တရားမ၀င် နယ်စပ်ဖြတ် ဗြိတိန်နိုင်ငံသား ၉ ဦးကို တူရကီရဲ ဖမ်းဆီး

တူရကီလုံခြုံရေးတပ်တွေက ဗြိတိန်နိုင်ငံသား ၉ ဦးကို ဆီးရီးယားနိုင်ငံဆီ တရားမဝင် ဖြတ်သန်းဖို့ ကြိုးစားမှုနဲ့ ဖမ်းထားတယ်လို့ တူရကီစစ်တပ်က ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဆီးရီးယားနယ်စပ် တူရကီဘက်ခြမ်းက ဟာတေခရိုင်မှာ ဖမ်းမိတာ ဖြစ်ပြီး သူတို့ ဘာကြောင့် နယ်စပ်ကို ဖြတ်ကူးဖို့ ကြိုးစားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ “သူတို့ကို ဖမ်းမိတဲ့ နယ်စပ်ရွာဟာ ဆီးရီးယားနိုင်ငံတွင်း အယ်လ်နတ်စရာတပ်ဦးရဲ့ ဗဟိုဌာနချုပ်ရှိရာ ဆီးရီးယားမြို့ အတ်မာနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်။ သူတို့ကို ဧပြီ ၂ ရက် နေ့ သူတို့နိုင်ငံကို ပြန်ပို့မယ်” လို့ တူရကီအမတ် မာမတ် အလီ အီဒီပိုဂလူက ဒီနေ့ ပြောပါတယ်။ ဖမ်းမိတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ အရင်လက အိုင်အက်စ်အဖွဲ့ ထိန်းချုပ်ထားတဲ့ ဆေးရုံတွေမှာ အလုပ်လုပ်ဖို့ ဆီးရီးယားကို ခရီးထွက်တာလို့ ထင်ရတဲ့ ဆေးကျောင်းသားတွေနဲ့ ဆရာဝန်တွေ အုပ်စုထဲက မဟုတ်ဘူးလို့ အီဒီဘိုဂလူက ပြောပါတယ်။ အသက် ၁၉ နှစ်ကနေ ၂၅ နှစ်ကြား ၁၀ ယောက်ပါတဲ့ အုပ်စုဟာ ဆူဒန်မြို့တော် ခါတွန်ကနေ တူရကီနိုင်ငံ အစ္စတန်ဘူလ်ကို မတ် ၁၂ရက်နေ့က လေယာဉ်နဲ့ ရောက်လာတာပါ။ အဲဒီနောက် ဆူဒန်နိုင်ငံသား ၂ ယောက်ပါတဲ့ လူ ၁၁ ယောက် အုပ်စုဟာ ကနေဒါနိုင်ငံ တိုရွန်တိုကနေ အစ္စတန်ဘူလ်ကို ရောက်လာပြီး ဆီးရီးယားကို ၂ အုပ်စုအတူ တရားမဝင် ဖြတ်သွားခဲ့ကြတယ်လို့ သူက ပြောပါတယ်။ ထောင်နဲ့ ချီတဲ့နိုင်ငံခြားသားတွေဟာ ဆီးရီးယားနဲ့ အီရတ်က အစွန်းရောက်အုပ်စုတွေနဲ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အစွန်းရောက်အဖွဲ့တွေထံ ပူးပေါင်းခဲ့ကြပြီး သူတို့ထဲက အများအပြားက တူရကီနိုင်ငံကို ဖြတ်သန်း သွားရောက်ခဲ့ကြတာပါ။ တူရကီအစိုးရကတော့ နိုင်ငံအရှေ့တောင်ဘက် နယ်စပ်မျဉ်းတွေကို ပိုကောင်းကောင်း မထိန်းချုပ်လို့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံတွေက သူတို့နိုင်ငံသား ဘာသာရေး စစ်ဝါဒီ ဖြစ်လာမယ့် သူတွေကို စတည်းက ခရီးမသွားအောင် တားမြစ်ဖို့ ပျက်ကွက်တယ်လို့ တူရကီက တန်ပြန် စွပ်စွဲ ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up