Home
ဆောင်းပါး
သင်္ကြန်ဖန်သားပြင်
ရွှေအောင်
·
April 17, 2015
သင်္ကြန်တွင်း စာဖတ်၊ စာဖတ်နားတဲ့အချိန် တီဗွီကြည့်နဲ့ မျက်စိကို အတော် အလုပ်ပေးလိုက်မိပြီး စကိုင်းနက်တီဗီရုပ်သံကနေ မြန်မာပြည်သင်္ကြန်ကို ကြည့်မြင်ခံစား အလွမ်းဖြေခဲ့မိပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ အနယ်နယ်အရပ်ရပ်က သင်္ကြန်ပွဲတော် နွှဲပျော်နေကြပုံတွေ တ၀ကြီး ကြည့်ခဲ့ရပြီး ပြောစရာလေးတွေလည်း အတော် တွေ့လိုက်ပါတယ်။ သြချရလောက်အောင် ပျော်ပါးကခုန်ခဲ့ကြတဲ့ ပရိသတ်ကတော့ ဖျော်ဖြေရေးမဏ္ဍပ်တွေရှေ့က ပရိသတ်တွေ ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့က မဏ္ဍပ်တိုင်းရဲ့ရှေ့မှာ ထောင်နဲ့ ချီပြီး မမောမပန်း ကခုန်နေကြတာ ဖြစ်ပါတယ်။ မြန်မာသံဆိုလည်းက၊ ဘိုသံဆိုလည်းက၊ လူရွှင်တော်တွေ ပျက်လုံးထုတ်လည်း ကနဲ့ အတော်ကခုန်နိုင်တဲ့ ပရိသတ်ကြီး ဖြစ်ပါတယ်။ ဒီလို ကခုန်ပြီး ပျော်ပျော်ပါးပါး အားပေးအောင် ဖျော်ဖြေရေးမဏ္ဍပ်ပေါ်က အဆိုတော်၊ သရုပ်ဆောင်တွေက ပရိသတ်အကြိုက် ဆွဲဆောင်ပြောဆိုနိုင်ခဲ့တာလည်း တွေ့ရပါတယ်။ စင်ပေါ်က သီချင်းဆိုတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တချို့ ၀တ်စားဆင်ယင်ပုံ မတတ်ကြတာလည်း တွေ့ရပြီး တချို့ဆို ကြည့်ရတာ အတော်အရုပ်ဆိုးပါတယ်။ ခန္ဓာကိုယ်ဝဖြိုး တုတ်ခိုင်စပြုနေတဲ့ အဆိုတော်မတယောက်က ဗိုက်ပေါ် ဒူးပေါ် ဂါဝန်ဝတ်သီချင်းဆိုပြီး ဗိုက်ပေါ်နေတဲ့အင်္ကျီစကို တချိန်လုံး ဆွဲချနေတာတွေ့ရပါတယ်။ သူ့ဒူးတွေက မလှ တုတ်တုတ်ခိုင်ခိုင်နဲ့ ကိုယ်နဲ့ မလိုက်ဖက်မသင့်တော်တဲ့ အ၀တ်ဝတ်ပြီး သူ့ကြည့်ရတာလည်း မသက်သာ သူကိုယ်တိုင်လည်း သက်တောင့်သက်သာ ဖြစ်မနေတာ တွေ့လိုက်ရပါတယ်။ သင်္ကြန်တွင်းဖျော်ဖြေရေးမဏ္ဍပ်တွေမှာ သီချင်းဆိုကြတဲ့အခါ အပျော်အမြူးလေးတွေ ရွေးဆိုကြတာ များပြီး ထူးထူးခြားခြား နေပြည်တော်မဏ္ဍပ်တခုမှာ ဇာတ်မင်းသားတယောက်က အလွမ်းသီချင်းတပုဒ် တက်ဟဲသွားတာလည်း ကြားလိုက်ရပြန်ပါတယ်။ သင်္ကြန်တွင်း ဖျော်ဖြေရေးမဏ္ဍပ်တွေ အနီးတ၀ိုက်မှာ စိတ်ဝင်စားဖို့ ကောင်းပြီး စောင့်ကြည့်ခဲ့ရတာကတော့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေနဲ့ ပုလင်းခွံ့၊ ဘူးခွံ့ကောက်သူတွေပါ။ တီဗွီနဲ့ ရေဒီယိုအင်တာဗျုးတွေအရ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေရဲ့ တနေ့တနေ့ ရောင်းအားက ၆ သောင်းနဲ့ ၈ သောင်းလောက်အထိ ရှိပြီး ပုလင်းခွံ့နဲ့ ဘူးခွံ့ကောက်သူတွေက သင်္ကြန်တတွင်းလုံး ကျပ် ၃ သောင်းလောက်ထိ ရကြတယ်လို့ သိရပါတယ်။ ဘူးခွံနဲ့ ပုလင်းခွံကောက်သူတွေတချို့ဆို မိသားစုလိုက် မိသားစုစီးပွားရေးလို သင်္ကြန်တွင်း လုပ်ကြတာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့ဘူးတဲ့ မဆလခေတ်သင်္ကြန် မကြုံဖူး မကြားခဲ့ဖူးတဲ့ အမှိုက်ကောက်သင်္ကြန်စီးပွားရေးအသစ်တခု ဖြစ်ပါတယ်။ ဟိုတုန်းက အခုခေတ်လို ဘူးခွံနဲ့ ပုလင်းခွံ မပေါတာလည်း ပါပါလိမ့်မယ်။ ဟိုတုန်းက ဘူးခွံဆိုလို့ နို့ဆီဘူးခွံ့၊ ပုလင်းခွံဆိုလို့ ဘိလပ်ရည်ပုလင်းခွံလောက်ရှိပြီး အဲဒါတွေကလည်း ၁ ဘူး ဘယ်လောက် ၁ ပုလင်း ဘယ်လောက်ဆိုပြီး လိုက်ဝယ်တဲ့သူရှိတော့ ရောင်းစားကြတာ များပါတယ်။ တခါ ဒီနှစ် သင်္ကြန်မှာ အရင်နှစ် သင်္ကြန်တွေလို