Home
မေးမြန်းခန်း
“မြန်မာပြည်ကြီးကို အမြန်ဆုံးပြန်လာချင်ပြီ”- နစ်မြုပ်ရုရှားသင်္ဘော အတွေ့အကြုံ မေးမြန်းချက်
ပီတာအောင်
·
April 9, 2015
ဧပြီလ ၂ ရက်နေ့က ရုရှားပင်လယ်ပြင် ငါးဖမ်းသင်္ဘောနစ်မြုပ်မှုမှာ သင်္ဘောပေါ်ပါ မြန်မာ သင်္ဘောသား ၄၂ ဦးအနက် ၂၂ ဦး အသက်ဘေးက လွတ်မြောက်ကယ်ဆယ်နိုင်ပြီး ရုရှားနိုင်ငံ Sakhalin စာခါလင်မြို့က PacificPlaza ဟိုတယ်မှာ ရောက်ရှိခိုလှုံနေပါတယ်။  သင်္ဘောနစ်မြုပ်မှုမှာ ၄ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးပြန်တွေ့တဲ့ မြန်မာ ၁၆ ဦးရဲ့ အလောင်းတွေကိုတော့  မြန်မာနိုင်ငံ ပြန်ပို့နိုင်ရေး မြန်မာသံရုံးကိုယ်စားလှယ်တွေ ဆေးရုံကိုသွားရောက်ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ရေခဲတမျှအေးခဲနေတဲ့ ပင်လယ်ပြင်ထဲ သင်္ဘောနစ်မြုပ်မှုမှာ အသက်မသေဘဲ လွတ်မြောက်လာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး  မြန်မာသင်္ဘောသား ကိုကျော်ကျော်နဲ့  ကိုထက်ကိုကိုတို့ကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ကိုကျော်ကျော်တို့ တတွေရဲ့ ကျန်းမာရေးအခြေအနေရောကောင်းရဲ့လား။ “လက်ရှိ အသက်ရှင်တဲ့လူတွေအားလုံးကတော့ နေကောင်းကြပါတယ်။ ဘာမှ ဒဏ်ရာမရပါဘူး။” ဧပြီလ ၂ ရက်နေ့ ကမ်ချက်ကာကျွန်းဆွယ်မှာ သင်္ဘောစပြီးနစ်မြုပ်တဲ့အချိန် ဘယ်လိုမျိုး ကြုံတွေ့ခဲ့ရတာလဲ၊  အဲဒီနေ့က အဖြစ်အပျက်အတွေ့အကြုံတွေကို  ပြန်ပြောပြပေးပါလား။ "ဧပြီလ ၂ ရက် မနက် အစောကြီး ၅ နာရီလောက် အချိန်ဝန်းကျင်မှာ ဘယ်လိုမျိုးစမြုပ်တာလဲဆိုတော့ ကျနော်တို့သင်္ဘောက ကုန်ပြည့်နေတာဗျ၊  ကုန်ပြည့်နေတဲ့အချိန်မှာ ထပ်ပြီးတော့ ငါးဖမ်းပိုက်ဆွဲတဲ့အချိန်မှာ သူတို့ဆွဲတဲ့ပိုက်ကလည်း ငါးပါပြီးတော့ သင်္ဘောတဖက်ကို စောင်းပြီးတော့ မြုပ်သွားတာ။” သင်္ဘောနစ်တဲ့အချိန်မှာ ကိုကျော်ကျော်က အလုပ်လုပ်နေချိန်လား။ သင်္ဘောနစ်တော့ ရေထဲကို တန်းပြုတ်ကျသွားတာလား။ အဲဒီအချိန် ဘယ်လိုတွေဖြစ်သွားလဲ ပြောပြပေးပါလား။ “ကျနော်ကတော့ အလုပ်လုပ်နေတဲ့အချိန် ဂျူတီဝင်နေတဲ့အချိန်မှာ မြုပ်သွားတာ။ ရေကတော့ တအားအေးတယ်၊ ခဲတဲ့အထဲမှာတော့မပါဘူးဗျ၊။   သင်္ဘောက တဖက်ကိုစောင်းသွားတာ စောင်းသွားတဲ့အချိန်မှာ ကျနော်တို့က မစောင်းတဲ့ဘက်ကို အားလုံးက လူတွေတန်းစီ ရပ်နေကြတာပေါ့။ တချို့ကလည်း အသက်ကယ်လှေပေါ် ခုန်ချတာပေါ့။ တချို့ကျတော့လည်း မြုပ်တဲ့အထိ စောင့်ကြတာပေါ့။ ကျနော်ကတော့ သက်ကယ်လှေပေါ် ခုန်ချတာ ရေထဲပြုတ်ကျတာပေါ့။ ပြီးတော့မှာ အသက်ကယ်လှေပေါ် တက်တာ။ တချို့ကျတော့လည်း အသက်ရှင်တယ်။ တချို့ကျတော့လည်း ဆုံးသွားတယ်။ ကျနော်ကတော့ ဘုရားစာကိုပဲ ရွတ်နေတဲ့အတွက် ဘုရားစာကိုပဲ အာရုံပြုတယ်၊ ကျန်တာကတော့ ကျနော့်စိတ်ထဲမရှိဘူး” အသက်ကယ်လှေပေါ်မှာ အားလုံးဘယ်နှယောက်လဲ၊ နောက်ကယ်မယ့်လူတွေ မလာခင်မှာရော ဘယ်လိုကြုံတွေ့ခဲ့ရလဲ၊ ကယ်ဆယ်ရေးတွေ ဘယ်အချိန်လောက်မှာ ရောက်လာတာလဲ။ “ကျနော်တို့လှေပေါ်မှာ မြန်မာချည်းပဲ ၆ ယောက် ရုရှားတွေလည်းပါတယ်။ နောက်ကျတော့ သင်္ဘောကတစီးလုံးမြုပ်သွားတာ။ သင်္ဘောမြုပ်တဲ့ အခြေအနေရောက်တဲ့အချိန်မှာ ကပ္ပတိန်ကနေ အနီးနားမှာရှိတဲ့ဟာကို အကြောင်းကြားတယ်။ အချိန် ၁ နာရီကျော်ကျော်လောက်မှာ အနီးနားမှာရှိတဲ့ ကယ်ဆယ်ရေးသင်္ဘောတွေ အကုန်ရောက်လာတယ်။ ၂၀ ကျော်ကျော်ရှိမယ်။ ရုရှားငါးဖမ်းသင်္ဘောတွေကပဲ လာကယ်သွားတာ။ ဒဏ်ရာတော့မရပါဘူး၊ အေးတဲ့အခါကျတော့ အောက်ပိုင်းက ရေနဲ့ ထိထားတော့ လမ်းမလျှောက်နိုင်တော့ဘူးပေါ့။ မလျှောက်နိုင်တော့ သူတို့ ရုရှား သင်္ဘောကပဲ ကျနော်တို့ကို လာပြီးတော့ ဆွဲသွားတာပါ။” အဲဒီကနေ ကယ်ဆယ်ရေးသင်္ဘောနဲ့ ကမ်းကိုပြန်လာဖို့ လမ်းမှာ အခက်အခဲတွေတွေ့ပြီး တော်တော်လေး ကြာခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီအခြေအနေကိုလည်း ပြောပြပါလား။ “ဟုတ်တယ်၊ ကျနော်တို့ သင်္ဘောက အလောင်းတွေဆယ်တာစောင့်ရသေးတယ်။ နောက်မောင်းလာတော့လည်း ၃ ရက်လောက် ကြာသေးတယ်။ ရာသီဥတုက နည်းနည်း ကြမ်းတော့။” ခုလို အသက်ရှင်လျက် ပြန်ပြီးလွတ်မြောက်လာချိန်မှာ ဒီအဖြစ်အပျက်ကြီးဖြစ်ခဲ့တဲ့ အပေါ် စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ “ကုန်းပေါ်ပြန်ရောက်တော့ ၀မ်းသာတာပေါ့။ ဒါပေမယ့် ကျနော်တို့ သူငယ်ချင်းတွေ တချို့တ၀က်ကတော့ ဆုံးပါးသွားတဲ့အတွက်ကြောင့် စိတ်မကောင်းဘူးပေါ့။ အားလုံး ကတော့ ကျနော်တို့ မြန်မာလူမျိုးတွေ၊ ညီအစ်ကိုလိုပဲနေကြတာ၊ အားလုံးရင်းနှီးကြပါတယ်။ မကယ်နိုင်ဘူးဖြစ်သွားတယ်၊ အဲဒီအတွက် စိတ်မကောင်းဘူး။” ဒီရုရှားငါးဖမ်း သင်္ဘောပေါ်ကို ဘယ်တုန်းက ဘယ်လိုစပြီးလိုက်ဖြစ်တာလဲ ပြောပြပေးပါလား။ “၂၀၁၄ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ ရန်ကုန်ကနေ ထွက်ခွာလာတာပေါ့။ ထွက်လာပြီးတော့ ကိုရီးယားကို ရောက်သွားတယ်။ ကိုရီးယားကနေ စက်လှေအသေးလေးနဲ့ ပင်လယ်ထဲကိုသွားတယ်။ ပြီးတော့ ခုမြုပ်သွားတဲ့ သင်္ဘောကို ရောက်သွားတယ်ပေါ့။ ကျနော်တို့ ရောက်တဲ့အချိန်မှာ အဲဒီသင်္ဘောက ကမ်းမှာမရှိတော့ဘူး၊ အဲဒါကြောင့်မလို့ ထောက်ပို့စက်လှေလေးနဲ့ လိုက်သွားတယ်။  သင်္ဘောပေါ်ရောက်မှပဲ အဲဒီသဘောင်္ဟာ ငါးဖမ်းသင်္ဘောမှန်းသိသွားတာ။ အစတုန်းကတော့မသိဘူး။ ကျနော်တို့ သိတာ ရုရှားလို့ပဲသိတာ။” သင်္ဘောပေါ်ရောက်တော့ ဘာတွေလုပ်ရလဲ၊ သင်္ဘောပေါ်မတက်ခင်က ပြောထားတာနဲ့ တကယ့်လက်တွေ့ လုပ်ရတာတွေ လုပ်ခလစာတွေ အခြေအနေပြောပြပါလား။ မြန်မာသင်္ဘောသား ကိုထက်ကိုကိုရဲ့ ဖြေကြားချက် "လစာကတော့ ၁ လ ဒေါ်လာ ၄၀၀ လို့ပြောထားတယ်။ အိမ်ကို ၁ လပဲရောက်ပါတယ်။ ရတဲ့လစာပိုက်ဆံနှုန်းကတော့ ကိုက်ပါတယ်။" ကိုထက်ကိုကိုရော သင်္ဘောနစ်မြုပ်တဲ့အချိန်အတွေ့အကြုံကို ပြန်ပြောပြပေးပါလား။ “ဂျူတီချိန်မှာဖြစ်တာပါ။ စမြုပ်တော့ရေတွေ တခြမ်းစောင်းပြီးဝင်လာတာ။ ၀င်လာတော့ အပေါ်တက်ကြည့်လိုက်တော့ ငါးပိုက်ထုတ်ကဘေးချထားတာ။ သင်္ဘောက တခြမ်းစောင်းပြီးတော့ ရေတွေဝင်လာတာ၊  မသင်္ကာတော့ တဖြည်းဖြည်း စောင်းစောင်းသွားတော့ အပေါ်တက်ကြည့်တော့ တော်တော်လေးစောင်းနေပြီ၊ အဲဒီအချိန်မှာ မီးကလာလိုက်ပျက်လိုက်၊ လာလိုက်ပျက်လိုက်ဖြစ်နေပြီ၊ ဖြစ်နေတဲ့အချိန်မှာ မြန်မာတွေအကုန်လုံးကလည်း မတက်ရသေးဘူးပေါ့ဗျာ။ အပေါ်အထိ မရောက်သေးဘူး သက်ကယ်အင်္ကျီပဲဝတ်ရသေးတယ်။ ကျနော်က သင်္ဘောနောက်ဖျားရောက်နေတာ တော်တော်ကြီး  အနောက်ကိုရောက်နေတာ၊ အဲဒီအချိန်မှာ တခြမ်းစောင်းပြီး ဘယ်ဘက်ကို စောင်းပြီးမြုပ်သွားတာ။” ဒီလိုကြုံတွေ့ရပြီး အသက်ရှင်ပြန်လွတ်လာတဲ့အပေါ် ဘယ်လိုပြောချင်လဲ။ ခုမိသားစုနဲ့ရော အဆက်အသွယ်ရပြီလား သူတို့ကို ဘာတွေပြောချင်လဲ။   “ကျနော်လွတ်လာတဲ့အချိန်မှာ ကျနော့်သူငယ်ချင်းတွေကိုတော့ တကယ်သတိရပါတယ်။ မိဘတွေနဲ့တော့ အဆက်အသွယ်ရပါပြီ၊ ဟိုနေ့က ဖုန်းဆက်ပါတယ်။” ခုဘာဆက်လုပ်မလဲ မြန်မာသံရုံးကတော့ ပတ်စ်ပို့ ပြန်ထုတ်ပေးမယ်ပြောတယ်၊ တခြားဘယ်လိုအခက်အခဲတွေရှိဦးမလဲ။ “အခက်အခဲကအများကြီးရှိတယ်ဗျ။ ကျနော်တို့ ပိုက်ဆံတွေက အများကြီးကုန်ထားတာလေ။ ကုန်ထားတဲ့အတွက် အခုအချိန်မှာ ဘာတွေလုပ်ရမလဲဆိုတာ သူတို့နဲ့ ပြောကြည့်ရဦးမယ်။ ပိုက်ဆံရမလား၊ မရမလား။   နစ်နာမှုတွေကလည်း အများကြီးရှိတယ်၊ လက်မှတ်တွေလည်းပါသွားတယ်။ တက်လာတာမှ ဘယ်နှလမှ မရှိသေးဘူး၊ သင်္ဘော မြုပ်သွားတယ်ဆိုတော့၊ ရန်ကုန်က ကုမ္ပဏီကို သိန်း ၄၀ ပေးခဲ့ရတယ်၊ ကုန်တာက ပြောရမယ်ဆိုရင် သိန်း ၅၀၊  သိန်း ၆၀ ပေါ့ အကုန်လုံးပေါင်းလိုက်ရင်၊  ခု ၄ လလုပ်ပြီးသွားတာတောင် ၁ လစာပဲရသေးတယ်။ အိမ်ကပြောလို့သိရတာ။ သူဌေးကတော့ လွှဲပြီးပြီလား မလွှဲရသေးဘူးလား စုံစမ်းကြည့်ရမှာပေါ့။ ကျနော်တို့လည်းမသိသေးဘူး။ အိမ်က ၁ လစာပဲ ရှိသေးတယ်လို့ပြောတယ်။” ခုမြန်မာပြည်ပြန်လာနိုင်ဖို့ အိမ်ပြန်ဖို့အခြေအနေကဘယ်လိုရှိလဲ၊ အဲဒီမှာ ဘယ်လောက်ကြာကြာနေရဦးမယ်ထင်လဲ။ “ကျနော်တို့တွေက မြန်မာပြည်ကြီးကို အမြန်ဆုံးပြန်လာချင်ပြီ။ ခုမော်စကိုမြို့ကိုတောင် မရောက်သေးဘူး။ ရုရှား စာခါလင်မြို့ပဲရှိသေးတယ်။ ခု ဟိုတယ် အခန်းထဲက အပြင်တောင်ထွက်လို့မရသေးဘူး။ ပတ်စ်ပို့ မရှိတော့ အပြင်မှာ ရဲတွေကစောင့်နေတယ်၊ ဘာမှလုပ်မရဘူး။  အစောင့်အရှောက်တွေနဲ့ ပေါ့။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024