ဂျာမန်လေယာဉ်မှု သေကြောင်းကြံနည်းများ ရှာဖွေလေ့လာခဲ့ဟုဆို

ပြီးခဲ့တဲ့တပတ်က ပြင်သစ်နိုင်ငံမှာ ပျက်ကျသွားတဲ့ Germanwings လေကြောင်းလိုင်း ဘိုးရင်း A320 လေယာဉ်ရဲ့ တွဲဖက်လေယာဉ်မှူး အန်ဒရက်လူးဘစ်ဟာ မိမိကိုယ်ကိုယ် သေကြောင်းကြံနည်းတွေကို ရှာဖွေလေ့လာခဲ့ပါတယ်။ ဧပြီ ၂ ရက်နေ့က တွဲဖက်လေယာဉ်မှူးရဲ့ ကိုယ်ပိုင်ကွန်ပျူတာကို ဂျာမန်စုံစမ်းရေးအရာရှိတွေက စစ်ဆေးကြည့်တဲ့အခါမှာ လေယာဉ်မှူးဟာ မိမိကိုယ်ကို သေကြောင်းကြံနည်းတွေကို ရှာဖွေလေ့လာထားပြီး လေယာဉ်မောင်းခန်းတံခါးရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကိုလည်း အသေးစိတ် သုတေသနလုပ်ရှာဖွေထားတာ တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ပျက်ကျသွားတဲ့ Germanwings လေကြောင်းလိုင်း ဘိုးရင်း A320 လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းတင်သေတ္တာကို ရှာဖွေတွေ့ရှိပြီလို့ မာဆေးမြို့အစိုးရရှေ့နေက ဧပြီ ၂ ရက်နေ့က ပြောပါတယ်။ လေယာဉ်မှတ်တမ်းသေတ္တာဟာ အကောင်းပကတိအတိုင်းပဲ ရှိတယ်လို့လည်း ပြောဆိုပါတယ်။ ဒီသေတ္တာဟာ လေယာဉ်မပျက်ကျခင် နောက်ဆုံးပျံသန်းမှုဆိုင်ရာ အချက်အလက်တွေဖြစ်တဲ့ လေယာဉ်ပျံသန်းနေတဲ့ အရှိန်နှုန်း၊ အမြင့်၊ ဦးတည်ရာလမ်းကြောင်း၊ လေယာဉ်အင်ဂျင်တွေရဲ့ အခြေအနေတွေကို အသေးစိတ်မှတ်တမ်းတင်ထားတာပါ။ လေယာဉ်မှူးအသံဖမ်းစက်သေတ္တာကိုတော့ လေယာဉ်ပျက်ကျခဲ့တဲ့နေ့မှာပဲ ရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒါကရတဲ့ အချက်အလက်တွေအရ တွဲဖက်လေယာဉ်မှူး Andreas Lubitz ဟာ လေယာဉ်ကို တမင်ပျက်ကျအောင် လုပ်ဆောင်ခဲ့တယ်လို့ စုံစမ်းရေးအရာရှိတွေက သိရှိထားပါတယ်။ တွဲဖက်လေယာဉ်မှူး Lubitz  ဟာ မတ်လ ၂၄ ရက်နေ့က စပိန်နိုင်ငံ၊ Barcelona မြို့ကနေ ဂျာမနီနိုင်ငံ၊ Duesseldorf မြို့ကို ပျံသန်းစဉ် လေကြောင်းဆက်သွယ်ရေးစခန်းနဲ့ နောက်ဆုံးအဆက်အသွယ်လုပ်ပြီး လေယာဉ်ကို တမင်းထိုးဆင်းစေခဲ့ပါတယ်။ နောက် ၈ မိနစ်အကြာမှာ လေယာဉ်ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသူ ၁၅၀ လုံး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up