ဆယ်ကျော်သက်အရွယ် ၅ ဦးကို အကြမ်းဖက်မှု သံသယဖြင့် သြစတြေးလျရဲ ဖမ်းဆီး

သြစတြေးလျ ရဲတပ်ဖွဲ့က ဆယ်ကျော်သက်အရွယ် ၅ ဦးကို အကြမ်းဖက်မှုတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့ သံသယနဲ့ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့  မဲလဘုန်းမြို့မှာ မနက်အစောပိုင်းက ဖမ်းဆီးလိုက်တာဖြစ်ပြီး ရှာဖွေမှုတွေကို ဆက်လုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ရဲအရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြံစည်တဲ့ အကြမ်းဖက်မှုအတွက် အသက် ၁၈ နှစ်အရွယ် ၂ ဦးကို စွပ်စွဲ ဖမ်းဆီးလိုက်ပြီး အသက် ၁၈ နှစ်အရွယ် နောက် ၁ ဦးကိုတော့ လက်နက်မှုနဲ့ ဖမ်းဆီးလိုက်တာလို့ ဗစ်တိုးရီးယား ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ နောက်ထပ် အသက် ၁၈ နှစ်အရွယ် ၂ ဦးနဲ့ ၁၉ နှစ်အရွယ် ၁ ဦးကိုလည်း ရဲအချုပ်မှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးမှုမှာ ရဲအင်အား ၂၀၀ လောက်ကို အသုံးပြုခဲ့ရတယ်လို့ သြစတြေးလျ မီဒီယာတွေမှာ ဖော်ပြပါတယ်။ သြစတြေးလျ အသံလွှင့်ဌာနရဲ့ သတင်းအရ အဖမ်းခံရသူတွေထဲက တချို့ဟာ မဲလဘုန်းမှာ ရှိတဲ့ အစ္စလာမ်လေ့လာရေး ဌာနမှာ သင်တန်း တက်ခဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သြစတြေူလျနိုင်ငံဟာ အီရတ်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွက် အစိုးရစစ်တပ်တွေကို သင်တန်းပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ သြစတြေးလျ အစိုးရက သူ့နိုင်ငံသားတွေကို ဘယ်ဘက်ကမှ စစ်ဝင်မတိုက်ဖို့ တားဆီးနေပေမယ့် စစ်ဖြစ်နေတဲ့ နှစ်ဖက်စလုံးက သြစတြေးလျ နိုင်ငံသားတွေကို စုဆောင်းနေပြီး တချို့လည်း စစ်မြေပြင်မှာ ကျဆုံးသွားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up