Home
ဆောင်းပါး
အရေးတကြီး စဉ်းစားရမယ့် အာဖဂန်က ရက်စက်တဲ့လူသတ်မှုရဲ့ အဓိကတရားခံ
DVB
·
March 29, 2015
လွန်ခဲ့တဲ့အပတ်က အာဖဂန်နစ္စတန် နှစ်သစ်ကူးမရောက်ခင် ၂ ရက်အလိုမှာ အာဖဂန်နိုင်ငံမှာ အလွန်ဆိုးဝါးတဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်ပြစ်မှုတခုကို အစ္စလာမ္မစ်အစွန်းရောက် အတွေးအခေါ် ၀င်နေတဲ့ လူအုပ်စုတစုက ရက်ရက်စက်စက် ကျူးလွန်ခဲ့ ကြပါတယ်။ [caption id="attachment_87573" align="aligncenter" width="620"]IN-Women-mob-lynching-1 ဈာပနအခမ်းအနား[/caption] ဖာခွန်ဒါလို့ခေါ်တဲ့ အသက် ၂၇ အရွယ် ဘာသာရေးပညာ လေ့လာသင်ယူနေတဲ့ ကျောင်းသူတဦးကို မူလာတယောက်က သူဟာ ကိုရမ်ကျမ်းကို မီးရှို့ပစ်ပါတယ်၊ အော်ဟစ်လိုက်တဲ့ အချိန်မှာပဲ ကဘူးလ်မြို့တော်ရဲ့ အထွတ်အအမြတ် ဗလီဝတ်ကျောင်းတော်မှာရှိနေတဲ့ လူအုပ်ကြီးက သူ့ကို ၀ိုင်းဝန်းရိုက်နှက် အမိုးပေါ်က ပစ်ချ မီးရှို့ သတ်ဖြတ်ပြီး မြစ်ထဲကို မျှောချ သတ်ဖြတ်ပစ်လိုက်ပါတယ်။ အဲဒီ ဆိုးဝါးတဲ့ပြစ်မှုကို ငယ်ရွယ်သူ အမျိုးသမီးငယ်တယောက်အပေါ် သူတို့ ဘာဖြစ်လို့ ကျူးလွန်ခဲ့ကြတာပါလဲ။ ဒါက အရေးကြီးတဲ့ ကိစ္စပါ။ တချို့နိုင်ငံရေးသုံးသပ်ဝေဖန်သူတွေကတော့ ဖာခွန်ဒါကို သတ်လိုက်တာဟာ နှစ် ၃၀ ကြာ စစ်ဒဏ်ကြောင့် ရုပ်ပျက်ဆင်းပျက် ပျက်စီးဒဏ်သင့် ခံခဲ့ရတဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ နက်နက်ရှိုင်းရှိုင်း ပျက်စီးသွားခဲ့တဲ့စိတ်ဓာတ်ကို အာဖဂန် ခေါင်းဆောင်တွေရော၊ နိုင်ငံတကာလူ့အဖွဲ့အစည်းက တာဝန်ရှိသူတွေကပါ ပျောက်ကင်းအောင် ကုသဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဖာခွန်ဒါကို သတ်ဖြတ်ပစ်လိုက်တဲ့ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီး ဟာ (မိုဘိုင်းလ်ဖုန်းတွေနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ) သူကို စွပ်စွဲ ပြောဆိုခဲ့တာဟာ လိမ်ညာ ပြောဆိုခဲ့တာ ဖြစ်ပြီး သူဟာ မြင့်မြတ်တဲ့ဘာသာရေးကျမ်းကို မီးမရှို့ခဲ့ဘူးလို့တတွတ်တွတ် တောင်းပန် ပြောကြားနေတဲ့ အမျိုးသမီးငယ်ကို ဘာလို့ ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြတာပါလဲ။ အာဖဂန်နစ်စတန်နိုင်ငံမှာ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ တစထက်တစ တိုးများလာနေပါတယ်။ အိုင်အက်စ်နဲ့ ဘိုကိုဟာရမ်တွေရဲ့ရက်စက်ကြမ်းတမ်းမှုတွေက နေ့တဓုဝ သတင်းခေါင်းကြီးတွေ ဖြစ်နေတဲ့ ဒီအချိန်မှာ ခု ဖာခွန်ဒါ ရဲ့အဖြစ်လိုမျိုးတွေက