ပါကစ္စတန်နိုင်ငံသား ၅၀၀ ကျော်ကို ယီမင်ပြည်တွင်းစစ်တွင်းမှ ကယ်ထုတ်

Photo by AFP
1.1K
ယီမင်နိုင်ငံကနေ ကယ်ထုတ်လာတဲ့ ပါကစ္စတန်နိုင်ငံသား ၅၀၀ ဟာ ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က ပါကစ္စတန်နိုင်ငံ ကရာချီလေဆိပ်ကို ရောက်ရှိကြပါတယ်။
ယီမင်နိုင်ငံမှာ လက်ရှိ ဆော်ဒီ ဦးဆောင်တဲ့ ညွန်ပေါင်းက ရှီးယားမွတ်စလင် ဟူသီ လက်နက်ကိုင်တွေကို လေကြောင်းကနေ ထိုးစစ်ဆင်နေတာပါ။
အခု စစ်ဆင်ရေး ခဏနားချိန်မှာ ပါကစ္စတန်က သူ့နိုင်ငံသားတွေကို ကယ်ထုတ်လာတာ ဖြစ်ပါတယ်။
ပါကစ္စတန်ဟာ ပင်လယ်ကွေ့ဒေသမှာ အင်အားကြီးဖြစ်တဲ့ ဆော်ဒီနဲ့ မဟာမိတ် ဖြစ်ပါတယ်။ ဒါပေမယ့် အခု စစ်ဆင်ရေးမှာ ပူးပေါင်းဆောင်ရွက်နေသလားဆိုတာကတော့ ပါကစ္စတန်က အတိအကျ မပြောပါဘူး။
ဆော်ဒီစစ်တပ်ရဲ့ ပြောခွင့်ရသူက ပါကစ္စတန်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် ပင်လယ်နီဆိပ်ကမ်းမှာ ဟူသီသူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတာကို မတ် ၂၉ ရက်နေ့က ခဏရပ်ဆိုင်ပေးလိုက်တယ်လို့ ပြောပြီး လိုအပ်ရင် နောက်ထပ် ရပ်ဆိုင်းပေးဖို့လည်း ရှိတယ်လို့ ပြောပါတယ်။
ရှီးယားမွတ်စလင် ဟူသီ သူပုန်တွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ယီမင်နိုင်ငံမြောက်ပိုင်းက ဆာဒါမြို့ဟာ ဆော်ဒီအာရေဗျနိုင်ငံနဲ့ နယ်စပ် ဖြစ်ပါတယ်။
အခုတော့ ဆော်ဒီလေကြောင်းက အဓိက ပစ်မှတ်ထားတဲ့ စစ်မြေပြင် ဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ညက တိုက်ပွဲမှာ ဟူသီသူပုန်တွေ ဆာနာမြို့ကနေ စစ်လေယာဉ်တွေကို ရွေ့နေတာကို ကြားဖြတ် တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆော်ဒီ စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။
ဟူသီသူပုန်အင်အားက ၂ သိန်းခွဲနဲ့ ၃ သိန်းကြား ရှိနိုင်ပြီး သူပုန်တယောက်ကို တနေ့ ဒေါ်လာ ၁၀၀ ပေးတဲ့ ကြေးစားတွေ ဖြစ်တယ်။ ကုန်ကျစရိတ်တွေကို ရှီးယားဦးဆောင်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံက ကျခံနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။