ဆန္ဒပြမှုနှင့် စင်ကာပူနိုင်ငံသား ၂ ဦးကို ဖမ်းဆီး

သမ္မတနဲ့ ၀န်ကြီးချုပ်ရဲ့ ရုံးစိုက်ရာ အစိုးရရုံးအပြင်မှာ ဆန္ဒပြတဲ့ စင်ကာပူနိုင်ငံသား ၂ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ရဲတွေက ဧပြီ ၆ ရက်မှာ ပြောပါတယ်။ အသက် ၂၅ နဲ့ ၂၄ နှစ် လူငယ် ၂ ဦးက စနေနေ့ နေ့လယ်ပိုင်းမှာ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင် ဆန္ဒပြတဲ့အတွက် ဖမ်းဆီးတာလို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။ လူထုကို တိတ်ဆိတ်အောင် လုပ်မရနဲ့ မမျှတဘူးဆိုတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေလည်း လူမှုရေးကွန်ရက်မှာ ပျံနှံခဲ့ပါတယ်။ အရာရှိတွေက ဆန္ဒပြတာကို ရပ်တန့်ဖို့ ပြောဆိုတာကို ငြင်းပယ်ပြီး ဆက်လုပ်တဲ့အတွက် ဆန္ဒပြဖို့ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်မှုနဲ့ ဖမ်းလိုက်တယ်လို့ သတင်းမှာရေးပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ စင်ကာပူဥပဒေအရ တရားမ၀င် ဆန္ဒပြရင် စင်ကာပူဒေါ်လာ ၅၀၀၀ အထိဒဏ်ငွေ ပေးဆောင်ရ နိုင်သလို စည်းရုံးလှုံဆော်သူတွေကတော့ စင်ကာပူဒေါ်လာ ၁၀၀၀၀ နဲ့ ထောင်ဒဏ် ၆ လ ဒါမှမဟုတ်ရင် ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ စီးပွားရေး အောင်မြင်မှုကြောင့် စင်ကာပူက ချီးမြောက်ခံရပေမယ့်လည်း လီကွမ်ယု ပူးတွဲတည်ထောင်ခဲ့တဲ့ အာဏာရ လူထုလှုပ်ရှားမှုပါတီက လွတ်လပ်စွာ ပြောဆို စည်းရုံးလှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့အတွက် ဝေဖန်ခံနေရပါတယ်။ လူထုဆန္ဒပြမှုတွေအတွက် ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်လိုအပ်ပြီး ခွင့်ပြုချက်ရရှိဖို့က မဖြစ်နိုင်တဲ့ အခြေအနေရှိတယ်လို့ သတင်းက ရေးပါတယ်။ စင်ကာပူကို တည်ထောင်တဲ့ လီကွမ်ယု သေဆုံးခဲ့ပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် ဆန္ဒပြမှု တခုဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up