ထောင်ဒဏ်ကျ မလေးရှားအတိုက်အခံခေါင်းဆောင်၏ အယူခံ ပယ်ချ

ထောင်ဒဏ်ငါးနှစ် ကျခံနေရတဲ့ မလေးရှားအတိုက်အခံ ခေါင်းဆောင် အန်ဝါ အီဘရာဟင်က ဘုရင်ဆီက လွတ်ငြိမ်းချမ်းသာခွင့် အသနားခံတာကို တရားရုံးက ပယ်ချလိုက်ပါတယ်။ အယူခံကို အန်ဝါရဲ့ မိသားစုက ဖေဖော်ဝါရီလတုန်းက တင်ခဲ့တာပါ။ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက အတည်ပြုထားတဲ့ ထောင်ဒဏ်ကို အယူခံဘုတ်အဖွဲ့က ထပ်မံအတည်ပြုလိုက်ပါတယ်။ အတိုက်အခံ ခေါင်းဆောင် အန်ဝါဟာ လက်ရှိ အာဏာရ ပါတီအတွက် တချိန်က ခြိမ်းခြောက်မှု ဖြစ်ခဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတယောက်နဲ့ ယောက်ျားချင်း လိင်ဆက်ဆံမှုနဲ့ စွပ်စွဲခံရပြီး အပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ အန်ဝါ ကိုယ်တိုင်ကတော့ သူ့ကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ချောက်ချတာလို့ ပြောပါတယ်။ အန်ဝါဟာ ၂၀၁၃ ရွေးကောက်ပွဲတုန်းက အာဏာရပါတီကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ သုံးပါတီ ညွန့်ပေါင်းကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိ အာဏာရပါတီနဲ့ မဟာမိတ်တွေဟာ မလေးရှား လွတ်လပ်ရေးရတဲ့ ၁၉၅၇ ခုနှစ်ကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာတာဖြစ်ပါတယ်။ အတိုက်အခံ ခေါင်းဆောင် အန်ဝါဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေကတော့ အလားအလာကောင်းတဲ့ နိုင်ငံရေးသမား ဖြစ်ခဲ့ပါတယ်။ ၀န်ကြီးချုပ် မဟာသီဟာ မိုဟာမက် လက်ထက်မှာ ဒုဝန်ကြီးချုပ် တာဝန်ယူခဲ့ပြီး နောက်တော့ ရာထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။ အခုလက်ရှိ ထောင်တွင်းက အန်ဝါရဲ့ ကျန်းမာရေးအတွက် စိုးရိမ်တဲ့အကြောင်း သူ့မိသားစုနဲ့ သူ့ပါတီက ပြောပါတယ်။ အန်ဝါရဲ့ ပီဂျေပီ  ပါတီကလည်း သူတို့ ခေါင်းဆောင်ကို ထောင်ချတဲ့ ကိစ္စကို ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ အန်ဝါရဲ့ သမီးဖြစ်တဲ့ နူရယ် အီဇာကလည်း ပီဂျေပီ  ပါတီရဲ့ လွှတ်တော်အမတ်ဖြစ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတာ မကြာသေးပါဘူး။ လွှတ်တော်မှာ သူ့ရဲ့ ပြောဆိုမှုဟာ မလေးရှား တရားရေးစနစ်ကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲပြီး ရဲက ဖမ်းခဲ့ပြီး နောက်တရက်ကျတော့မှ ပြန်လွှတ်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up