ဘောလုံးကျွမ်းကျင်သူများ၏ ချဲလ်ဆီး-မန်ယူ ပွဲကြို ခန့်မှန်းချက်

ဧပြီ ၁၈ ရက်မှာတော့ ပရီးမီးယားလိဂ်က အသင်းကြီး ၂ သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ယူတို့ စတန်းဖိုဒ့်ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ ဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ချဲလ်ဆီးအတွက် ဒီပွဲကို အနည်းဆုံး သရေမဟုတ်ရင် အနိုင်ကစားဖို့ လိုအပ်သလို ဒီနှစ် ပရီးမီးယားလိဂ် ဇယား နံပါတ် ၂ မဟုတ်ရင် ၃ နေရာနဲ့ ရာသီကို အဆုံးသတ်ချင်နေတဲ့ မန်ယူအတွက်ကလည်း ဒီပွဲကို အနိုင်နဲ့ သရေ ကစားဖို့ လိုအပ်နေပါတယ်။ ဒီအတွက် ဒီပွဲဟာ ကြည့်ကောင်းပြီး အကြိတ်အနယ်ရှိတဲ့ပွဲဖြစ်လာမယ်လို့ ဘောလုံး ပရိသတ်တွေက မျှော်လင့်နေပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ ချဲလ်ဆီးက ၃၁ ပွဲကစားပြီး ၇၃ မှတ်နဲ့ ဦးဆောင်နေသလို မန်ယူကတော့ ၃၂ ပွဲကစားပြီး ၆၅ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဘာစီလိုနာအသင်းမှာ မန်ယူနည်းပြဗန်ဂေါနဲ့ ချဲလ်ဆီးနည်းပြမော်ရင်ဟိုတို့ အတူအလုပ်လုပ်ခဲ့ဖူးအတွက် တယောက်အကြောင်း တယောက်ကို သိရှိထားသူတွေလည်း ဖြစ်ပါတယ်။ ဒီနေ့ကစားမယ့်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းက တိုက်စစ်မှူး ဒီယေဂို ကော်စတာကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ကျူပီအာနဲ့ပွဲမှာ ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ရမ်မီကတော့ ပါဝင်ဖို့ မျှော်လင့်နေပါတယ်။ မန်ယူအသင်းမှာတော့ ဗန်ပါစီ ဒဏ်ရာရထားသလို မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဖီးလစ်ဂျုံး၊ ဘလိုင်း၊ ရိုဂျိုနဲ့ ကာရစ်တို့ကလည်း ကစားနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပါဝင်ကစားတဲ့ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၁၂ ပွဲနိုင်ပြီး တပွဲပဲ ရှုံးထားတဲ့အတွက်  ကာရစ်ကို ဆုံးရှုံးလိုက်တာက အထိနာတယ်လို့ ဆိုပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ ဘရက်ဖိုဒ့် တသင်းကိုပဲ အိမ်ကွင်းမှာ ရှုံးခဲ့ဖူးတဲ့ ချဲလ်ဆီး အတွက် အိမ်ကွင်း ရလဒ်ကတော့ ကောင်းတယ်လို့ ပြောလို့ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့ မန်ယူဆုံတွေ့ခဲ့တဲ့ သမိုင်းကြောင်း မှတ်တမ်းတွေ အရ ချဲလ်ဆီးက ၁၅ ပွဲနိုင် ၁၃ ပွဲရှုံး ၁၇ ပွဲ သရေကျထားပါတယ်။ အားကစားဆောင်းပါးတွေကို တစိုက်မတ်မတ်ရေးသားနေတဲ့ မြန်မာ့ အားကစား ကလောင်ရှင် ကိုဟိန်းသန့်ကတော့ ပထမအကျော့က သရေကျကစားခဲ့သလို နည်းပြ ဆရာ တပည့် ၂ ယောက်ပြန်ဆုံတဲ့ ချဲလ်ဆီးနဲ့ မန်ယူပွဲဟာ ပွဲကြီးပွဲကောင်းတခု ဖြစ်မယ်လို့ မှန်းပါတယ်။ “လက်ရှိ အခြေအနေ အနေအထားအရဆိုရင် ချဲလ်ဆီးက မန်ယူထက်စာရင် ဖိအားတွေ ပိုဝင်နေတဲ့ပုံရှိတယ်၊ ချဲလ်ဆီးက နိုင်ပွဲတွေ ရနေပေမယ့် ကစားပုံက အကောင်းကြီး မဟုတ်ဘူး၊ မန်ယူကတော့ နိုင်ပွဲတွေ ရနေတဲ့ အတွက် စိတ်ဓာတ်ပိုင်းမှာ ပိုပြီး အားကောင်းနေတာတွေ့ရတယ်၊ ဒါပေမယ့် ကစားရမယ့် ကွင်းက ချဲလ်ဆီးကွင်း ဖြစ်နေတယ်။ ချဲလ်ဆီးကလည်း အမှတ်ဖြတ်ထားနိုင်တဲ့ အတွက် မန်ယူနဲ့ ကစားတဲ့ အချိန်မှာ သရေလောက် ကစားနိုင်ရင်တောင် သူအတွက် အခြေအနေက ကောင်းနိုင်ဖို့ အခွင့်အရေး ရှိနေတဲ့ အတွက် ဒီပွဲဟာ ကျနော့်စိတ်ထင်တော့ သရေရလာဒ်နဲ့ပဲ ထပ်ပြီး ပြီးသွားဦးမယ်ထင်တယ်” လို့ ပြောပါတယ်။ အရင်သီတင်းပတ်က ပရီးမီးယားလိဂ် ၁၀ ပွဲကို ခန့်မှန်းရာမှာ ၅ ပွဲမှန်ပြီး ၃ ပွဲကို ဂိုးအရေအတွက် အတိအကျမှန်းနိုင်ခဲ့တဲ့ ဘောလုံး ကျွမ်းကျင်သူ လော်ရိုကတော့ သရေကျမယ်လို့ မှန်းပါတယ်။ မော်ရင်ဟိုက သရေတမှတ်ယူဖို့အတွက် လူစာရင်းထုတ်လာမှာ ဖြစ်သလို ဗန်ဂေါကလည်း စတန်းဖိုဒ့်ဘရစ်ခ်ျမှာ သရေတမှတ်ရအောင် ယူသွားနိုင်ဖွယ်ရှိတဲ့ အတွက် သရေလို့ သူက ခန့်မှန်းတယ်လို့ ဆိုပါတယ်။ ဒါအပြင်မန်ယူရဲ့ကစားပုံက အထိုင်ကျလာပြီလို့သူက ထောက်ပြပါတယ်။ ဗြိတိန် သည်မေးလ်ရာက ဒေးဗစ်အင်ဒါဆန်ကလည်း ပြန်လည်နိုးထလာတဲ့ မန်ယူရဲ့ ခြေစွမ်းကြောင့် ဒီပွဲဟာ သရေနဲ့ အဆုံးသတ်သွားနိုင်တယ်လို့ ခန့်မှန်းပါတယ်။ စကိုင်းစပေါ့က ပေါလ်မာဆင်ကလည်း ချဲလ်ဆီးက မရှုံးရေးကို ပိုပြီးအာရုံစိုက်မှာ ဖြစ်သလို မန်ယူကလည်း သူတို့ရဲ့ ခြေရည်ခြေသွေးဟာ ဘန်ဂေါလက်အောက်မှာ ဘယ်လောက်ထိ တက်လာသလဲဆိုတာကို စမ်းသပ်မှာ ဖြစ်တဲ့အတွက် ဒီပွဲဟာ သရေနဲ့အဆုံးသတ်မယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up