာကိုလည်း ကျနော်တို့ ဆက်ထိန်းထားပြီးတော့ လာမယ့် ၂၀၁၉-၂၀ လောက်မှာ တန်ချိန် ၃ သန်း လောက်ပို့နိုင်အောင် ကျနော်တို့ Target ထားရမှာပါ။ အဲလိုမျိုးထားပြီးတော့မှ ၂၀၁၉-၂၀၂၀ တန်ချိန် ၃ သန်းလောက် ပို့နိုင်တဲ့အနေအထားအထိ ဖြစ်အောင် ဆိပ်ကမ်းတွေမှာ၊ ပြည်တွင်းမှာရှိတဲ့ဆိပ်ကမ်းတွေ၊ ဥပမာ- ပုသိမ်ဆိပ်ကမ်း၊ ရန်ကုန်ဆိပ်ကမ်းတို့ စစ်တွေဆိပ်ကမ်းတို့ အဲလိုဆိပ်ကမ်းတွေကနေ တင်ပို့နိုင်အောင်။ နောက်တခါ ဆိပ်ကမ်းတွေနဲ့ ဆက်စပ်ပြီးတော့ သိုလှောင်ရုံတွေ၊ သယ်ယူပို့ဆောင်မှုဆိုင်ရာ စရိတ်စကတွေလည်း လျော့ပါးသွားအောင်။ နောက်တခါ ခေတ်မီသိုလှောင်ရုံ၊ ခေတ်မီ ကုန်တင်ကုန်ချစနစ်တွေ။ မိုးတွင်းမှာ ဆန်တင်နိုင်တဲ့ အနေအထားဖြစ်အောင် Crane Terminal တွေ ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်သွားဖို့လိုပါတယ်။ အဲဒါတွေ မရှိဘဲနဲ့ ကျနော်တို့က Infrastructure ကောင်းကောင်းမရှိဘဲနဲ့ ဆန်တန်ချိန် ၂ သန်း ၃ သန်း ပို့ဖို့ဆိုတာလည်း တော်တော် ခက်တာပေါ့နော်။” အမျိုးသားဆန်စပါးမူဝါဒတရပ်ကို ရေးဆွဲထုတ်ပြန်နိုင်ခြင်းမရှိသေးတာလေ ဘယ်လို အကန့်အသတ် အခက်အခဲတွေ ကြောင့်လို့ သိထားလဲခင်ဗျ။ “အဓိကကတော့ အမျိုးသားဆန်စပါးမူဝါဒက ကျနော်တို့က တနည်းအားဖြင့် ပြောရမယ်ဆိုရင် မူဝါဒမရှိဘူးဆိုပေမယ့် ပြီးခဲ့တဲ့နှစ် ၂၀၁၄ မှာတော့ ကျနော်တို့ International Trade Center နဲ့ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ ကျနော်တို့ဆန်စပါးအသင်းချုပ်နဲ့ ပေါင်းပြီးတော့ National Export Streagey  ပေါ့နော် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲနိုင်ခဲ့ပါတယ်။ ဒါကိုလည်း ကျနော်တို့ နှစ်ဆန်းပိုင်းမှာ ပြီးခဲ့တဲ့လက  ကျနော်တို့ Launch လုပ်ထားပါတယ်။  (စကားချပ်။`    ။ အမျိုးသားပို့ကုန်မဟာဗျူဟာကို မတ်လ ၂၅ ရက်နေ့မှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ကြေညာပါတယ်။ ၅ နှစ်သက်တမ်းရှိ ဒီ မဟာဗျူဟာစီမံချက် ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာကုန်သွယ်မှုစင်တာက နည်းပညာအကူအညီပေးပြီး ဂျာမဏီနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ ဂျာမဏီ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့က ထောက်ပံ့တာဖြစ်ပါတယ်) National Export Streagey ကတော့ ကျနော်တို့မြင်တာတော့ တော်တော်ကို Comprehensive ဖြစ်ပြီးတော့ ဘာပဲပြောပြော National Rice Policy မဟုတ်တောင်မှ Export Streagey ကို အသုံးချနိုင်တယ်ပေါ့နော်။ Implementation (အကောင်အထည်ဖော်) လုပ်နိုင်မယ်ပေါ့လေ။ နောက်တခုက ကျနော်တို့ မျှော်လင့်တာကတော့ ကျနော်တို့က National Rice Streagey၊ National Rice Policy ဆိုတာထက် ကျနော်တို့က