ပြောစမှတ်ဖြစ်လောက်တဲ့ ၀တ်စားဆင်ယင်မှုနဲ့ ကခုန် မတွေ့ခဲ့ရတာလည်း ထူးပါတယ်။ အရင်နှစ်ကတော့ သင်္ကြန်စတာနဲ့ ထိုင်းအကမယ်တွေ အကက အွန်လိုင်းပေါ် ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ ဒီလို အကမျိုးဆိုတာက ထိုင်းမှာတော့ ပုံမှန် ထုတ်လွှင့်နေကျ တီဗွီအစီအစဉ်တွေမှာတောင် ထုတ်လွှင့်ပြသနေတာမျိုး ဖြစ်ပြီး မြန်မာကတော့ အသစ်လို့ မြင်နေတာပါ။ ဖျော်ဖြေရေးအမြင်နဲ့ ကြည့်ရင် ခံစားလို့ ရနိုင်ပြီး မျက်မှန်စိမ်းတပ်ကြည့်ရင်တော့လည်း တမျိုးဖြစ်နေမှာပါ။ ကျနော်တို့ရှေးခေတ်က လူငယ်တွေ ဆံပင်ရှည်ထားတော့ သူတို့မိဘတွေက လမ်းသရဲလို့ သမုတ်ခံရနိုင်လို့ ဆံပင်ရှည်ထားရင် အတင်းညှပ်ခိုင်းပါတယ်။ အဲဒီတုန်းက ဆံပင်ရှည်ထားတဲ့ လူငယ်တွေက (အခု ၆၀ တန်းတွေပေါ့)။ ခေါင်းပေါ်က ဆံပင်က အဓိက မကျပါဘူး။ ခေါင်းထဲက ဦးနှောက်က အဓိကပါလို့ နှုတ်လှန်ထိုးခဲသလိုမျိုး ဖြစ်မလားပါပဲ။ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ကြမယ်ဆိုရင်တော့ တချို့အစိတ်အပိုင်းတွေ နားလည် လက်ခံ ပေးကြရမှာ ဖြစ်ပါတယ်။ လက်မခံသင့်တာက သင်္ကြန်တွင်း အရက်အလွန်အကျွံမူးနေကြတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ တီဗွီက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပြင် အနယ်နယ်အရပ်ရပ်က သင်္ကြန်ပွဲတွေ ပြတော့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက သင်္ကြန်ပျော် လူငယ်တွေ အရက်အလွန်အကျွံ မူးနေကြတာ သတိထား တွေ့မြင်လိုက်ရပါတယ်။ ဒါကြောင့်လည်း သင်္ကြန်တွင်း ရဲနဲ့ အရပ်သား ခိုက်ရန် ဖြစ်ပွားပြီး ရိုက်နှက်ခဲ့ကြတာလည်း အဲဒီပြည်နယ်ထဲမှာပဲ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ရေဒီယိုသတင်းတပုဒ်အရ ရခိုင်ပြည်နယ် မောင်တောမြို့မှာ သင်္ကြန်ရေပက်ခံထွက်တဲ့ မြို့ခံလူငယ်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့အကြား သင်္ကြန်အကျနေ့က ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းအရ ရခိုင်ပြည်နယ် မောင်တောမြို့မှာ သင်္ကြန်ရေပက်ခံထွက်တဲ့ မြို့ခံလူငယ်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့အကြား ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်လို့ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အခုလို ဟိုးလေးတကျော် ဖြစ်ပွားခဲ့တဲ့ ရုန်းရင်ဆန်ခတ်မှုတွေအပြင် သင်္ကြန်တွင်း ပုံမှန်ဖြစ်ပွားလေ့ရှိတဲ့ ကားတိုက်မှု၊ ကားမှောက်မှုနဲ့ ရန်ဖြစ်မှုတွေအားလုံးဟာ အရက်မူးလွန်တာတွေက အရင်းခံ အစပြုတာချည်းပါ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနဆရာဝန်ကြီးတယောက်ရဲ့ အဆိုအရလည်း သင်္ကြန်တွင်း အရေးပေါ်ဌာန ရောက်လာတဲ့သူတွေဟာ အရက်မူးပြီး ယာဉ်တိုက်ကြတာတွေနဲ့ ရန်ဖြစ်ကြတာလို့ သိရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သင်္ကြန်တွင်းဆို လူတွေ ရာနဲ့ချီ သေသေနေကြတာ သတင်းတွေထဲ ကြားကြရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်မလာအောင် အခုကတည်းက ကြံဆ လုပ်ဆောင်သင့်ပြီလို့ တီဗွီဖန်သားပြင်သင်္ကြန်ပေါ်က ပုံရိပ်တွေအရ ထင်မြင်ယူဆကြောင်းပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024