တရုတ်အမျိုးသမီး ၅ ဦး ပြန်လွှတ်ပေးရန် ဟောင်ကောင်တွင် ဆန္ဒပြ ဒီဗွီဘီ

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့ မတိုင်ခင်က ဖမ်းဆီးခံခဲ့ရတဲ့ တရုတ်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ ၅ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတခု ဧပြီး ၁၁ ရက်နေ့က ဟောင်ကောင်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဘတ်စ်ကားတွေပေါ်မှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ကန့်ကွက်ဖို့နဲ့ အမျိုးသားတွေနဲ့ တန်းတူ အမျိုးသမီးအိမ်သာအရေအတွက်တိုးပေးဖို့ တောင်းဆိုဆန္ဒပြပွဲတခု စီစဉ်ရင်း တရုတ်နိုင်ငံမြိုကြီးတွေမှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒါပေမယ့် သူတို့ကို အေးချမ်းတည်ငြိမ်မှု နှောင့်ယှက်ဖျက်ဆီးမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောဆိုပါတယ်။ အဲ့ဒီစွဲချက်ဟာ တရုတ်နိုင်ငံမှာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်တဲ့ စွဲချက်လို့လည်း ပြောပါတယ်။ ဆန္ဒပြပွဲကို စီစဉ်တဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတဦးက “သူတို့တွေ ဖမ်းဆီးခံရတဲ့အမှုကို တကမ္ဘာလုံးက စိုးရိမ်ပူပန်ကြတယ်။ တရုတ်နိုင်ငံမှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို ရာဇ၀တ်မှုလို့ သတ်မှတ်တာပါ။ ဒါဟာ ဟောင်ကောင်မှာရော၊ တကမ္ဘာလုံးမှာပါ အံ့သြတုန်လှုပ်စရာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဟောင်ကောင်ဥပဒေပြုအမတ်တဦးဖြစ်တဲ့ လူယန် ကွတ်ဟန်း (Leung Kwok-hung) က “တရုတ်အစိုးရဟာ ဘယ်လိုဆန္ဒပြပွဲကိုမဆို ကြောက်လန့်ပါတယ်။ ဘာအခွင့်အရေးပဲဖြစ်ဖြစ် ဆန္ဒပြတောင်းဆိုရင် ရာဇ၀တ်ပြစ်မှုတပ် အဖမ်းခံရမှာဖြစ်တယ်” လို့ ပြောပါတယ်။ အခွင့်အရေးလှုပ်ရှားသူ တရုတ် အမျိုးသမီးတွေကို ဖမ်းဆီးထားတဲ့အပေါ် အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့က  တရုတ်အစိုးရကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ တရုတ်အစိုးရကတော့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလေးစားဖို့ ပြန်ပြီးတောင်းဆိုခဲ့ပါတယ်။ သူတို့ကို ဆက်ပြီး ဖမ်းဆီးအရေးယူမလား၊ ဒါမှမဟုတ် ပြန်လွှတ်ပေးမလားဆိုတာ မကြာခင်ဆုံးဖြတ်လိမ့်မယ်လို့လည်း သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up