Live
Home
မေးမြန်းခန်း
ကော်မရှင်ဥက္ကဋ္ဌကြီးဟာ ပြည်ခိုင်ဖြိုးပါတီရဲ့အမာခံပုဂ္ဂိုလ်ကြီးဖြစ်နေတယ် - ရှေ့နေဦးကိုနီ
အေးနိုင်
·
April 2, 2015
သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ကော်မရှင်ဦးရေ ၈ ဦး (လက်ရှိ ၇ ဦးအပြင်) ထပ်တိုးမယ်လို့ ပြည်ထောင်စုလွှတ်တော်ထံ မတ် ၃၀ ရက်နေ့က သ၀ဏ်လွှာပေးပို့ပါတယ်။ ဒီသ၀ဏ်လွှာအပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်သန့်ရှင်း တရားမျှတနိုင်ဖွယ်ရှိ မရှိတွေနဲ့ပတ်သက်လို့  တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဗဟိုရွေးကောက်ပွဲကော်မရှင်ကို နောက်ထပ် ၈ ဦးတိုးဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ကနဦးအနေနဲ့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနဲ့အညီ ဖွဲ့စည်းထားမှုရှိ၊ မရှိနဲ့  ကော်မရှင်အဖွဲ့ဝင် ထပ်တိုးမယ့်အပေါ် ခြုံငုံသုံးသပ်ပြပါ။ “လက်ရှိရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ ညီ၊ မညီက စပြောရရင် လက်ရှိ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ဖွဲ့စည်းထားတာ။ အဲဒီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၂ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ ဖျက်လိုက်ပြီ။ အဲဒါက ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ဖျက်လိုက်တာ။ ဒါပေမယ့် ဒီကော်မရှင်က ဆက်ပြီးတော့ ကျန်နေတယ်။ ဆိုလိုတာက လက်ရှိ ဦးတင်အေး ဥက္ကဋ္ဌကြီးအဖြစ် တာဝန်ယူထားတဲ့ ကော်မရှင်သည် ၂၀၁၀ ဥပဒေနဲ့ဖွဲ့တာ။ ၂၀၁၀ ဥပဒေအရဆိုရင် သမ္မတ ကြိုက်တဲ့သူနဲ့ ဖွဲ့ပေးလို့ရတယ်။ ဒါပေမယ့် ၂၀၁၂ ဥပဒေကျတော့ သမ္မတကြိုက်တဲ့သူနဲ့ ဖွဲ့ရမယ့်နေရာမှာ ကန့်သတ်ချက်တွေရှိလာတယ်။ ဆိုလိုတာက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တရားသူကြီးဟောင်းတွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး တရားလွှတ်တော်နဲ့ ဥပဒေအရာရှိအဖြစ် အနည်းဆုံးတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဥပဒေပညာရှင်တွေ၊ တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး နှစ် ၂၀ လုပ်ဖူးတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒါအပြင် အင်မတန် ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ဖွဲ့ရမယ်လို့ သူက ကန့်သတ်ထားတယ်။ အဲဒါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈ မှာလည်း ဒီအတိုင်းပဲ ပါတယ်။ အဲဒီတော့ လက်ရှိကော်မရှင်အဖွဲ့ဝင်လူကြီးတွေဟာ အဲဒီအရည်အချင်းတွေနဲ့ ကိုက်ညီရဲ့လား အဲဒီက စစဉ်းစားရမယ်၊ ဒါက ပထမ တချက်။ "ဒုတိယတချက်က ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈ အရ ကော်မရှင်ကို အောက်ပါအရည်အချင်းနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် အနည်းဆုံး ၅ ဦးနဲ့ ဖွဲ့စည်းရမယ်ဆိုတော့ အခု ကျနော်တို့ ၇ ဦးနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် အောက်ပါအရည်အချင်းတွေနဲ့ မညီဘူးဖြစ်နေတယ်။ အဲဒီတော့ အောက်ပါအရည်အချင်း ၄ ချက်နဲ့ မညီတဲ့ကော်မရှင်ကို ဥပဒေနဲ့ညီအောင် ပြင်ဆင်ဖွဲ့စည်းရမယ့်အစား ထပ်ပြီးတော့ အဖွဲ့ဝင် ၈ ဦးတိုးတဲ့အချက်ဟာ ဥပဒေမျက်စိနဲ့ကြည့်မယ်ဆို အများကြီး စဉ်းစားစရာ ကောင်းနေတယ်။ နောက်တခု ထပ်တိုးနဲ့တဲ့အခွင့်အာဏာ သမ္မတမှာ ရှိသလား။ ဒီအချက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လိုအပ်ရင် ထပ်တိုးနိုင်တယ်လို့ မပါဘူး။ အနည်းဆုံး ၅ ဦးနဲ့ဖွဲ့ရမယ်လို့တော့ပါတယ်။ အခု ၇ ဦးနဲ့ ဖွဲ့ထားတယ်။ မလုံလောက်ရင် ထပ်တိုးနိုင်သလား ထပ်မတိုးနိုင်ဘူးလားဆိုတာလည်း စဉ်းစားစရာ ဥပဒေအချက် တချက်ရှိတယ်။ ဒါ့အပြင် ထပ်တိုးတဲ့ ပုဂ္ဂိုလ် ၈ ဦးကကော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ မှာပါ အဲဒီအရည်အချင်းတွေနဲ့ ကိုက်ရဲ့လား။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၅ မှာ ကန့်သတ်ထားတဲ့ အရည်အချင်းတွေနဲ့ကော ကိုက်ညီရဲ့လား။ အဲဒါတွေ အများကြီး စဉ်းစားစရာရှိနေတယ်။ အဲဒီအချက်အလက်တွေနဲ့ မညီညွတ်ဘူးဆိုလို့ရှိရင် တိုးလို့မရဘူး။ တိုးလို့ရ၊ မရ ပြဿ    နာအပြင် အဲဒီ အရည်အချင်းနဲ့ ညီမညီဆိုတဲ့ ပြဿ      နာပါ ရှိနေပါတယ်။” ကော်မရှင်အဖွဲ့ဝင် ၈ ဦး ထပ်တိုးဖို့ဆိုတဲ့ကိစ္စဟာ ဒီနှစ်ဆန်းပိုင်းတုန်းက ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ဖြစ်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ခြောက်လခန့် အကြာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရဲ့ ဆောင်ရွက်ချက်ဟာ ဘယ်အခြေခံပေါ်မှာ ဖြစ်လာတာလို့ ကောက်ချက်ဆွဲနိုင်လဲ၊ ဘာကြောင့်လဲ။ “အမှန်တော့ ကျနော်တို့ နားလည်ရ ခက်ခဲနေတယ်။ အမှန်ဆိုရင် ဖြစ်သင့်တာက ရွေးကောက်ပွဲမတိုင်မီ တနှစ်လောက်ကတည်းက ကော်မရှင်ကို ပြန်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းသင့်တယ်။ လိုအပ်ရင် ဦးရေတိုးတာလည်း တိုးမယ်။ အရည်အချင်းနဲ့မညီတာတွေကိုလည်း ဖယ်ပြီးမှ အရည်အချင်းနဲ့ ညီတဲ့သူတွေနဲ့ အစားထိုးဖွဲ့စည်းသင့်တယ်။ ဒါပေမယ့် အဲဒီလိုမလုပ်ဘဲနဲ့ အရည်အချင်းနဲ့ မညီတဲ့ ကော်မရှင်အဟောင်းကို ဆက်ထားပြီးတော့ အခုလို ထပ်ပြီး တိုးချဲ့တဲ့အခါကျတော့ ဥပဒေနဲ့မညီတဲ့အဖွဲ့တဖွဲ့ကို ထပ်တိုးလာလို့တော့ ဥပဒေနဲ့ ညီမယ့်အနေအထားမျိုးဖြစ်မလာဘူး။ နောက်တခု ကော်မရှင်ဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေနဲ့မညီတဲ့ ကော်မရှင်ကလုပ်ပေးတဲ့ ရွေးကောက်ပွဲကော ဥပဒေအရ တရားဝင်ရဲ့လား၊ ဥပဒေနဲ့ ညီရဲ့လားဆိုတဲ့ နောက်ဆက်တွဲမေးခွန်းတွေ မေးလာစရာရှိတယ်။ “အဲဒီတော့ ကျနော့်သဘောကတော့ သမ္မတကြီးကို ကျနော် အမြဲတမ်းအကြံပေးပါတယ်။ ဒီကော်မရှင်ကို ဥပဒေနဲ့ညီအောင် ပြန်ဖွဲ့ပေးပါ။ သမ္မတမှာ ဒီအခွင့်အာဏာရှိတယ်။ သမ္မတကြီး ကြိုက်တဲ့သူနဲ့ ဖွဲ့စည်းလို့ရတယ်၊ ဒါပေမယ့် ဥပဒေက ပြဋ္ဌာန်းထားတဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့လူမျိုးတော့ ဖြစ်သင့်တယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ လာမယ့်ရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ ဒါတွေအားလုံးဟာ ကော်မရှင်ပေါ်မှာ မူတည်နေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ လုပ်ပေးနိုင်လောက်အောင် အလယ်အလတ်ကျ၊ သမာသမတ်ကျမယ့် ဒိုင်လူကြီးမျိုးပေါ့ဗျာ ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ပြန်ဖွဲ့တာက အခုလို အစားထိုးဖြည့်စွက်တာထက် စာရင် ပိုကောင်းတယ်လို့ ကျနော်တော့ အဲလိုအကြံပေးချင်တာပဲ။” အခုလက်ရှိမှာ ဗဟိုအဆင့်ကနေ အောက်ခြေအဆင့်ထိ စုဖွဲ့ထားတဲ့ ကော်မရှင်ဖွဲ့စည်းပုံတွေဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဧကန်ဖြစ်ဖို့  ယုံကြည်လောက်စရာရှိသလား။ “မရှိဘူးခင်ဗျ။ အဓိက ကတော့ ကော်မရှင်ထိပ်က ပထမဦးဆုံး ကျနော်တို့ ကြည့်ရမှာက  ကော်မရှင်ဥက္ကဋ္ဌကြီးဟာ ပြည်ခိုင်ဖြိုးပါတီရဲ့အမာခံပုဂ္ဂိုလ်ကြီးဖြစ်နေတယ်။ တချိန်က ကျနော်တို့ မန္တလေးတိုင်း တံတားဦးမှာ လွှတ်တော်အမတ်အဖြစ်တောင် ပြည်ခို်င်ဖြိုးပါတီကို ကိုယ်စားပြု ပါဝင်ခဲ့တဲ့ ပုဂ္ဂိလ်ဖြစ်နေတယ်။ ဒီအချက်ကိုလည်း နည်းနည်းစဉ်းစားဖို့လိုတယ်။ နောက်တခါ ဥက္ကဋ္ဌကြီးက ပြည်ခိုင်ဖြိုးပါတီကို တည်ထောင်ခဲ့တဲ့ founder တယောက်လည်းဖြစ်နေတယ်။ အဲဒီတော့ အဓိကပြိုင်မှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ခိုင်ဖြိုး ပြိုင်မယ့်ပွဲမှာ  ပြည်ခိုင်ဖြိုးပါတီ တည်ထောင်သူက ဒိုင်လူကြီးအနေနဲ့ လုပ်ပေးမယ်ဆိုတော့ အမြင်အားဖြင့်ကို ကျနော်တို့က ကြည်ကြည်လင်လင် မြင်လို့မရဘူး၊ ကြည့်လို့မရဘူး အဲလိုဖြစ်နေတယ်။ ဒါကတချက်၊ နောက်တချက် အောက်ခြေကော်မရှင်အဆင့်ဆင့်ကို ဖွဲ့စည်းတဲ့အခါမှာလည်း အများဆုံး တပ်မတော်အရာရှိကြီးတွေနဲ့ ဖွဲ့ထားတာ တွေ့ရတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးက တပ်မတော်က ထောင်ပေးထားတဲ့ပါတီ၊ ပြည်ခိုင်ဖြိုးပါတီဝင်အများစုဟာလည်း တပ်မတော်အရာရှိကြီးတွေ ဖြစ်နေတယ်။ ဒီအခြေအနေမျိုးမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲ အမှုထမ်းတွေ အားလုံးကလည်း တပ်မတော်က အရာရှိတွေဖြစ်နေတယ်ဆိုတော့ သန့်ရှင်းပြီး တရားမျှတတဲ့ လွပ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ပါ့မလား ဆိုတဲ့ သံသယ လူတော်တော်များများမှာ ၀င်နေတယ်ခင်ဗျ။” မနေ့က လွှတ်တော်တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေနဲ့ တွေ့ဆုံမှုဖြေကြားချက်မှာ ဖွဲ့စည်းပုံ မမျှတရင် ရွေးကောက်ပွဲဟာလည်း မျှတမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲမမျှတရင် ပြည်သူတွေရဲ့ ကိုယ်စားပြုမှုဟာလည်း မစစ်မှန်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ခြောက်လလောက်သာလိုတော့တယ်ဆိုတော့ ဖွဲ့စည်းပုံက ပြင်ဆင်မယ်ဆိုရင်တောင် အချိန်ရှိပါတော့မလား။ “အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အမြဲပြောနေတဲ့စကားတခုရှိတယ်ဗျ၊။ အဲဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ရင် ဘယ်လောက်ပဲ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ပါစေ၊ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတော့ဖြစ်မှာမဟုတ်ဘူးလို့ သူက ဒီလို ပြောတယ်ခင်ဗျ။ အဲဒီအချက်က အတော်လေး အရေးကြီးပါတယ်။ ဘာကြောင့်တုန်းဆိုတော့ သိတဲ့အတိုင်း အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် တပ်မတော်က ၂၅ ရာခိုင်နှုန်းကို သူက ယူထားတယ်ဗျ ရွေးကောက်ပွဲမ၀င်ဘဲ။ အဲဒီ ၂၅ ရာခိုင်နှုန်းဟာ တကယ်တော့ သူက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံမဲဖြစ်နေတယ်။ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံမယ့်အဖွဲ့ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ကြည့်ရင် ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်း ရှုံးနေပြီ။ ပြည်ခိုင်ဖြိုးပါတီဘက်ကကြည့်ရင် ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့က အနိုင်ရထားပြီးပြီ။ အဲဒီတော့ ဒီလိုရွေးကောက်ပွဲကို ကျနော်တို့က တရားမျှတတဲ့ရွေးကောက်ပွဲလို့ ဘယ်လိုမှ ပြောလို့မရဘူး။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပပေးမယ့်ပုဂ္ဂိုလ်ကလည်း ကျနော် စောစောက ပြောခဲ့သလို တဖက်ပါတီကို တည်ထောင်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်နေတဲ့အခါကျတော့ လာမယ့်ရွေးကောက်ပွဲဟာ သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောရလောက်အောင် အချက်အလက်အားဖြင့် ခိုင်လုံမှုမရှိဘူးလို့ ကျနော်တော့ အဲဒီလိုသုံးသပ်တယ်ခင်ဗျ။” လွတ်လပ်တရားမျှတတဲ့ aရွးကောက်ပွဲဖြစ်လာစေဖို့ နိုင်ငံတကာအကြံပြုချက်တွေ၊ ဖိအား စတာတွေကရော ဘယ်လောက်ထိရှိနေလဲ။ ဘယ်လောက်ထိရောက်နိုင်မလဲ။ “ဖိအားကတော့ရှိတယ်ဗျာ။ သူတို့ကလည်း လေ့လာဖို့ အဖွဲ့အစည်းတွေ လာဖို့လည်းရှိပါတယ်။ အဲဒီဘက်ကတော့ အားလုံး ကောင်းတယ်ဗျ။ မကောင်းတာက ဥပဒေပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေက မမျှတအောင် ဖန်တီးထားတာဖြစ်တဲ့အတွက် ဘယ်လောက်ပဲ လွတ်လပ်လွတ်လပ် နိုင်ငံတကာက ကြည့်မှာက ဘယ်လောက်တရားမျှတသလဲ ဒါကိုပဲ ကြည့်မှာ။ ကျနော်တို့က လွတ်လပ်ပေမယ့်လို့ ဥပဒေက မမျှမတ ရေးထားတဲ့အခါကျတော့ တရားမျှတမှု မရှိနိုင်ဘူးဆိုတဲ့အချက်အပေါ်မှာ ကျနော်တို့က အခြေခံတာပေါ့။ လွတ်လပ်ရုံနဲ့ မပြီးသေးဘူး။ တရားမျှတဖို့လည်း လိုသေးတယ်လေ။”  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေအဖို့ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေးတွေအပေါ် မှီခိုရမှုဟာ သူတို့ရဲ့ ဘက်မလိုက်ရေးမူအပေါ် သက်ရောက်မှုရှိတယ်လို့ မြန်မာပြည်သူအများက  သိမြင်လက်ခံနေကြတဲ့အကြောင်း မနေ့က Carter Center အဖွဲ့ရဲ့ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် အကြံပြုချက်ထဲမှာ ဖော်ပြပါတယ်။ ဒီအပေါ် ဆွေးနွေးပေးပါလား။ “အဲဒါ မှန်တယ်ခင်ဗျ။ အစိုးရအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အတော်လေးကို ပတ်သက်နေတယ်။ နောက်ဆုံးဗျာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ အားလုံးဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ တွဲထားတယ်။ အဲဒီတော့ လက်ရှိ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးက လုံးဝ အရပ်သားအောက်မှာ မရှိသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ကြီးကိုကို၊ သူ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတာ။ တကယ့်တကယ်တမ်းပြောရရင် မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးက တပ်အောက်မှာပဲ ရှိသေးတယ်။ အဲဒီတော့ ရှင်းရှင်းပြောရရင် ဒီရွေးကောက်ပွဲဟာလည်း တပ်ကထောင်ထားတဲ့ပါတီနဲ့ အရပ်ဘက်ပါတီနဲ့ ပြိုင်မှာ။ ဒီအချိန်မှာ အုပ်ချုပ်ရေးနဲ့ ရွေးကောက်ပွဲကော်မရှင် လုံးဝ ကွဲပြားနေရင် ကောင်းတယ်။ အခု အဲဒီလို မကွဲဘူးဆိုလို့ရှိရင်တော့ ဒါ နည်းနည်းလေး ဝေဖန်စရာ၊ ပြောစရာ ရှိလာတာပေါ့ဗျာ။ ဒါလည်းပဲ ဟုတ်ပါတယ်။” ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီအောင် ဖွဲ့မယ်ဆိုရင် ဒေသဆိုင်ရာအဆင့်တွေမှာပါ ဘယ်လိုမျိုး ပါဖို့သင့်တယ်ထင်မြင်သလဲ။ “အမှန်တော့ဗျာ ဒီလို အစိုးရ၀န်ထမ်းတွေနဲ့ အဓိကထားဖွဲ့တာဗျ။ အဲဒီအချက်က အမှန်တော့ ကောင်းတယ်ဗျ။ အစိုးရ၀န်ထမ်းတွေက နိုင်ငံတကာအမြင်နဲ့ကျရင်ပြောတာ ကောင်းတယ်လို့ဆိုတာ။ အစိုးရ၀န်ထမ်းတွေဆိုတာက ပါတီတွေကို ဘက်မလိုက်ဘူးလေ။ သူက အစိုးရအလုပ်ပဲလုပ်တယ်ဆိုတော့။ နိုင်ငံရေးပါတီတွေဟာ အတက်အကျရှိမယ်ပေါ့ဗျာ။ အရွေးခံရရင် အစိုးရဖြစ်မယ်။ အရွေးမခံရရင် အတိုက်အခံဖြစ်မယ်။ ဒါပေမယ့် နိုင်ငံ့ဝန်ထမ်းကျတော့ တော်တော်လေးရှင်းတာက ဘယ်အစိုးရတက်တက် သူက အမြဲတမ်း သူ့ဟာသူ ရှိနေမှာ။ နိုင်ငံ့ဝန်ထမ်းက အမြဲတမ်းရှိနေမယ်ဆိုတော့ နိုင်ငံဝန်ထမ်းက ရွေးကောက်ပွဲလုပ်ပေးတယ်ဆိုတာ တကယ်ဆို ဒါက သူများနိုင်ငံတွေမှာတော့ တော်တော်ကောင်းတယ်လို့ ပြောကြမယ်ပေါ့ဗျာ။ သို့သော် ကျနော်တို့ဆီမှာ ပြဿ   နာတခု ရှိနေတာက ရွေးကောက်ပွဲကျင်းပပေးဖို့ နိုင်ငံ့ဝန်ထမ်းကို သုံးဖို့အရေးမှာ ပြဿ နာ ဘာရှိသတုန်းဆိုတော့ ကျနော်တို့ဆီက နိုင်ငံ့ဝန်ထမ်းတွေဟာ တချိန်လုံး အာဏာရှင်အောက်မှာ နေခဲ့ရတဲ့အခါကျတော့ အစိုးရရဲ့ ခိုင်းတာကို လုပ်ရတဲ့လူတွေ ဖြစ်နေတယ်။ အဲဒီအခြေအနေကြီးက ကျနော်တို့ဆီမှာကတော့ တော်တော်လေးကို ခေါက်ရိုးကျိုးနေတယ်။ တနည်းအားဖြင့် ကျနော်တို့ဆီက ၀န်ထမ်းတွေဟာ ငါတို့က ပြည်သူ့ဝန်ထမ်း၊ ဘယ်ပါတီမျက်နှာမှ ကြည့်စရာမလိုဘူး။ ငါတို့ဟာ၊ ငါတို့ရဲ့ ရပ်တည်ချက်ဟာ ပြည်သူ့ဝန်ထမ်းဆိုတဲ့ ပြည်သူ့ဘက်က ရပ်တည်ရမယ်ဆိုတဲ့ ဒီလို အခြေခံ နားလည်မှုမျိုးက ကျနော်တို့ဝန်ထမ်းတွေမှာ မရှိတော့ဘူး။ အစိုးရခိုင်းတာလုပ်ရမယ်၊ အုပ်ချုပ်ရေးဘက်က ခိုင်းတာလုပ်ရမယ်ဆိုတဲ့အမြင်မျိုးကို ဖြစ်နေတယ်။ ဒီအခြေအနေကလည်း တော်တော်လေးပြန်ပြုပြင်ရမယ့်အခြေအနေပေါ့။ ဒီအခြေအနေမျိုးမှာ အုပ်ချုပ်ရေးဘက်က ၀န်ထမ်းတွေနဲ့ ကော်မရှင်ဟာ လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့သဘောမရှိဘူး။ အဲဒီတော့ လွတ်လွတ်လပ်လပ်လုပ်နိုင်မယ့်သူဆိုရင်တော့ ရပ်ကွက်ကနေပြီးတော့မှ အခြေခံကျကျပေါ့လေ မြို့နယ်က သမာသမတ်ကျကျ ရွေးတဲ့ နည်းစနစ်တခုခုကို