ခရစ်ယာန်ဘာသာဝင်များကို ရေထဲပစ်ချမှုဖြင့် အာဖရိက ၁၅ ဦးကို ဖမ်းဆီး

အီတလီရဲတွေက မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ စီးလာတဲ့ လှေပေါ်ကနေ ခရစ်ယာန် ဘာသာဝင် တဒါဇင်လောက်ကို ရေထဲ ပစ်ချတယ်လို့ သံသယရှိတဲ့ အာဖရိကနိုင်ငံသား အမျိုးသား ၁၅ ဦးကို ဧပြီ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ စစ္စလီကျွန်းရဲ့ မြို့တော် ပါလာမိုရဲတွေက အိုင်ဗရီကို့စ်၊ မာလီနဲ့ ဆီနီဂေါက အမျိုးသားတွေကို ဖမ်းထားတယ်လို့ ပြောပါတယ်။ နိုင်ဂျီးရီးယားနဲ့ ဂါနာကလာတဲ့ လူ ၁၂ ယောက်ကို သူတို့က လှေပေါ်ကနေ ပစ်ချ သတ်ဖြတ်ခဲ့ပြီး တခြား ခရစ်ယာန်တွေကိုလည်း ခြိမ်းခြောက်ခဲ့တယ်လို့ ရှင်သန်ကျန်ရစ်သူတွေရဲ့ ပြောကြားချက်အရ ခုလို ဖမ်းခဲ့တာလို့ ဆိုပါတယ်။ ဘာသာရေးမုန်းတီးမှုကို အခြေခံတဲ့ လူသတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်မှု စွဲချက်နဲ့  ဖမ်းခဲ့တာလို့ ရဲတွေက ပြောပါတယ်။ အာဖရိက က စစ်ပွဲတွေနဲ့ ချို့တဲ့ဆင်းရဲမှုတွေကနေ ထွက်ပြေးလာတဲ့ လူအများအပြားဟာ ဥရောပမှာ ပိုကောင်းတဲ့ ဘဝကို ရရေး မျှော်လင့်ချက်နဲ့ လှေစီးပြီး မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားခဲ့ကြတာပါ။ ဒီနှစ်ထဲမှာတင် ရွှေ့ပြောင်းနေထိုင်သူ အယောက် ၂ သောင်းလောက် အီတလီကမ်းရိုးတန်းကို ရောက်ခဲ့တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up