Home
မြန်မာသတင်း
လားရှိုး-မူဆယ်လမ်းပေါ် ဆွဲမိုင်းပေါက်ကွဲ၊ ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
April 17, 2015
ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်က သိန္နီမြို့နယ် မိုင်းလီကျေးရွာအနီးမှာ ဧပြီ ၁၅ ရက်က ဆွဲမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားပါတယ်။ လက်နက်ကိုင်အဖွဲ့တခုက အစိုးရစစ်ယာဉ်တန်းကို ထောင်ထားတဲ့ ဆွဲမိုင်းပေါက်ကွဲတာဖြစ်ပြီး အဲဒီလမ်းပေါ်က ခရီးသွားပြည်သူတွေကို ထိခိုက်ခဲ့တာလို့ သိန္နီမြို့နယ်ရဲစခန်းက တာဝန်ကျ ရဲတပ်ကြပ်မင်းလွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “သင်္ကြန်အကျနေ့ မနက် ၈ နာရီ ၁၅ မိနစ်မှာ လောက်ကိုင်ဘက်ကိုသွားမယ့် အစိုးရယာဉ်တန်း ဆွဲမိုင်းနဲ့ အတိုက်ခံရပါတယ်။ မိုင်းလီရွာနဲ့ ပန်ခမ်းရွာကြား နတ်စင်နားမှာ၊  ၄ လုံးထောင်တယ်၊ ၃ လုံးပေါက်ပြီး မပေါက်တဲ့ ၁ လုံးကို သိမ်းဆည်းရမိပါတယ်။ သောင်းကျန်းသူတွေ သုံးလေ့သုံးထရှိတဲ့ ဘောသီးနဲ့ ခဲသီးတွေပါတဲ့ ချိန်ကိုက်ဗုံး အမျိုးအစားပါ။ အဲဒီနေ့က တပ်မတော်ယာဉ်တန်း အစီး ၂၀ လောက်တက်သွားပါတယ်။ လားရှိုးထောက်ပို့တပ်က၊ သူတို့ယာဉ်တန်းကျော်သွားတာနဲ့ ဗုံးပေါက်တာခင်ဗျ။ အဲဒါ နောက်ကနေ မောင်းလာတဲ့ ကား ၁ စီး နဲ့ မော်တော်ဆိုင်ကယ် ၂ စီးကို ထိသွားတာ။” ဗုံးပေါက်ကွဲမှုမှာ ခရီးသည် အမျိုးသား ၁ ဦး အခင်းဖြစ်နေရာမှာတင် သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသူဟာ ဆိုင်ကယ်မောင်းသူ ပန်ဖတ်ရွာသား ဦးလုန်းဆု ဆိုသူဖြစ်ပြီး နားအနီးတ၀ိုက် ညိုမည်းတဲ့ ဒဏ်ရာတွေရတဲ့အတွက် နားစည်ကွဲပြီး သေဆုံးတာဖြစ်နိုင်တယ်လို့  ရဲစခန်းက သုံးသပ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာတော့ လုန်းဆုရဲ့ ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ သူ့ဇနီး  ဒေါ်ပါ့ဆိုင်၊ လားရှိုးကနေ သိန္နီဘက် အမျိုးတွေရှိရာသွားဖို့ ကိုယ်ပိုင်ကားမောင်းလာသူ ဦးမြင့်နိုင်နဲ့ သူ့သမီး မခွန်နန်း၊ သိန္နီကနေ လားရှိုးဘက်ကို ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ နေလင်းအောင်ဆိုသူ ပလောင် လူငယ် ၁ ဦး  စုစုပေါင်း ၄ ဦးလို့ ဆိုပါတယ်။ သူတို့ ၄ ဦးဟာ လက်မောင်း၊ လည်ပင်း၊ လက်ခုံ၊ ဒူးစတဲ့နေရာမှာ ထိမှန်ဒဏ်ရာရပြီး ဦးမြင့်နိုင်တို့ သားအဖကတော့ မန္တလေးဆေးရုံမှာ သွားရောက်ကုသနေတယ်လို့ တာဝန်ကျ ရဲတပ်ကြပ်က ဆက်ပြောပါတယ်။ ဗုံးပေါက်မှုကို သိန္နီရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့်ထားကာ တရားခံအဖြစ် ၀မ်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်ကို အဓိက သံသယရှိတယ်လို့ ရဲတပ်ကြပ်မင်းလွင်ဦးက ဆက်ပြောပါတယ်။ “သေကျေ ဒဏ်ရာရကြတဲ့အတွက် ကျနော်တို့ ရဲစခန်းမှာ ပုဒ်မ ၃၀၂ ၊ ၃၀၇ ၊ ၂၈၆ လူသတ်မှု၊ သေစေမှုတွေနဲ့ အမှုဖွင့်ထား ပါတယ်ခင်ဗျ။ အဲဒီနေရာတ၀ိုက်မှာ ခွဲထွက်လက်နက်ကိုင်အဖွဲ့တွေရှိတယ်။ ကျနော်တို့ကတော့ ၀မ်ဟိုင်းအဖွဲ့ကပဲလို့ ထင်တယ်။ သူတို့က အဲဒီဘက်မှာ လှုပ်ရှားတယ်လေ။” ဒီကိစ္စနဲ့ ပတ်သက်ပြီး ၀မ်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ စ၀်ခွန်ဆိုင်က သက်သေမရှိတဲ့ စွပ်စွဲချက်လို့ ပြောပါတယ်။ “ဒီဟာက သက်သေမရှိဘဲ တမင်သက်သက်စွပ်စွဲတာ ဖြစ်ပါတယ်။ သိန္နီမြို့နယ်ထဲမှာ ကျနော်တို့တပ်ဖွဲ့ လှုပ်ရှားပေမယ့် အဲဒီဘက်ကို မသွားဘူး။ ဒီလုပ်ရပ်တွေကိုလည်း အားမပေးဘူး၊ တပ်ထဲမှာလည်း တားမြစ်တယ်။ ကျနော်တို့ လက်နက်ကိုင်တာ ပြည်သူကို အကြမ်းဖက်ဖို့မဟုတ်ဘူး၊ ငြိမ်းချမ်းရေးလိုချင်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဖြစ်တယ်။ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ထိုးဖို့ ကြိုစားနေတဲ့အချိန်မှာ ပစ်ခတ်မှုတွေ မလုပ်ဖို့ လက်အောက်ခံတပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်။ အစိုးရနဲ့ရော ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့စဉ်မှာလည်း ပြောထားတယ်။ ပြဿ နာကို လက်နက်နဲ့ မဖြေရှင်းဘဲ စားပွဲပေါ်မှာပဲ ဖြေရှင်းမယ်လို့။ အဲဒီဘက်မှာ တခြားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်သူ့ကိုမှ မစွပ်စွဲဘူး။ သက်သေမရှိဘဲ စွပ်စွဲလို့မကောင်းဘူး။” လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ သိန္နီမြို့နယ်ထဲမှာ ၂၀၁၅ ခုနှစ်အတွင်း တပ်မတော်ယာဉ်တန်းတွေ ဆွဲမိုင်းနဲ့ ချုံခိုတိုက်ခိုက်ခံရတာ ၆ ကြိမ်ရှိသွားပြီဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ သေကျေဒဏ်ရာရခဲ့တယ်လို့ သိန္နီမြို့နယ်ရဲစခန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024