နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် ကျူးဘားနှင့် အမေရိကန် သမ္မတ တွေ့ဆုံ

ဧပြီ ၁၁ ရက်က အမေရိကန်ပြည်ထောင်စု သမ္မတ ဘာရတ် အိုဘားမားနဲ့ ကျူးဘားသမ္မတ ရာအူး ကက်စထရိုတို့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံပါတယ်။ တွေ့ဆုံရာမှာ ၂ နိုင်ငံ ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ဖို့ ခေါင်းဆောင် ၂ ဦးက သဘောတူညီကြတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ သမိုင်းဝင်တွေ့ဆုံမှု ဖြစ်သလို စစ်အေးခေတ်က ရန်ငြိုးတွေကို အဆုံးသတ်ခဲ့နိုင်ပေမယ့်  ကွန်မြူနစ် နိုင်ငံက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခြေအနေ တိုးတက်အောင် ဆက် ဖိအားပေးသွားမယ်လို့ အိုဘားမားက ပြောပါတယ်။ ၂ နိုင်ငံက ကွဲပြားမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ကတ်စထရိုကတော့ ၀ါရှင်တန်နဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို လူ့အခွင့်အရေးနဲ့ တခြားကိစ္စတွေကို ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။ ပနားမားနိုင်ငံမှာ ကျင်းပနေတဲ့ လက်တင် အမေရိကနိုင်ငံများ ထိပ်သီးအစည်းအဝေးကို သမ္မတ ၂ ဦးလုံးက တက်ရောက်နေကြပြီး သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်ကတည်းက ဆက်ဆံရေး ပြတ်တောက်ခဲ့တဲ့ ကျူးဘားနဲ့ အမေရိကန် ပြည်ထောင်စု ဆက်ဆံရေးကို ပြန်လည် စတင်ဖို့ ခေါင်းဆောင် ၂ ဦးက ဒီဇင်ဘာမှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ အရင်က အမေရိကန်က ကျူးဘားအပေါ်ထားရှိတဲ့ မူဝါဒတွေက အလုပ်မဖြစ်တဲ့အတွက် အိုဘားမားက မူဝါဒတွေကို ပြောင်းလဲကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up