ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်များ ဟူသီစခန်းကို လေကြောင်းဖြင့် တိုက်ခိုက်

ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ ရှိတဲ့ ဟူသီ အထူးတပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းပေါ်ကို ဧပြီ ၆ ရက်နေ့ နှောင်းပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက် မုန်တိုင်းလို့သိကြတဲ့ စစ်ဆင်ရေးဟာ ဟူသီတွေကို ပစ်မှတ်ထားခဲ့တာပါ။ စခန်းကနေ ထွက်လာတဲ့ မီးခိုးတွေကိုတော့ ဧပြီ ၇ ရက်နေ့ မနက်အစောပိုင်းထိ မြင်နေရပါတယ်။ ဧပြီ ၆ ရက်နေ့မှာပဲ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ် စစ်လေယာဉ်တွေ ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်တောင်ပိုင်းက ပြည်သူ့စစ်တွေက ဟူသီတွေကို ခရိုင်အတော်များများတလွှားမှာ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါကြောင့် ရှီးယားမွတ်စလင်သူပုန်တွေရဲ့ ခြေကုပ်စခန်းတချို့ကနေ မောင်းထုတ်နိုင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ပြည်သူ့စစ် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆော်ဒီအာရေဗျရဲ့ စစ်ဆင်ရေး ၁၂ ရက်မြောက်နေ့မှာ ယီမင်တောင်ပိုင်း ပြည်သူ့စစ်တွေက အသာစီး ရလာခဲ့တာပါ။ အီရန်နဲ့ မဟာမိတ် ဟူသီတွေက ဆာနာမြို့တော်နဲ့ တောင်ပိုင်းမြို့ အေဒင်မှာ  အသာစီး ရနေ တာကို ဟန့်တားဖို့ အာရပ်ပင်လယ်ကွေ့ မဟာမိတ်တွေက ကြိုးစားနေပါတယ်။ တိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ လူတွေ သေဆုံးပြီး ရေနဲ့ လျှပ်စစ် ဖြန့်ဖြူးမှု ပြတ်တောက်ခဲ့ပါတယ်။ ကုလသမဂ္ဂ ကလေးသူငယ်အဖွဲ့ကြီး(ယူနီဆက်ဖ်)ကတော့ ယီမင်နိုင်ငံဟာ လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးဆီ ဦးတည်နေပြီလို့ သတိပေးခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ယီမင်နိုင်ငံတွင်း အကြမ်းဖက်မှုတွေကြောင့် မတ် ၁၉ ရက်နေ့ကနေ ခုထိ ခန့်မှန်းခြေ လူအယောက် ၅၄၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၁၇၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဧပြီ ၇ ရက်နေ့က ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up