ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မြန်မာမှ ထွက်ခွာ (ရုပ်သံ)

မန္တလေးကို ရောက်ရှိနေတဲ့ ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ တရုတ်နိုင်ငံကို မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းက ဆက်လက် ထွက်ခွာသွားပါတယ်။ လောင်စာဆီ မသုံးဘဲ ပထမဆုံးအကြိမ် ကမ္ဘာပတ်နေတဲ့ ဆိုလာ အင်းပတ်စ်တူး နေရောင်ခြည် စွမ်းအင်သုံးလေယာဉ်ဟာ မတ်လ ၃၀ ရက်နေ့ မနက် ၃ နာရီကျော်လောက်က မန္တလေးကနေ ဆက်လက် ထွက်ခွာသွားပါတယ်။ ဆိုလာအင်းပတ်စ်တူး လေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မန္တလေးကနေ ထွက်ခွာဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတု အခြေအနေကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပြီး ဒီကနေ့ကျမှ တရုတ်နိုင်ငံ ချုန်ကျင်း ခရီးစဉ်ကို ဆက်လက် ထွက်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။ Bertrand Piccard Swiss pilot (ဒီနေ့ လေယာဉ်ခရီးစဉ်ဟာ တရုတ်နိုင်ငံ Chongqing ချုန်ကျင်း ဖြစ်ပါတယ်။ အားလုံးအဆင်ပြေပြေ ဖြစ်မယ်ဆိုရင်တော့ မနက်ဖန်မနက်မှာ နန်ကျင်းကို နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်နဲ့ ခရီးဆက်မှာပါ။ ပြီးတော့ ပစ္စဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ဟာဝိုင်ရီကို ဆက်သွားကြမှာပါ။) လေယာဉ်ဟာ တရုတ်နိုင်ငံကို ပျံသိန်းချိန် စုစုပေါင်း ၁၉ နာရီလောက် ကြာမယ်လို့ လေယာဉ်မှူးတွေက ခန့်မှန်းထားပါတယ်။ ဒီလေယာဉ်ဟာ မတ် ၁၉ ရက် ည ၈ နာရီက အိန္ဒိယနိုင်ငံ ဗာရာဏသီလေဆိပ်ကနေ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်ခဲ့တာပါ။ ရာသီဥတု အခြေအနေကြောင့် ၁၀ ရက်လောက် ရပ်နားခဲ့ရပြီးမှ ခရီးဆက်လက် ထွက်ခွာနိုင်တာလည်း ဖြစ်ပါတယ်။ ခရီးစဉ်အစအဆုံး မိုင် ၂၂၀၀၀ ကို ဆွစ်ဇာလန်နိုင်ငံသား စွန့်ဦးတီထွင်သူတွေ ဖြစ်တဲ့ ဘာတရမ် ပစ်ကဒ် Bertrand Piccard နဲ့ အင်ဒရေ ဘောခ်ျဘာဒ့် Andre Borschberg တို့က တလှည့်စီ မောင်းနှင်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလေယဉ်ကို အမေရိကန်ဒေါ်လာသန်း ၁၃၀ လောက် အကုန်အကျခံပြီး ဆိုလာဆဲလ်ပေါင်း ၁၇၀၀၀ နဲ့ တည်ဆောက်ထားတာပါ။ ၁ နာရီမိုင် ၃၀ ကနေ မိုင် ၆၀ အကြား ပျံသန်းချိန်အားလုံး ၂၅ ရက်ပဲ ကြာမြင့်မယ့် ခရီးစဉ်ကို အချိန် ၅ လကြာ ကမ္ဘာ့မြို့တွေမှာ ရပ်နားပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှု လူထုကို အသိပေးလှုံ့ဆော်ဖို့ စီစဉ်ထားတာပါ။ လေယာဉ်ဟာ အလေးချိန် ၂၃၀၀ ကီလို ကားတစီးသာသာ အလေးချိန်ရှိပြီး အတောင်ပံ အကျယ်ကတော့ ဘိုးရင်း ၇၄၇ ဂျက်လေယာဉ် အတောင်ပံထက် ပိုမိုကျယ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up