ဖန်တီးပြီးတော့ အဲဒီနည်းအတိုင်း ရွေးနိုင်မှ ကော်မရှင်တွေဟာ ခုနက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးနိုင်မယ့် ကော်မရှင်မျိုးလို့ သုံးသပ်လို့ ရနိုင်မယ်၊ ခန့်မှန်းလို့ ရနိုင်မယ်။ အခုလက်ရှိအနေအထားကတော့ ကော်မရှင်ကို အပေါ်ကနေ အောက် အဆင့်ဆင့်ဖွဲ့ပေးသွားတာ ဖြစ်နေတယ်။ ပြည်သူလူထု ယုံကြည်ကိုးစားလောက်တဲ့ပုဂ္ဂိလ်မျိုး သိပ်ပြီးတော့ မတွေ့ရဘူးပေါ့ဗျာ။ ပြည်သူလူထု ယုံကြည်ကိုးစားတဲ့ပုဂိုလ်တွေပါအောင် ဖွဲ့စည်းနိုင်တဲ့ စနစ်မျိုး၊ ဥပဒေပြဋ္ဌာန်းချက်မျိုးကလည်း မရှိဘူးဖြစ်နေတယ်။ ဒါကလည်း အားနည်းချက်တခုပေါ့ဗျာ။ နောက်တော့ ကျနော်တို့ပြင်ယူရမယ့်ဟာတွေပေါ့လေ။” လာမယ့်ရွေးကောက်ပွဲမှာ တပ်မတော်နဲ့ ရဲတပ်ရင်းတွေမှာ ကြိုတင်မဲပေးတာတွေ အပါအ၀င် ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ စောင့်ကြည့်လေ့လာသူတွေ၊ ပါတီကိုယ်စားလှယ်တွေ အပြည့်အ၀ စောင့်ကြည့်လေ့လာနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့ရော ဘာတွေ ပြင်ဆင်ထားကြလဲ။ ဘာတွေ လုပ်ဖို့လိုသလဲ။ “အဲဒါကတော့ ရှိတယ်ခင်ဗျ။ ကြိုတင်မဲနဲ့ မဲမသမာမှုမလုပ်နိုင်အောင်တော့ ကျနော်တို့ ကာကွယ်လို့ရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လက်ရှိ ရွေးကောက်ပွဲဥပဒေမှာ ကြိုတင်မဲနဲ့ညစ်ဖို့လမ်းက နည်းပါတယ်။ ဥပဒေက တော်တော်ကောင်းပြီးတော့ လူတွေက ညစ်လို့ဖြစ်တာပါ။ အဲဒီတော့ အဲဒီဥပဒေအတိုင်း အတိအကျလိုက်နာနိုင်အောင် ကျနော်တို့ စောင့်ကြည့်နိုင်ရင် ကြိုတင်မဲနဲ့ ညစ်ဖို့တော့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆို ကြိုတင်မဲက ၂ မျိုးပဲရှိတယ်ဗျာ။ မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့သူတွေ၊ အဝေးရောက်တဲ့လူက မြို့နယ်ကို ပြန်ပေးတဲ့မဲ။ နောက်တခါ မဲရုံပတ်ဝန်းကျင်မှာရှိပြီး နေထိုင်မကောင်းလို့၊ ခရီးသွားစရာရှိလို့ မလာနိုင်တဲ့သူက ကြိုတင်မဲပေးတဲ့မဲမျိုးပေါ့ဗျာ။ ၂ မျိုးပဲရှိတာပါ။ အဲဒီတော့ အဲဒီကြိုတင်မဲ ၂ မျိုးဟာ လူတိုင်းပေးလို့ မရဘူး။ ပထမတမျိုး မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့သူဆိုရင် ၇ မျိုးပဲ ပေးလို့ရတယ်။ မဲရုံပတ်ဝန်းကျင်မှာရှိနေတယ်ဆိုရင် ၈ မျိုးပေါ့ဗျာ။ ခရီးသွားစရာရှိတဲ့သူတို့၊ အသက်ကြီးတဲ့သူတို့၊ နူနာရောဂါရှိတဲ့သူတို့၊ မီးဖွားနေတဲ့အမျိုးသမီး ဒီလိုမျိုးပေါ့ဗျာ သူက သတ်မှတ်ထားပြီးသား။ အဲဒီဘောင်ထဲကို မ၀င်ဘဲနဲ့ ကြိုတင်မဲပေးလို့ရှိရင် အဲဒီ ကြိုတင်မဲအားလုံးက ပျက်တယ်။ ဥပဒေနဲ့မညီဘူး။ အဲဒါက ကျနော်တို့က စောင့်ကြည့်လို့ရတယ်။ ပုံစံ ၁၃ မှာ ကြည့်လိုက်ရင် ကြိုတင်မဲစာရင်းရှိတယ်။ ပုံစံ ၁၅ မှာ ကြိုတင်မဲစာရင်းတွေရှိတယ်။ ကြိုတင်မဲပေးတဲ့သူတွေဟာ ဥပဒေနဲ့မညီဘူးဆိုရင် ဒီမဲတွေအားလုံးက ပျက်တယ်လို့ ကျနော်တို့က တောင်းဆိုနိုင်တယ်။ အရင်တုန်းက ဒါတွေက မသိလို့ ခံခဲ့ရတာပေါ့ဗျာ ၂၀၁၀ တုန်းက။ အခုနောက်ပိုင်းကျတော့ ပြည်သူလူထုက တော်တော်လေး သိလာပြီ။ ကျနော်တို့ကလည်း ဒါတွေကို လိုက်ပြီးတော့ ဟောတယ်၊ ပြောတယ်။ အသိပညာပေးတယ်။ စာအုပ်တွေဘာတွေလည်း ကျနော်တို့က ရေးနေတယ်။ ဆိုတော့ အခုအခါကျတော့ ပြည်သူလူထုက ဒီ ကြိုတင်မဲနဲ့ ခိုးလို့မရအောင် စောင့်ကြည့်နိုင်တဲ့အနေအထားမျိုးရှိတယ်။ ဒါကြောင့်မို့လို့ ၀န်ထမ်းတွေကို ဖိအားပေးပြီး ကြိုတင်မဲနဲ့ အနိုင်ယူဖို့ကတော့ တော်တော်လေးခက်နေပါတယ်။ လုပ်လို့မရနိုင်ပါဘူး။” ၂၀၁၀ ရွေးကောက်ပွဲကာလနဲ့မတူပဲ မီဒီယာတွေ၊ ဆက်သွယ်ရေးတွေ ဖွံ့ဖြိုးလာတဲ့အခြေအနေမှာ တယ်လီဖုန်းသုံးစွဲသူတွေလည်း များလာတယ်ဆိုတော့ မီဒီယာတွေ။ နိုင်ငံရေးပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေ အခန်းကဏ္ဍတွေကရော ဘယ်လိုပြင်ဆင်ထားသင့်ပါသလဲ။ “သိပ်အရေးပါပါတယ်ခင်ဗျ။ ရွေးကောက်ပွဲတခု တရားမျှတဖို့၊ လွတ်လပ်ဖို့ သန့်ရှင်းဖို့ဆိုတာဟာ ကော်မရှင်ကို အားကိုးလို့ မရပါဘူး။ ကော်မရှင်လည်း လူသားဆိုတော့ သူ့မှာ ဘက်လိုက်မှု ရှိကောင်းရှိနိုင်တယ်။ အဓိကက နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေရဲ့ အသိပညာရင့်ကျက်မှုပဲ။ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတရားအောင် သူတို့မှာ လုပ်ပိုင်ခွင့် အများကြီးရှိတယ်။ သူတို့ လုပ်နိုင်တာတွေ အများကြီးရှိတယ်။ ပါတီဝင်တွေကို ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို သင်ကြားပို့ချပေးမယ်။ အဲဒီဥပဒေအတိုင်း ရွေးကောက်ပွဲ ဖြစ်သလား၊ မဖြစ်ဘူးလား စောင့်ကြည့်ခိုင်းမယ်။ အလားတူ မီဒီယာတွေကိုလည်း ကျနော်တို့က ဥပဒေပညာတွေ ပို့ချပေးတယ်။ ဒီကနေ့ပဲ ကျနော် ပဲခူးမှာ ကျနော် သင်တန်းပေးလာခဲ့တယ်။ အဲဒါ MJI က လုပ်တာ။ Myanmar Journalist Institute က သတင်းထောက်ကိုချည်း ကျနော်တို့ သင်တန်းပေးနေတာ ရွေးကောက်ပွဲအကြောင်း၊ အဲသလို ဂျာနယ်လစ်တွေကလည်း ရွေးကောက်ပွဲဥပဒေတွေသဘောပေါက်ပြီး ဥပဒေနဲ့ညီတယ်၊ မညီဘူးဆိုတာ ၀င်ဝေဖန် ထောက်ပြမယ်။ ပြည်သူလူထုကလည်း ဒီအတိုင်းပဲ ရွေးကောက်ပွဲဆိုင်ရာ အခြေခံဗဟုသုတတွေကို သဘောပေါက်နေပြီးတော့ ဥပဒေနဲ့ ညီတယ် မညီဘူး စောင့်ကြည့်နေမယ်ဆိုရင် ရွေးကောက်ပွဲမသမာမှုလုပ်ဖို့ တော်တော်လေးခက်သွားမယ်။ အဲဒါကြောင့်မို့ ရွေးကောက်ပွဲအောင်မြင်ရေး၊ သမာသမတ်ဖြစ်ရေးဆိုတာဟာ ပါတီတွေရော၊ ပြည်သူတွေရော၊ မီဒီယာတွေရော ၀ိုင်းပြီးတော့ စောင့်ကြပ်ကြည့်ရှုပြီးတော့ တည့်မတ်ပေးရလိမ့်မယ်။ ဒါမှ လွတ်လပ်တရားမျှတသန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ သုံးသပ်ပါတယ်။” ပထမဆုံးမေးခွန်းနဲ့ဆက်စပ်ပြီး ထပ်မေးပါရစေ။ ရွေးကောက်ပွဲကျင်းပဖို့ ခြောက်လလောက်ပဲလိုတော့တာဆိုတော့ ရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖွဲ့စည်းရေးက ဖြစ်နိုင်ပါတော့မလား။ “အများကြီးနောက်ကျနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကို လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ကြိုတင်ပြီးတော့မှ အသစ်ပြန်လည်ပြင်ဆင်ဖွဲ့စည်းသင့်တယ်။ ခုနက တိုင်းရင်းသားတွေလည်း ပါသင့်တာပါစေချင်ပါတယ်။ ဒါပေမယ့် ကျနော်က ဥပဒေနဲ့ညီတဲ့ကော်မရှင်ကို