အခု တဖြည်းဖြည်းနဲ့ တိုင်းပြည်က Decentralization ကို သွားလာတဲ့အခါမှာ ကျနော်တို့က ဧရာဝတီတိုင်းရဲ့ Rice Policy၊ ပဲခူးတိုင်းရဲ့ Agricultural policy ၊ ရှမ်းပြည်နယ်ရဲ့ Policy အဲဒီလိုမျိုး ကျနော်တို့က တတ်နိုင်သမျှ ပြည်နယ်နဲ့တိုင်းကို ကိုယ်စားပြုတဲ့ policy တွေ မူဝါဒတွေ ချနိုင်မယ်ဆိုရင် ပိုပြီးတော့ အပေါ်မှာ ပြည်ထောင်စုအဆင့်မှာ ဒါတွေကို ပြန်ကြည့်ပြီးတော့မှ လုပ်တာက ပိုကောင်းမယ့်သဘောကို ကျနော်တို့ တွေ့ပါတယ်။ အဲဒီတော့ တော်တော်လည်း ဒီကောင်က Complicated (ရှုပ်ထွေး) ဖြစ်တော့ အချိန်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်တော့ ကျနော်တို့ကတော့ လာမယ့်အစိုးရကျရင်တော့ ဒါတွေကိုလုပ်ဖို့အတွက် ကျနော်တို့ Private Sector (ပုဂ္ဂလိက ကဏ္ဍ) ကတော့ တင်ပြတောင်းဆိုရမယ့်သဘော ဖြစ်လာပါတယ်။ နောက်ပြီးတော့ ကျနော်တို့တိုင်းပြည်ရဲ့အနေအထားအရ၊ ပထ၀ီအနေအထားအရ ကျနော်တို့က တော်တော်ကိုကျယ်ပြန့်တဲ့ သဘောရှိတဲ့အပြင်ကို အုပ်ချုပ်မှုပုံသဏ္ဌာန်အရလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အုပ်ချုပ်တဲ့ ပုံသဏ္ဌာန်က နောက်ပိုင်းဆို ပိုပြီးတော့ ကွဲပြားလာနိုင်တဲ့သဘောတွေ ရှိနိုင်တယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့က ဒီလိုအနေအထားမျိုးမှာ National Level ဆိုတာထက်ကို Regional and State level မှာ Agricultural policy တွေကို ခိုင်ခိုင်မာမာ ကိုင်ထားဖို့ လိုလာတာပေါ့နော်။ “ မြန်မာနိုင်ငံက ဆန်တင်ပို့မှုအပါအ၀င် လယ်ယာထွက်ကုန်တင်ပို့မှုာပေါ်အားထားနေရတော့ နိုင်ငံတကာမှာ ရေနံဈေးတွေကျနေသလို လယ်ယာထွက်ကုန်ဈေးတွေ ကျရိပ်သန်းနေတော့ မြန်မာပြည်အတွက် တခြားအရန်လုပ်ငန်းတွေ ဘာတွေ ပြင်ဆင်ထားဖို့ သင့်တယ်ထင်လဲ။ “ကျနော်မြင်တာကတော့ Agricultural Commodities နဲ့ Food ဈေးကွက်ကတော့ ဘယ်လိုမဆို ကျလည်း လတ်တလောအနေအထားတခုမှာ ခနပဲ၊ အဲဒီတော့ တခုခုကျသွားပြီးရင် ပြန်ပြီးတော့ ထူထောင်နိုင်တဲ့ ကိုယ်ခံအား ရှိဖို့တော့လိုတာပေါ့နော်။ နောက်တခုက အရေးကြီးဆုံးက ကျနော်တို့ တိုင်းပြည်က ပို့ကုန်ကို အခြေခံပြီးတော့မှ ပို့ကုန်က ရတဲ့ဝင်ငွေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမယ့်နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့က ပို့ကုန်မဟာဗျူဟာနဲ့ ပို့ကုန်ဝင်ငွေတွေ တိုးလာဖို့လိုတာပေါ့။ အခုဆို ကျနော်တို့က ကုန်သွယ်မှုမှာ လိုငွေက ပြနေတယ်ပေါ့နော်။ သွင်းကုန်ကလည်း များတယ်။ ဒါကလည်း ကာလတိုမှာ လက်ခံလို့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက စီးဝင်လာတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုတွေက စက်ရုံအလုပ်ရုံတွေ ဆောက်တဲ့အခါမှာ နိုင်ငံခြားကနေ။ ကျနော်တို့ ဆန်စပါးကဏ္ဍမှာကိုပဲ  ဆန်စက်တွေ နိုင်ငံခြားကနေ သွင်းနေရတာကိုး။ အဲဒီတော့ သွင်းကုန်က များတာပေါ့လေ။ ဒါပေမယ့် နောင်လာမယ့် ၅ နှစ်မှာတော့ ကျနော်တို့က သွင်းကုန်နဲ့ပတ်သက်တဲ့ မူဝါဒကို သေသေချာချာပြန်စဉ်းစားရမယ့်သဘောဖြစ်လာပြီ။ ပို့ကုန်ကို တိုးမြှင့်ဖို့အတွက်ကိုလည်း၊ ဆန်ဆိုရင် ခုလက်ရှိ ဒေါ်လာ သန်း ၆၀၀- ၇၀၀ လောက် ၀င်ငွေရတာကနေ ဒေါ်လာသန်း ၁ ထောင်လောက် ၀င်ငွေရအောင်၊ နောင် ၂၀၁၉-၂၀၂၀ မှာ ဆန်တန်ချိန် ၃ သန်းလောက်တင်ပို့ပြီးတော့ ဒေါ်လယာ ၁ ဒသမ ၅ ဘီလီယံ လောက်ပေါ့နော်။ သန်း ၁၅၀၀ လောက် ၀င်ငွေရအောင်၊ ပဲကနေပြီးတော့လည်း ဒေါ်လာ ၁ ဘီလီယံ (သန်း ၁ ထောင်) လောက် ၀င်ငွေရအောင် စသဖြင့် ပို့ကုန်ကနေပြီးတော့ ၀င်ငွေ ရလာဖို့အတွက် ပို့ကုန်တိုးမြှင့်ရေးအစီအမံတွေကို စနစ်တကျ ချရမှာပေါ့လေ။ အဲဒီတော့ ပို့ကုန်တိုးမြှင့်ရေးဆိုတဲ့နေရာမှာ ကျနော်တို့ထုတ်ကုန်တွေက Quality (အရည်အသွေး) ကောင်းဖို့လိုတာပေါ့။ Quality ကောင်းဖို့လိုတယ်။ နောက်တခါ  ခေတ်မီထုတ်ပိုးမှုစနစ်နဲ့ ထုတ်ပြီးတော့ နိုင်ငံတကာဈေးကွက်မှာတင်ရောင်းဖို့၊ နိုင်ငံတကာမှာလည်း ကျနော်တို့က Marketing တို့ ဘာတို့လည်းလုပ်ဖို့လည်း လိုတာပေါ့လေ။” မြန်မာ့ဆန်ကို တရုတ်နိုင်ငံကို တရားဝင်လမ်းကြောင်းကနေ မကြာမြင့်မီကာလမှာ တရားဝင်အဖြစ် ပို့ဆောင်တော့မယ့်အခြေအနေကနေ လယ်သမား၊ တင်ပို့မယ့်ကုမ္ပဏီတွေ၊ နိုင်ငံတော်အစိုးရနဲ့ ဆန်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးအသင်းချုပ်။ ဆန်စက်လုပ်ငန်းရှင်များအသင်း စတဲ့ စတဲ့ ကဏ္ဍအသီးသီးက ဒီဆန်တင်ပို့မှုကို အောင်မြင်အောင်၊ ချဲ့ထွင်နိုင်အောင် ဦးတည်ပြီး မှတ်ချက်ပြုပြောပြပေးပါ။ “အဓိကတော့ ဘာပဲပြောပြော ၂၀၁၄ စက်တင်ဘာမှာ မြန်မာနိုင်ငံဘက်က လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံဘက်က AQSIQ ၀န်ကြီးဌာန၊ နောက်တခါ တရုတ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနတို့အကြားမှာ MOU (နားလည်မှုစာချွန်လွှာတွေ) လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ မြန်မာနိုင်ငံ ဆန်စပါးကန်ဒအတွက် အလှည့်အပြောင်းပါ။ ဒီ Turning Powint ရဲ့နောက်မှာ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ အသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေကအစပေါ့လေ တရုတ်နိုင်ငံက ဘာပဲပြောပြော နယ်စပ်မှာ တရားမ၀င် (တရားမ၀င်ဆိုတဲ့နေရာမှာ လက်ရှိ ကျနော်တို့တင်ပို့နေတာ ကျနော်တို့ဘက်ကတော့ အသိအမှတ်ပြုပေမယ့် တရုတ်ဘက်က တရားမ၀င် အသိအမှတ်မပြုဘူးပေါ့နော်) ပေါ့နော်။ လက်ရှိ တင်ပို့နေတဲ့စနစ်က ရေရှည်သွားဖို့ဆိုတာ တော်တော်ခက်တာပေါ့။ အဲဒီတော့ ရေရှည်အတွက်ကို