ပျက်ကျ ဂျာမန်လေယာဉ် ရုပ်အလောင်း ရှာဖွေမှု ရပ်ဆိုင်းဟု ပြင်သစ်ကြေညာ

ပြင်သစ်နိုင်ငံမှာ ပျက်ကျခဲ့တဲ့ ဂျာမန်လေကြောင်းလိုင်း Germanwings ရဲ့ ခရီးသည် ရုပ်အလောင်း ရှာဖွေရေးလုပ်ငန်းတွေကို ဧပြီ ၄ ရက်နေ့က ရပ်ဆိုင်းလိုက်ပြီလို့ ပြင်သစ် အာဏာပိုင်တွေက ကြေညာပါတယ်။ ခရီးသည်ရုပ်အလောင်း DNA စစ်ဆေးမှုတွေကို ဆက်လုပ်မှာဖြစ်ပြီး လေယာဉ်ပျက်အပိုင်းအစ ရှင်းလင်းရေးလုပ်ငန်းတွေကို လာမယ့်အပတ် စတင်မယ်လို့ ကယ်ဆယ်ရေးအရာရှိချုပ် ဗိုလ်ချုပ် ဒေးဗစ် ဂယ်တီယာ (David Galtier) က ကြေညာပါတယ်။ လေယာဉ်ပျက်အပိုင်းအစ ရှင်းလင်းရေးဟာ အချိန် ၂ လလောက် ကြာနိုင်တယ်လို့လည်း ပြောဆိုပါတယ်။ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်သေတ္တာကိုလည်း ပြီးခဲ့တဲ့တပတ်က ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်ပြီး မှတ်တမ်းသေတ္တာ ၂ ခုလုံးရဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တာမှာတော့ တွဲဖက်လေယာဉ်မှူးဟာ လေယာဉ်ကို တမင်ဖျက်ဆီးခဲ့တယ်ဆိုတဲ့အချက်ဟာ ပိုမိုခိုင်မာလာခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီ ၂ ရက်နေ့ကလည်း လေယာဉ်ပျက်ကျတဲ့ ရက်မတိုင်ခင်ရက်တွေမှာ တွဲဖက်လေယာဉ်မှူးဟာ သေကြောင်းကြံနည်းတွေနဲ့ လေယာဉ်မောင်းခန်းတံခါး လုံခြုံရေးအချက်အလက်တွေကို အင်တာနက်မှာ ရှာဖွေလေ့လာခဲ့တဲ့ အချက်အလက်တွေကိုလည်း သူ့ရဲ့ကွန်ပျူတာမှာ  တွေ့ရှိခဲ့ပါတယ်။ တွဲဖက်လေယာဉ်မှူးကို ဆေးကုသပေးခဲ့ဖူးတဲ့ဆရာဝန် ၅ ဦးရဲ့ ရုံးခန်းတွေကိုလည်း စုံစမ်းရေးအာဏာပိုင်တွေ ဧပြီ ၃ ရက်နေ့က ရှာဖွေခဲ့ကြပါတယ်။ လေယာဉ်မှူးဟာ  ၂၀၀၉ ခုနှစ်က သူစိတ်အလွန်အမင်း ကျဆင်းတဲ့ဝေဒနာ ခံစားခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကို လေယာဉ်သင်တန်းကျောင်းကို ပြောဆိုခဲ့ဖူးတယ်လို့လည်း မိခင်လေကြောင်းလိုင်း Lufthansa က ပြောဆိုပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="88397,88396,88395,88394"]

More News
Up