Home
မြန်မာသတင်း
အေဂျီဒီဘဏ် ငွေထုတ်စက်များ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်
DVB
·
April 3, 2015
ပြီးခဲ့တဲ့ရက်ပိုင်းက ငွေထုတ်မရဖြစ်ခဲ့တဲ့  အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် AGD Bankရဲ့  အလို လျောက်ငွေထုတ်စက် အေတီအမ်တွေ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုလို့ရသွားပြီဖြစ်ကြောင်း ဘဏ် ရုံးချုပ်က တာဝန်ရှိသူက ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့က  အေဂျီဒီဘဏ်ကတ်ကိုင်ဆောင်သူတွေ အနေနဲ့  ငွေထုတ်ယူရာမှာ  အဆင်မပြေမှုတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အထူးသဖြင့်  လကုန်ပိုင်း လစာထုတ် ရက်နဲ့ တိုက်ဆိုင်နေတဲ့အတွက်  အေတီအမ် စက်အသုံးပြုသူတွေ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ စနစ် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်ချိန်မှာ ခုလို ၀န်ဆောင်မှု ခဏရပ်တန့်သွားခဲ့တာဖြစ်ပြီး  ခုပုံမှန်ပြန်ဖြစ်သွားပြီလို့  အေဂျီဒီဘဏ်ရုံးချုပ်၊  အိုင်စီတီဌာန ကတ်စင်တာက အကြီးတန်းမန်နေဂျာ  ဦးကျော်လှိုင်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။ "အခုတော့ ပြန်ပြီးတော့ အဆင်ပြေပြေထုတ်ယူနိုင်ပါပြီ ကျနော်တို့  စနစ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တာပါ။ အဲဒါကြောင့်မို့လို့ပါ။ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက စကောင်းသွားတာ။  ဖြစ်တာက မတ်လ ၃၁ ရက်နေ့ အဲဒီတရက်ပါပဲ။  ကျနော်တို့ ကွန်ရက်တခုလုံးပေါ့။ အေဂျီဒီဘဏ် ကနေ ၀န်ဆောင်မှုပေးထားတဲ့ အေတီအမ်စက်တွေမှာပေါ့။ အဲဒီအတောအတွင်း ဒီဘက်က ရုံးချုပ်ကနေပြီး လှမ်းပြီး အဆင့်ြ့မှင့်တာ လုပ်လိုက်တဲ့ အတွက် အကုန်လုံး ဖြစ်သွားတာပေါ့။ အခု ၁ ရက်နေ့ မနက်ကစပြီး အကုန်ပြန်ရပါပြီ”လို့ ပြောပါတယ်။ ဘဏ်ရဲ့ အေတီအမ်စက်တွေကနေ  ငွေထုတ်ယူရာမှာ   ငွေသားလက်ခံ မရရှိတာ၊  ငွေ ပမာဏလျော့ သွားတာ၊  ကတ်ညှပ်သွားတာ၊  ကတ်ပျောက်သွားတာအပြင်  ပြည်တွင်းဘဏ်တွေ အကြားချိတ်ဆက် ၀န်ဆောင်မှုပေးနတဲ့  MPU မှာလည်း ငွေထုတ် မရတဲ့ ပြသနာရှိရင် ဘဏ်ရဲ့  Call Center  ဖုန်းနံပါတ်တွေကို ဆက်သွယ်အကူအညီတောင်းဖို့  အေဂျီဒီဘဏ်က ထုတ်ပြန်ထားပါတယ်။ ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက် အနည်းငယ် ရှိတဲ့အတွက် နည်းပညာဆိုင်ရာပြု ပြင်မှုတွေ ပြုလုပ်မှာကြောင့် အေတိအမ်  ဝန်ဆောင်မှုကို  ယာယီ အသုံးပြုလို့ ရမှာမဟုတ်ဘူးလို့  ဘဏ်ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ် ကနေ  ကြိုတင်ကြေညာထားခဲ့ပါတယ်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်အနေနဲ့  တောင်းပန်တယ်လို့လည်း အကြီးတန်းမန်နေဂျာ ဦးကျော်လှိုင်ဝင်းက ပြောပါတယ်။ “ကျနော်တို့  ပိုကောင်းအောင်လုပ်တဲ့ အတောအတွင်းမှာ ဒီလိုဖြစ်သွားတဲ့ အတွက်ကြောင့် ကျနော်တို့ တကယ်စိတ်မကောင်းပါဘူး ရှေ့လျောက်ပြီးတော့ ယုံယုံကြည်ကြည်နဲ့  ကျနော်တို့ကို ဆက်လက်ပြီးတော့ သုံးစွဲကြပါလို့ ပြောချင်ပါတယ်။” အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၀ သြဂုတ်လမှာ  စတင်ဖွင့ှ်ကာ နိုင်ငံတ၀န်းဘဏ်ခွဲပေါင်း ၅၀နီးပါးနဲ့ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ဘဏ်လို့ လူသိများပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024