A d v e r t i s e m e n t With Us

မစ္စတာ​ဗီဂျေ​နမ်​ဘီးယား သတင်းစာ​ရှင်းလင်း​ပွဲ ပြည်တွင်း သတင်းထောက်များ သတင်း​ယူခွင့်​မရ

အံ့ဘုန်းမြတ် ၂၉ နိုဝင်ဘာ ၂ဝ၁ဝ ကုလသဂ္ဂမအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေနမ်ဘီးယားရဲ့ (၃) ရက်ကြာ ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ပြည်တွင်းသတင်းထောက်တွေ သတင်းယူခွင့် မရဘူးလို့ ဂျာနယ်အယ်ဒီတာတဦးက ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲကို ဒီလ (၂၈) ရက်နေ့ ညနေ ၅ နာရီက ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လေဆိပ်တာဝန်ရှိသူတွေက သတင်းယူဖို့ ခွင့်မပြုခဲ့တာဖြစ်တယ်လို့ သွားရောက်သတင်းယူခဲ့တဲ့ သတင်းဂျာနယ်အယ်ဒီတာတဦးက ပြောပါတယ်။ “ကိုယ်တွေက သွားရပ်ပြီး ပြန်လာရတယ်။ နိုင်ငံခြားသတင်းထောက်တွေပဲ ဝင်လို့ရတယ်။ အားလုံးပေါင်း လေးခုလောက် မေးခွင့်ရလိုက်တယ်လို့ပြောတယ်။ ဒါပေမယ့် ဘယ်ဟာတွေမေးလဲတော့ မသိဘူး၊ အေပီတို့ အေအက်ဖ်ပီတို့က သတင်းတွေ တက်ကြည့်မှပဲ သိမယ်။ သူတို့က မေးတဲ့ဟာတွေပေါ်မှာမူတည်ပြီး ဖြေမလားမသိဘူး။ သူတို့စီက ကြေညာချက်တခုတော့ ထုတ်တယ်။” အခုလို ပြည်တွင်းသတင်းထောက်တွေကို သတင်းယူခွင့်မပြုတာဟာ လုံးခြုံရေးကြောင့်လို့ လေဆိပ်တာဝန်ယူရှိသူတွေက ပြောတယ်လို့လည်း ဆိုပါတယ်။     အရင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အပါအဝင်၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီညဲရိုး၊ မစ္စတာဂမ်ဘာရီ တို့ လာရောက်စဉ်တုန်းက သတင်းယူခွင့် ရရှိခဲ့ပေမယ့် အခု သတင်းယူခွင့်မရတဲ့အပေါ် အလွန် စိတ်ပျက်မိတယ်လို့လည်း အခြားသတင်းဂျာနယ်အယ်ဒီတာချုပ် တဦးကပြောပါတယ်။ ဒီလို သတင်းယူခွင့်မပေးတာနဲ့ပတ်သက်ပြီး အခြား သတင်းဂျာနယ် အယ်ဒီတာတဦးကတော့ “အဲဒါတော့ အစီအစဉ် လုပ်မထားဘူး။ လုပ်ထားရင် ဝင်လို့ရတယ်၊ ယူလို့ရတယ်။ ပြန်ရေးတဲ့အပေါ်မှာ ဖြတ်တာတောက်တာက တပိုင်းပေါ့။ အမှန်အတိုင်းပြောရင် သူတို့အစီအစဉ်တခု လုပ်တယ်၊ ဆိုပါစို့ သူတို့တွေ့ပေးမယ်။ တနေရာမှာ ဘယ်အချိန် ဘယ်အချိန်ပေါ့။ သူတို့က စာရင်းတွေနဲ့ လုပ်ပြီးတော့ စာရင်းအတိုင်းပဲ၊ မပါတဲ့လူတောင် ဝင်မရဘူး၊ ညွှန်ကြားချက် မရှိတာ။ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုရင် အဲဒါကို ပြန်ကြားရေးကနေ စီစဉ်တယ်၊ ပြန်ကြားရေးက မစီစဉ်ထားလို့ အဲလိုဖြစ်တာ။” ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုနဲ့ ပတ်သက် ပြည်တွင်းထုတ်ဂျာနယ်တွေ ဝေဝေဆာဆာဖော်ပြခဲ့ကြတဲ့အပေါ် ဂျာနယ်အများအပြားကို ပိတ်ပင်ခဲ့ပြီးတဲ့နောက်ပိုင်း အခုလို သတင်းယူခွင့်တွေကိုပါ ပိတ်ပင်လာတာဖြစ်တယ်လို့ အခြားသတင်းဂျာနယ် အယ်ဒီတာအချို့က ပြောဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up