A d v e r t i s e m e n t With Us

ကောင်းမှုတော်​ဘုရား ရွှေဆေး​​သင်္ကန်းကပ်​လှူမှု မြို့ခံများ မကျေနပ်

စစ်ကိုင်းမြို့ရဲ့ သမိုင်းဝင် ဘုရားတဆူဖြစ်တဲ့ ကောင်းမှုတော်ဘုရားကြီးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လမ်းညွှန်မှုနဲ့ ရွှေဆေးသင်္ကန်းဆက်ကပ်လှူဒါန်းမှုတွေ ပြုလုပ်နေတာနဲ့ပတ်သက်ပြီး မြို့ခံပြည်သူအများစု မကျေနပ်ကြဘူးလို့ သိရပါတယ်။ စစ်ကိုင်းမြို့အနီးရှိ ရာဇမဏိစူဠာ ဘွဲ့အမည်ရှိ စစ်ကိုင်းကောင်းမှုတော် စေတီတော်ကြီးကို လုံးတော်ပြည့် ရွှေဆေးသင်္ကန်းကပ်လှူဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ညွှန်ကြားချက်နဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က စတင်ပြုလုပ်နေတာပါ။ ရွှေဆေးသင်္ကန်းကပ်လှူဖို့ ကျပ်ငွေသိန်းပေါင်း လေးထောင်ကျော် ကုန်ကျမှာဖြစ်ပြီး အလှူငွေပေးပွဲအခမ်းအနားကို ဒီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလှူဒါန်းမှုပြုလုပ်တဲ့နေရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျပ်ငွေ ၁၀ သိန်း ထည့်ဝင်လှူဒါန်းခဲ့တာဖြစ်ပြီး အများစုကို လုပ်ငန်းရှင်တွေနဲ့ ၀န်ကြီးတွေက အများဆုံး ထည့်ဝင်ခဲ့ရတယ်လို့ ဘုရားဂေါပက အဖွဲ့နဲ့နီးစပ်တဲ့ မြို့ခံတဦးက ပြောပါတယ်။ “မနေ့က အလှူငွေအခမ်းအနား ဘုရားကြီးရင်ပြင်တော် အောင်မြေဗ္ဗောဓိ ဓမ္မာရုံမှာလုပ်တာ ငွေ ၄၆၇၈ သိန်းရတယ်။ ကမ္ဘောဇဘဏ်က သိန်း ၁၂၀၀၊ နမခနဲ့ လပခ က သိန်း ၅၀၀ စီ၊ ဗိုလ်ချုပ်မှူးကြီးက ၁၀ သိန်း၊ ၀န်ကြီးတွေက ၁၀ သိန်းစီ၊ ၀န်ကြီးတိုင်းတော့ မဟုတ်ဘူးပေါ့။ နောက် လုပ်ပိုင်ခွင့်ရှိတဲ့ ကုမ္ပဏီတွေက သိန်း ၁၀၀-၁၁၅ သိန်း အဲ့ဒီလိုပေါ့။ အနိမ့်ဆုံးတော့ ၃-၄ သိန်းလောက်ပါတယ် ထင်ပါတယ်။” ကောင်းမှုတော်ဘုရားကြီးကို လုံးတော်ပြည့် ရွှေဆေးသင်္ကန်းကပ်လှူမှာဖြစ်သလို ဘုရားပရ၀ုဏ်အတွင်းရှိ ကျောက်ဆီမီးတိုင် ၈၀၂ တိုင်ကိုလည်း ရွှေဆေးလှူဒါန်းမှာဖြစ်ပါတယ်။ ဥာဏ်တော် အမြင်ပေ ၁၅၀ ခန့်နဲ့ လုံးပတ် ၇၅၃ ပေ ၀န်းကျင်ရှိတဲ့ စေတီတော်ကြီးကို ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမယ့်အပေါ်ကိုလည်း ဂေါပကအဖွဲ့နဲ့နီးစပ်တဲ့ မြို့ခံက အခုလို ဆက်ပြောပါတယ်။ “ရှေးဟောင်း သာသနိက