လိုချင်တယ်။ ဥပဒေနဲ့ညီတဲ့ကော်မရှင်ဖြစ်ဖို့ဆို ဘက်မလိုက်တဲ့လူတွေ ဖြစ်ဖို့လိုတယ်။ အဓိကက နိုင်ငံရေးပါတီတခုရဲ့ ပါတီဝင်မဖြစ်ရဘူးဗျ။ ပါတီဝင်မဖြစ်တဲ့သူတွေ၊ ဥပဒေပညာရှင်တွေ ဒီလိုလူမျိုးတွေနဲ့ ခုနလို ၅ ယောက်မက၊ ၁၀ ယောက်၊ ၁၅ ယောက် ဖွဲ့ပါ။ အဲသလိုဖွဲ့ရင် ကောင်းပါတယ်။ အခုလို အစကတည်းက ပါတီဝင်တွေနဲ့ဖွဲ့ထားတဲ့ ကော်မရှင်၊ အရည်အချင်းတွေအားဖြင့်လည်း ဖွဲ့စည်းပုံနဲ့ မညီတဲ့ကော်မရှင်ကို အခုလို ၈ ဦး ထပ်တိုးလို့ကတော့ ဘာမှအကျိုးထူးလာမယ်၊ လာမယ့်ရွေးကောက်ပွဲအတွက် သိသာထင်ရှားတဲ့ သက်ရောက်မှုရှိလမ့်မယ်လို့ ကျနော်တော့ မထင်ပါဘူး။” ၂၀၁၅ အောက်တိုဘာလကုန်။ နိုဝင်ဘာလဆန်းမှာ ကျင်းပမယ်လို့ကြေညာထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြောစရာမှတ်ချက်စကား ပြောပြပါ။ “၂၀၁၅ ရွေးကောက်ပွဲဟာ လူတော်တော်များများ မျှော်လင့်နေတယ်။ မေးခွန်းတွေ အများကြီးမေးကြတဲ့အထဲ ဖြစ်ပါ့မလားဆိုတဲ့မေးခွန်းက ပထမ။ နံပါတ် ၂ မေးခွန်းက ဖြစ်ရင်ကော တရားသဖြင့် ဖြစ်ပါ့မလားဆိုတဲ့ ဒုတိယမေးခွန်း။ တတိယမေးခွန်းက တရားမျှတသည်ဖြစ်စေ၊ မမျှတသည်ဖြစ်စေ ရွေးကောက်ပွဲပြီးရင် ပေါ်ထွက်လာတဲ့အဖြေအတိုင်း ဆက်ပြီး တပ်မတော်က လုပ်ပေးပါ့မလားဆိုတဲ့ မေးခွန်း။ မေးခွန်းတွေ တော်တော်များများရှိနေတယ်။ အဲဒါကြောင့် လာမယ့်ရွေးကောက်ပွဲသည် အင်မတန်စိတ်ဝင်စားစရာကောင်းတယ်လို့ တချက်ပြောချင်တယ်။ ဒုတိယတချက်က လာမယ့်ရွေးကောက်ပွဲဟာ ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်ရမယ့်အနေအထားမရှိဘူး။ တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားသော်လည်းပဲ ပြည်ခိုင်ဖြိုးက ၂၅ ရာခိုင်နှုန်းရပါ့မလားဆိုတာ သိပ် သံသယဖြစ်ဖို့ကောင်းတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ပေါင်းလည်း ၅၁ ရာနှုန်းမရနိုင်ဘူး။ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပဲ ၅၁ ရာနှုန်းကို ရဖို့ဆိုတာ ခက်ခက်ခဲခဲပြိုင်ရမယ်။ ဘာကြောင့်တုန်းဆိုတော့ ၂၅ ရာနှုန်းကို တပ်က ယူထားပြီးပြီ။ ၇၅ ရာနှုန်းပဲကျန်တယ်။ ၇၅ ထဲက အန်အယ်လ်ဒီ ၅၁ ရဖို့ဆိုတာ တော်တော်ကြီးကို ကြိုးစားရလိမ့်မယ်။ သိပ်ခက်တယ်။ ဒါ့အပြင် တိုင်းရင်းသားတွေကလည်း ရှိသေးတယ်။ တိုင်းရင်းသားပါတီချည်းပဲ ပါတီ ၃၀ ရှိတယ်။ အဲဒီတော့ ၇ ပြည်နယ်မှာရှိတဲ့ မဲဆန္ဒရှင်တွေဟာ သူတို့တိုင်းရင်းသားပါတီတွေကို ပေးမှာဆိုတော့ တိုင်းရင်းသားရဲ့ အခန်းကဏ္ဍလည်း တော်တော်လေးတက်လာမယ်။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲပြီးရင် တိုင်းရင်းသားအုပ်စုရယ်၊ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးအုပ်စုရယ်၊ အန်အယ်လ်ဒီအုပ်စုဆိုပြီး အုပ်စုကြီး ၃ စု ပေါ်လာနိုင်တယ်။ အဲဒီ အုပ်စုကြီး ၃ စုအကြား ဘယ်လိုညှိနှိုင်း၊ ဘယ်လို အပေးအယူလုပ်ပြီးတော့မှ တိုင်းပြည်ရဲ့ ရှေ့ရေးချီတက်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲလို့ ပြောချင်ပါတယ်ခင်ဗျ။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024