Sustainable ဖြစ်တဲ့ တရားဝင် တင်ပို့နိုင်တဲ့လမ်းကြောင်းတော့ တည်ဆောက်ထားဖို့သင့်တယ်ဆိုတဲ့ အယူအဆပေါ်မှာ ကျနော်တို့က ၀ိုင်းပြီးတော့ အားလုံးကြိုးစားပြီးတော့ ဆောင်ရွက်လိုက်တဲ့အတွက် တရားဝင်တင်ပို့နိုင်တဲ့ အနေအထားတခု ဖြစ်လာပြီ။ နောက်တခုကတော့ တရားဝင် တင်ပို့နိုင်တဲ့အနေအထားတခုဖြစ်လာပြီဆိုရင် ကျနော်တို့ဘက်က အရေးကြီးတဲ့ အရည်အသွေးပိုင်းဆိုင်ရာကိစ္စတွေ၊ စည်းစည်းလုံးလုံး [caption id="attachment_89934" align="aligncenter" width="690"]ဓာတ်ပုံ - ဒီဗွီဘီ ဓာတ်ပုံ - ဒီဗွီဘီ[/caption] ညီညီညွတ်ညွတ်နဲ့ ရောင်းရေးဝယ်တာကိစ္စတွေမှာ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ဖို့တွေလည်း လိုလာပြီပေါ့နော်။ တတ်နိုင်သမျှ ဈေးနှိမ်မခံရအောင်၊ ဈေးကောင်းရအောင်၊ အရည်အသွေးကောင်းအောင် ဒါတွေကျရင် ညှိနှိုင်းဆောင်ရွက်ဖို့  လိုလာတဲ့သဘောတွေ ရှိလာပါတယ်။ အဲဒီတော့ ကျနော်တို့ ဆန်ကုန်သည်တွေ၊ ဆန်စပါးအထူးပြုကုမ္ပဏီတွေ၊ ဆန် Export လုပ်တဲ့ ကုမ္ပဏီတွေ အားလုံးသတိထားပြီးတော့ အရည်အသွေးပိုင်းနဲ့ပတ်သက်တဲ့ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမယ့်ကိစ္စတွေအတွက် ကိုယ် ပြင်ဆင်ထားဖို့လိုသလို တဖက်ကလည်း နိုင်ငံတကာ ရောင်းရေးဝယ်တာကိစ္စတွေမှာ နိုင်ငံတကာနဲ့ Inline ဖြစ်အောင် ရောင်းနိုင်တဲ့ အနေအထားဖြစ်အောင်လည်း ကျနော်တို့ ပြင်ဆင်ဖို့ လိုတယ်ပေါ့နော်။ ဒီလိုလုပ်နေရင်းနဲ့ပဲ ကျနော်တို့က တရုတ်ဈေးကွက်ကို အခြေခံပြီးလုပ်နေရင်းနဲ့ပဲ ကမ္ဘာပေါ်မှာ အခြားဈေးကွက်တွေဖြစ်တဲ့ ဥရောပဈေးကွက်တို့၊ ဂျပန်ဈေးကွက်တို့၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်ဈေးကွက်တို့ စတဲ့ဈေးကွက်တွေကိုပါ ကျနော်တို့ ရောင်းနိုင်ဖို့အတွက်ကို International Rice Marketing ကို စနစ်တကျ ပြင်ဆင်ပြီးလုပ်သွားမယ်ဆိုရင် ဒါဟာ ရေရှည်အတွက် အာမခံချက်ရှိပြီးတော့ ကောင်းမွန်တဲ့ ဆန်စပါးဈေးကွက်တခုကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဆန်စပါးဈေးကွက်တခု ဖြစ်တော့မှပဲ ကျနော်တို့ ဆန်စပါးဈေးကွက်နဲ့ ဆန်စပါး Supply Change, Value Change မှာရှိတဲ့ စက်ပိုင်တွေ၊ တောင်သူတွေအထိ အကျိုးအမြတ်တွေ ပြန်ပြီးတော့ ရရှိပြီးတော့မှ ဈေးနှုန်းတွေလည်း တည်ငြိမ်မယ်၊ တောင်သူတွေ ၀င်တွေလည်းကောင်းမယ်။ ဆန်စက်ပိုင်ရှင်တွေရော၊ ကျေးလက်တွေမှာနေတဲ့ ဆန်စပါးလုပ်ငန်းကို မှီခိုနေတဲ့သူတွေရဲ့ ၀င်ငွေတွေပါ ကောင်းမွန်လာမယ့်သဘောဖြစ်တဲ့အတွက် ကျနော်တို့ တရုတ်နိုင်ငံဈေးကွက် အလှည့်အပြောင်းကနေစပြီး နိုင်ငံတကာ ဈေးကွက်ကိုပါ ပိုပြီးတော့ ထိုးဖောက် ရောင်းချနိုင်အောင် ကျနော်တို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024