Home
မြန်မာသတင်း
မြန်မာပြည်အထက်ပိုင်း တိုက်ပွဲများ ငြိမ်သက်
အေးနိုင်
·
April 3, 2015
အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် ညှိနှိုင်းရေးအဖွဲ့တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် (မူကြမ်း) သဘောတူညီချက်ရရှိပြီး ရက်ပိုင်းအကြာမှာ ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြား တိုက်ပွဲတွေ ရပ်တန့်ငြိမ်သက်နေပါတယ်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက “မတ်လ ၂၇ ရက်နေ့ကနေ ဧပြီ ၂ ရက်မနက်ထိ တောက်လျောက်ဖြစ်နေရာက ဒီနေ့မှာ နည်းနည်းအေးသွားတယ်” လို့ ပြောပါတယ်။ တပ်မတော်ဘက်က တင့်ကားတွေ၊ သံချပ်ကာကားတွေ ရှေ့တန်းအနီးကို ပို့ပြီး  ပြင်ဆင်မှုတွေအရ တိုက်ပွဲတွေကတော့ ဆက်ဖြစ်ဖို့ များနေတယ်လို့ သူက ပြောပါတယ်။ လွန်ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့ (အန်စီစီတီ) အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (မူကြမ်း) ကို သဘောတူညီခဲ့ကြပါတယ်။ ဒီ စာချုပ်ပါစာသား (မူကြမ်း) သဘောတူညီချက်ကို နှစ်ဖွဲ့စလုံးက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို တင်ပြပေးကြမှာဖြစ်ပါတယ်။ ဒီနောက် အတည်ပြုရရှိလာတဲ့  သဘောတူညီချက်ကို ရက်သတ်မှတ်ပြီး တရားဝင်အပြီးသတ်လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ ဒီလ ဧပြီလအတွင်း တနိုင်ငံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို အပြီးသတ်လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်ကြောင်း မူကြမ်းသဘောတူတဲ့နေ့က ပြောခဲ့ပါတယ်။ ဒီတနိုင်ငံလုံးအပစ်ရပ်စာချုပ် (မူကြမ်း) သဘောတူညီချက်နဲ့ပတ်သက်လို့ အန်စီစီတီအဖွဲ့ဝင်လည်းဖြစ်တဲ့ MNDAA က ကြိုဆိုတယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ “ကောင်းပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ကောင်းတာပေါ့။ ကျနော်တို့အဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေရဲ့ ညီလာခံကို လိုင်ဇာမှာ ၂ ကြိမ်၊ လောခီးလာမှာ တကြိမ် တက်ခဲ့ဖူးပါတယ်။ တိုင်းရင်းသားညီအကိုအဖွဲ့အစည်းတွေက ကျနော်တို့ကို အသိအမှတ်ပြုပါတယ်။ အားလုံးပါဝင်ရေးကတော့ အန်စီစီတီမှာ အမြဲတမ်းပြောနေပါတယ်။” တိုက်ပွဲတွေနဲ့ပတ်သက်လို့ အကောင်းဆုံးဖြေရှင်းတဲ့ နည်းလမ်းကတော့ နိုင်ငံရေးဆွေးနွေးတာသာဖြစ်တယ်လို့ယုံကြည်ကြောင်း သူက ဖြည့်စွက်ပြောဆိုပါတယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (မူကြမ်း) စာသားတွေအပေါ် သဘောတူနေချိန်တဆက်တည်းမှာပဲ တပ်မတော်နဲ့ ကေအိုင်အေအကြား၊ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အကြားစစ်ရေးတင်းမာနေပါတယ်။ ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ဒေသမှာ တပ်မတော်နဲ့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်အကြား၊ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊  ထိတွေ့တိုက်ပွဲတွေ ဖြစ်နေကြတာပါ။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ပြောခွင့်ရသူ မိုင်အိုက်ကျော်ကလည်း ဒီရက်ပိုင်းအတွင်း  တိုက်ပွဲမဖြစ်ကြဘူးလို့ ပြောပါတယ်။ သူက “ဒီ ၂ ရက် ၃ ရက်တော့ တိုက်ပွဲမရှိဘူး” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်ခန့်ကတော့ လားရှိုးမြို့ ဆင်တောင်ပတ်ဝန်းကျင်မှာ ဖြတ်သွားတဲ့ တအာင်းပလောင်တပ်ဖွဲ့ကို  အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ လားရှိုးမြို့ခံတဦးက ပြောပါတယ်။ လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်နေချိန် လားရှိုးမြို့က အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တရားခံမပေါ်ပေါက်သေးဘူးလို့ဆိုပါတယ်။   လောက်ကိုင်မြို့ တိုက်ပွဲဖြစ်အပြီး လားရှိုးမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု များလာတယ်လို့ အဲဒီလူငယ်က ပြောပါတယ်။ “အခုကြားနေ ဖြစ်ပျက်နေတာတွေ၊ ဖမ်းဆီးမိနေတာတွေက လောက်ကိုင်တိုက်ပွဲကို အကြောင်းပြုပြီးမှ ကျနော်တို့ လားရှိုးမြို့ထဲကနေတဆင့် မြန်မာပြည် အလယ်ပိုင်း၊ အထက်ပိုင်းပေါ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေ တအားများလာတယ်။ မြန်မာပြည်ဘက်က ဆန်ကားတွေကတော့ မူဆယ်လမ်းမှာ ပုံမှန် တရုတ်ပြည်ဘက်ကို ထွက်နေတာ တွေ့ရပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024