ကမ္ဘောဒီယား ခမာနီခေတ်ဆိုး အောက်မေ့ဘွယ် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်

1.5K
ကမ္ဘောဒီးယား အတိုက်အခံပါတီခေါင်းဆောင် ဆမ်းရိန်စီနဲ့ ပါတီဝင်တွေ၊ ဘုန်းတော်ကြီးတွေဟာ ခမာနီ ခေတ်ဆိုးကို ပြန်လည် အောက်မေ့တဲ့ ၀တ်ပြုဆုတောင်းပွဲတခုကို ပြုလုပ်ပါတယ်။
ကမ္ဘောဒီးယား သမိုင်းမှာ အမှောင်မိုက်ဆုံးဖြစ်ခဲ့တဲ့ ခမာနီခေတ်နိဒါန်းဟာ ဒီနှစ်ဆိုရင် နှစ်ပေါင်း ၄၀ နှစ်ပတ်လည်ဖြစ်ပြီး အတိုက်အခံ စီအန်အာပီ ပါတီက အောက်မေ့ဖွယ် အခမ်းအနားတွေကို နှစ်စဉ်ပြုလုပ်လာတာဖြစ်ပါတယ်။
မြို့တော် ဖနွမ်းပင်ရဲ့ တောင်ပိုင်းက Killing Fields လို့ သိကြတဲ့ လူသတ်ကွင်းမှာ ပြုလုပ်တာဖြစ်ပြီး တရားမျှတမှုအတွက် ဆက်လက်တောင်းဆိုတဲ့ အနေနဲ့ အခုလို အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ရတာလို့ ဆမ်းရိန်စီက ပြောပါတယ်။
ခမာနီခေတ် ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်အတွင်း အသတ်ခံရသူ စာရင်း အတိအကျ မသိပေမယ့် ၂ သန်းလောက်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားမှာ ကျန်ရစ်သူ မိသားစုတွေနဲ့ အတိုက်အခံ ပါတီဝင်တွေက ၀မ်းနည်ကြေကွဲ အံ့သြတုန်လှုပ်ရတဲ့အကြောင်း ပြောကြပါတယ်။
ပိုပေါ့ အစိုးရ လက်ထက်မှာ အသတ်ခံရတဲ့လူတွေရဲ့ ဦးခေါင်းခွံတွေကို တွေ့ရတဲ့အခါ အလွန် သနားမိတယ်လို့ အတိုက်အခံ ပါတီဝင်တဦးက ဆိုပါတယ်။
ခမာနီခေတ်မှာ ပိုပေါ့ အစိုးရလက်ချက်ကြောင့် အသက်ဆုံးခဲ့ရသူတွေ ကောင်းရာမွန်ရာ ရောက်စေဖို့ ဆုတောင်းချင်လို့ ဒီနေ့အခမ်းအနားကို လာတာပါလို့ အသက် ၅၃ နှစ်အတွက် စန်းဒပ် ကလည်း ပြောပါတယ်။
၁၉၇၅ ခုနှစ်က အခုလို ဧပြီလမှာပဲ လွန်နို အစိုးရနဲ့ ပိုပေါ့ ခေါင်းဆောင်တဲ့ လယ်သမား တော်လှန်ရေးတပ်တို့ အကြီးအကျယ် တိုက်ပွဲဖြစ်ပြီး အစိုးရဘက်က လက်နက်ချလိုက်ရပါတယ်။
ပိုပေါ့တပ်က ဖနွမ်းပင်မြို့တော်ကို သိမ်းပြီးနောက် ၅ နှစ်ကြာတဲ့ ကမ္ဘောဒီယားရဲ့ အမှောင်ခေတ် စတင်ခဲ့တာဖြစ်ပါတယ်။