ဗီယက်နမ်တွင် အလုပ်သမား ထောင်နှင့်ချီ ဆက်လက်ဆန္ဒပြ (ရုပ်သံ)

ဗီယက်နမ်နိုင်ငံတောင်ပိုင်းက အကြီးစားစက်ရုံတရုံမှာ ထောင်နဲ့ ချီတဲ့ လုပ်သားတွေ လူမှုရေးအာမခံကိစ္စနဲ့ ပတ်သက်ပြီး ၅ ရက်မြောက်နေ့အဖြစ် ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့က ဆက်လက်ဆန္ဒပြနေကြပါတယ်။ အနာဂတ်မှာ အာရှရဲ့ စွမ်းစွမ်းတမံ ကုန်ထုတ်လုပ်ရာဌာန ဖြစ်လာဖို့ နေရာယူထားတဲ့ ဗီယက်နမ်နိုင်ငံအတွင်း အလုပ်သမား မတည်ငြိမ်မှုတွေအကြောင်း ရှားရှားပါးပါး ဖြစ်ရပ် ဖြစ်ပါတယ်။ ဟိုချီမင်းမြို့တော်ရဲ့ စက်မှုထွန်းကားရာ ဆင်ခြေဖုံးရပ်ကွက်တွေက မျက်မြင်သက်သေတွေ ကတော့ ရာနဲ့ချီတဲ့လုပ်သားတွေက ပူဝမ်ဗီယက်နမ် ဖိနပ်စက်ရုံအတွင်းနဲ့ အပြင်မှာ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးနေတယ်လို့ ပြောပါတယ်။ ဒီစက်ရုံဟာ Nike Inc, Adidas, Lacoste, Converse နဲ့ Reebok စတဲ့ ကုန်အမှတ်တံဆိပ်တွေအတွက် ချုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒီစက်ရုံမှာ လုပ်သားဦးရေ ၈ သောင်း လုပ်ကိုင်နေပြီး တရုတ်ဖိနပ်လုပ်ငန်း ယွိယွမ်က ထိန်းချုပ်ထားပါတယ်။ တိုင်ဝမ်မှာ မှတ်ပုံတင်ထားတဲ့ ပူချန်ကော်ပိုရေးရှင်းကို လုပ်ငန်းလက်ခွဲ ပေးထားပါတယ်။ အလုပ်သမားတွေရဲ့ လခတွေကနေ လစဉ် အချိုးကျ ဖြတ်ယူထားပြီး အလုပ်ထွက်ရင် တစုတစည်းတည်းပေးမယ့်စုငွေအဖြစ် ကန့်သတ်ထားတဲ့စုငွေအတွက် ၂၀၁၆ မှာ စတင်သက်ရောက်မယ့် လူမှုရေးအာမခံဥပဒေကို အလုပ်သမားတွေက မကျေနပ်လို့ ခုလိုဆန္ဒ ပြနေ တာပါ။ မိခင်ကုမ္ပဏီကို ဆက်သွယ်လို့ မရသေးပါဘူး။ မြို့အရာရှိတွေကတော့ အငြင်းပွားမှုကို ဖြေရှင်းဖို့ ကြိုးစားနေဆဲပါ။ မနှစ်က ဗီယက်နမ်တရုတ် ရေပိုင်နက်အငြင်းပွားမှုကြောင့် တရုတ်နဲ့ ဗီယက်နမ်အစိုးရ တွေကြား သံတမန်ဆက်ဆံရေး တင်းမာချိန်  တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းဖြစ်ခဲ့တဲ့ စက်ရုံတွေထဲမှာ ဒီစက်ရုံလည်း ပါဝင်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးဖို့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ မကြာခင်မှာ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျတို့ ပါဝင်ပြီး ကမ္ဘာ့ကုန်ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်း ရှိတဲ့ ပစိဖိတ်ဖြတ်ကျော် မဟာမိတ်ဒေသဝင် ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up