လူကူးကုန်းကျော်တံတား ၆ စင်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တွင် တည်ဆောက်မည်
ကျော်ဇေယျာဝင်း
·
April 6, 2015
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း လူကူးကုန်းကျော်တံတား ၆ စင်း ဆောက်လုပ်ဖို့ လျာထားတယ်လို့ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
အဲ့ဒီ လူကူးခုံးကျော်တံတားတွေကတော့ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းမပေါ်မှာ လူကူးခုံးကျော်တံတား ၁စင်း၊ လသာမြို့နယ်၊ အနော်ရထာလမ်းနှင့် လမ်းမတော်လမ်းဆုံမှာ ၁ စင်း၊ ဗဟန်းမြို့နယ်မှာ ကမ္ဘာအေးဘုရားလမ်းနှင့် ဗဟန်း (၃) လမ်း အနီးမှာ ၁စင်း၊ ကမာရွတ်မြို့နယ်မှာ ပြည်လမ်းမပေါ်ရှိ ပညာရေးတက္ကသိုလ်ကျောင်းရှေ့ အနီးတွင် ၁ စင်း၊ မာလာဆောင်ရှေ့တွင် ၁ စင်း၊ အင်လျားကန်ရှေ့မှာ ၁ စင်း စုစုပေါင်း လူကူးခုံးကျော်တံတား ၆ စင်းကို တည်ဆောက်ပေးဖို့လျာထားပြီးဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကပြောပါတယ်။
အဲ့ဒီတံတား ၆ စင်း တည်ဆောက်ဖို့အတွက် ကျပ်ငွေ ၁၅၂၀.၀၁၃သန်း သုံးစွဲဖို့ လျာထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအနီးမှာ ၁ စင်း၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်း လမ်းဆုံမှာ စက်လှေခါးပါ လူကူးခုံးကျော်တံတား ၁ စင်း၊ မရမ်းကုန်မြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းမပေါ် ဂမုန်းပွင့်ကုန်တိုက်အနီးမှာ စက်လှေခါးပါလူကူးကုန်းကျော်တံတား ၁ စင်း တည်ဆောက်ပေးခဲ့ပြီး လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနဲ့ လမ်းသစ် လမ်းဆုံမှာ၁စင်းနဲ့ ကမာရွတ်မြို့နယ်မှာ အင်းစိန်လမ်းမကြီး လှည်းတန်းလမ်းဆုံအနီးမှာ ၁ စင်းကို ဆက်လက်ဆောက်လုပ်နေတယ်လို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။