အဆောက်အဦလည်းဖြစ်တယ်။ အဲ့တော့ ရှေးဟောင်း သာသနိကအဆောက်အဦကို ဒီလိုမလုပ်သင့်ဘူး။ ဒါကြီးကို ကျပ်ငွေပေါင်းများစွာ ကုန်ကျခံလုပ်တဲ့အခါမှာ နောက် ၃ နှစ်လောက်ဆိုရင် ရွှေဆေးတွေက ပြန်ပြီးမှေးမှိန်သွားတဲ့အခါကျတော့ မွန်းမံမှုတွေ ပြန်လုပ်ရရင် ငွေရေးကြေးရေးတွေ အများကြီးကုန်မှာပေါ့။ အဲ့ဒီအစား ဂီရိမုန်းတိုင်းတိုက်ခတ်တဲ့ နေရာတွေမှာ အကူအညီပေးလိုက်ရင် ဘယ်လောက်ကောင်း လိုက်မလဲလို့ အမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြောတာပေါ့။ ကျန်တဲ့ စစ်ကိုင်းသူ စစ်ကိုင်းသားတွေအနေနဲ့ ဒီလိုကြီး ဖြစ်တဲ့ကိစ္စကို ၀မ်းနည်းမှုတွေတောင် ရှိတာပေါ့။ ” အခြားစစ်ကိုင်းမြို့ခံတဦးကလည်း အခုလို ပြောပါတယ်။ “စစ်ကိုင်းမြို့သူ မြို့သားအနေနဲ့ အရင်က ကိုယ်ဟာကိုယ်ပဲ ထုံးသင်္ကန်းကပ်ကြတယ်လေ။ အခုက ရင်ထဲမှာ နာနေသလိုကို ခံစားရတယ်သိလား။ ရွှေသင်္ကန်းကပ်တာ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် ထုံးဖြူဖြူလေးနဲ့ ဘယ်နေရာပဲရောက်ရောက် ဒါက စစ်ကိုင်းတောင်၊ ဟိုဘက်က ကောင်းမှုတော်ကြီး ဖြူဖြူလုံးလုံးကြီး အဲ့လိုမျိုးကြီးပဲ ဖြစ်ချင်တာပေါ့နော်။ အခုကျတော့ ရွှေကပ်မှာ၊ အဲ့ဒီဟာကို ဆောက်တွေနဲ့ ထွင်းပြီးတော့ ကျောက်တွေကို ခွာတာ။ အရင်နှစ်ပေါင်းများစွာ ရှင်ဘုရင်လက်ထက်ကတည်းက ထုံးသုတ်ခဲ့တာကိုး။ အဲ့ဒီထုံးတွေက ကျောက်တည်နေတာလေ။ အဲ့ဒါကို အပေါ်ကနေပြီးတော့မှ ဆောက်နဲ့ ထွင်းချပြီးတော့မှ အကုန်လုံးခွာပစ်တယ်။ ပြီးတော့မှ ကော်ဘတ်တွေနဲ့စားမယ်လို့ ပြောတာပဲ။ ဘေးက ငြမ်းတွေတော့ ဆင်ထားတာပေါ့နော်။ အဲ့ဒါကို လူကြီးတွေတော့ တယောက်ပြီး တယောက် လာကြည့်နေတာပဲ” ကောင်းမှုတော်စေတီတော်ကြီးကို မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) မှာ သာလွန်မင်းတရားကြီးက တည်ထားကိုးကွယ်ခဲ့ပါတယ်။ စေတီတော်ဟာ ပစ္စယံ သုံးဆင့်ခံထားပြီး သပိတ်မှောက်ထားတဲ့ ပုံသဏ္ဍာန်နဲ့ တည်ထားခဲ့တာဖြစ်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ရှေးဟောင်း သာသနိကအစောက်အအုံများစာရင်းမှာ ထည့်သွင်းထားခဲ့ပေမယ့် အစိုးရကိုယ်တိုင်ကြီးမှူးပြီး အခုလို ပြင်ဆင် မွန်းမံမှုတွေကို ပြုလုပ်နေတာလဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up