ကမ္ဘာကြီးကို အထိတ်တလန့် ဖြစ်သွားအောင် လုပ်ကောင်းမှလုပ်နိုင်ပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီသူတွေနဲ့ တခြားအစွန်းရောက် စစ်သွေးကြွအုပ်စုတွေ ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်ပြစ်မှုတွေဟာ တကယ်တော့ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးစေနိုင်တဲ့ ထိတ်လန့် ခြောက်ခြားစေရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတရပ်ပဲ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ကိစ္စမှာ ကမ္ဘာ့နိုင်ငံတွေက ဒီအာဖဂန်နစ္စတန်နိုင်ငံဟာ လုံခြုံစိတ်ချရတဲ့ ခိုနားရာနေရာတခု ဖြစ်လာပြီး အစွန်းရောက်ဝါဒကြီး ဘယ်တော့မှ ပြန်လည် ရှင်သန်မလာနိုင်အောင် လွန်ခဲ့တဲ့ ၁၃ နှစ်ကာလအတွင်း ဒေါ်လာသန်းထောင်ပေါင်းများစွာနဲ့ လူပေါင်းသောင်းချီ အသုံးပြုပြီး အားထုတ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုရမှာပါ။ ပြောရရင် လမ်းတွေ၊ အဆောက်အဦတွေ၊ ဆေးရုံတွေ ကျောင်းတွေနဲ့ အဖွဲ့အစည်းတွေ တည်ဆောက်ပေးပြီး ၀ိုင်းဝန်းအားထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာလရှည်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်မီးရဲ့ ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ကျင့် သိက္ခာပိုင်း ဆိုင်ရာ ပျက်စီးယိုယွင်းမှုကြီးကိုတော့ လုံးဝနီးပါး လျစ်လျူရှု ထားခဲ့တယ်လို့ ပြောရမှာပါပဲ။ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုတွေကိုပဲ အလေးထားခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍရဲ့ အရေးပါမှုကို အလေးဂရုမပြုခဲ့တာ ဖြစ်ပါတယ်။ ဖာခွန်ဒါကို ဘာသာတရားကို စော်ကားမော်ကား ပြုတယ်လို့ စွပ်စွဲ ပြောဆိုခဲ့တာ ဖြစ်ပြီး လိမ်လည် လှည့်စားတဲ့ မူလာတယောက်ရဲ့ အဲဒီလို စွပ်စွဲ ပြောဆိုမှုကို ယောက်ျားသား အုပ်စုကြီးက စုံစမ်းစစ်ဆေးဖို့ ခဏလေးတောင် မရပ်ဆိုင်းခဲ့ဘဲ ချက်ချင်း ရိုက်နှက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုရဲ့ အသက်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ရှေ့မှာတင် ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်တဲ့အတွက် အလွန် အရုပ်ဆိုးပါတယ်။ သူကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြတဲ့သူတွေဟာ တကယ်တော့ အဆင့်မရှိတဲ့ အောက်တန်းကျတဲ့ လူဆိုးတွေ မဟုတ်ပါဘူး။ မြို့ပြမှာ နေပြီး ကောင်းကောင်းမွန်မွန် မွေးဖွားကြီးပြင်းခဲ့တဲ့ အသက် ၂၀ ကျော် လူငယ်တွေ ဖြစ်ကြပါတယ်။ [caption id="attachment_87574" align="aligncenter" width="620"]IN-Women-mob-lynching-2 ကန့်ကွက်ဆန္ဒပြနေကြသူများ[/caption] ဘာသာရေး တရားသေသမား ရွာသားတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ စစ်ကာလအတွင်း မွေးဖွားကြီးပြင်းခဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဖခင်တွေဟာလည်း စစ်ပွဲထဲမှာ အများစုနေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ် ၃ ခု လောက်သွတ်သွင်းပေးခဲ့တဲ့ အကြမ်းဖက်ယဉ်ကျေးမှုကို လူငယ်မျိုးဆက်တွေလက်ထဲ ကူးပြောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ ကြားဝင်စွက်ဖက်မှုကတည်းက အင်အားကြီးသူတွေက အားကောင်းကောင်းနဲ့ ရှင်သန် ဖွံ့ဖြိုးလာခဲ့ပြီး ငွေကြေးအရရော နိုင်ငံရေး အရပါ တန်ခိုးထွားလာခဲ့ကြပါတယ်။ အင်အားနဲ့ ရက်စက်လူမဆန်မှုတွေကို အသုံးပြုခဲ့ပါတယ်။ အဲဒါကြောင့်လည်း အကျိုးများခဲ့ကြတာပါပဲ။ ရာဇ၀တ်မှုတွေ မှိုလိုပေါက်လာခဲ့ပြီး အများစုက အပြစ်ပေးမခံခဲ့ရဘဲ လွတ်မြောက် နေကြပါတယ်။ ရဲတွေ၊ တရားစွဲဆိုရေးမှူးတွေနဲ့ တရားသူကြီးတွေ အားလုံးကြားမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေခဲ့ပြီး ရာဇ၀တ်မှုကျူးလွန်သူတွေကို လက်ရဲဇက်ရဲ ဖြစ်လာစေခဲ့တဲ့အတွက် နိုင်ငံသားတွေဟာ တရားဥပဒေစိုးမိုးမှုအပေါ် ယုံကြည်မှုမရှိသလောက် ဖြစ်လာကြတော့တာပါပဲ။ တဆက်တည်း ကိုယ်ကျင့်တရားကောင်းမှုနဲ့ ကိုယ်ကျင့်တရားပျက်ယွင်းမှု၊ တရားဥပဒေ ညီညွတ်မှုနဲ့ မညီညွတ်မှု၊ ကောင်းမွန်မှန်ကန်မှုနဲ့ မှားယွင်းဖောက်ပြန်မှုတွေ ကြားမှာ ရှိတဲ့ မျဉ်းကြောင်းတွေဟာေ၀၀ါးလာခဲ့ပြီး လူအများစုဟာ မကောင်းမှုဆိုတာကိုတောင် မသိကြတော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေဟာ နေ့ချင်းညချင်း ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ကျနော်အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းရင်းခံတွေကြောင့်ပဲ ဖြစ်လာခဲ့တဲ့ အကျိုးဆက်တွေပါ။ တကယ်တော့ အာဖဂန်တွေကို သူတို့ရဲ့ ဒူပေနာပေ ခံနိုင်မှုအတွက် ချီးကျူးရမှာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဟာ တကယ့် ဆိုးဝါးကြမ်းတမ်းခက်ခဲတဲ့ ဘ၀မှာ အသက်ရှင်သန် ကျန်ရစ်အောင်နေထိုင်ခဲ့ကြသူတွေရဲ့ နိုင်ငံ ဖြစ်ပါတယ်။ သူတို့ဟာ ၁၉၈၀ ခုနှစ်အတွင်း အစိုးရရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ၊ ၁၉၉၀ ခုနှစ် မူဂျာဟစ်ဒင်တွေရဲ့အချင်းချင်းသတ်ဖြတ်ဖျက်ဆီးတဲ့စစ်မက်တွေ၊ ၁၉၉၀ ခုနှစ် အနှောင်းပိုင်း ရက်စက်ကြမ်းတမ်းပြင်းထန်တဲ့ တာလီဘန်တွေရဲ့ အုပ်ချုပ်မှု၊ အကျဉ်းချမှု၊ နှိပ်စက်ညှင်းပမ်းမှု တွေ၊ ဆင်းရဲမွဲတေမှု၊ ပညာရေးကင်းမဲ့မှုတွေ၊ ဒုက္ခသည်စခန်းတွေက ဆင်းရဲဒုက္ခတွေ နဲ့ ချစ်ခင်သူတွေကို ဆုံးရှုံးရမှုတွေကို တွေ့ကြုံခံစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ အနောက်ကမ္ဘာကတော့ အာဖဂန်ကို အလယ်ခေတ်ထဲမှာ ပိတ်မိ ကျန်ခဲ့တဲ့ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ မျိုးနွယ်စုလူတွေ နေထိုင်တဲ့နေရာလို့ ရှုမြင်လာကြပြီလို့ ပြောရမှာပါပဲ။ ဒါပေမယ့် ဒီကနေ့တော့ ဆိုးဝါးကြမ်းတမ်းတဲ့ဘ၀မှာ အသက်ရှင်သန်ကျန်ရစ်သူ စိတ်နေသဘာဝအတွက် ကရုဏာတရားနဲ့ သည်းခံခြင်းတရားလို လူသား အသက်ရှင် နေထိုင်ရေးမှာ အခရာကျတဲ့ သူတော်ကောင်းတရားတွေအတွက် နေရာမရှိတော့ပါဘူး။ အလွန် ရှေးကျတဲ့ ကျောင်းပညာရေး သင်ရိုးက ကျောင်းသားတွေကို စဉ်စားတတ်ဖို့ ဆင်ခြင်တတ်ဖို့ သင်မပေးနိုင်ပါဘူး။ ကျောင်းတွေနဲ့ ဗလီဝတ်ကျောင်းတော်က ချမှတ်ပေးထားတဲ့ ဘာသာရေး ညွှန်ကြားချက်တွေကလည်း လူငယ်တွေကို အမြင်ကျဉ်းသဘောထားသေးသိမ်မှုကိုပဲ အားပေး အားမြှောက်ပြုတဲ့ ပြန်ဆို နားလည်မှုတွေကိုပဲ သွတ်သွင်းပေးနေတာ ဖြစ်ပါတယ်။ မျှော်လင့်ချက်မဲ့ စိတ်ညှိုးခြုံးကျဆင်းမှုကလည်း အယူသည်း ယုံကြည်မှုတွေကို ရှင်သန်ကြီးထွားလာစေတယ်လို့ ပြောရမှာပါပဲ။ ဒါကြောင့်ပဲ ဖာခွန်းဒါကို သတ်တဲ့ အဓိက တရားခံကတော့ အကြမ်းဖက်ယဉ်ကျေးမှု၊၊ စိတ်ပျက်စရာ အမျိုးမျိုးတွေနဲ့ ဒုက္ခသုက္ခကာလလွန်ပြသနာတွေ၊ အရည်အသွေးညံ့ဖျင်းတဲ့ ပညာရေးစနစ်၊ အဟန့်အတား မရှိတဲ့ ဘာသာရေးအဖွဲ့အစည်းနဲ့ အလွန်အကျူး အားနည်းလွန်းတဲ့ တရားဥပဒေစိုးမိုးရေးတွေကြောင့်ပဲ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ကောက်ချက်ချ ကြပါတယ်။ ဒီအာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးငယ် ဖာခွန်ဒါကို ဘာသာတရားကို စော်ကားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ လူအုပ်ကြီးက ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တဲ့ကိစ္စဟာ အာဖဂန်နစ္စတန် နိုင်ငံ တနိုင်ငံတည်းရဲ့ ကိစ္စ မဟုတ်ပါဘူး။ ကမ္ဘာတ၀ှမ်းလုံးမှာ ဖြစ်နေတဲ့ ဘာသာရေးအခြေပြု ပဋိက္ခတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ တဆက်စပ်တည်း ဖြစ်ပါတယ်။ ဒီလူသားမျိုးနွယ်ကို ဆန့်ကျင် ကျူးလွန်တဲ့ လူသတ်မှုဖြစ်ရတဲ့ အကြောင်းရင်းဟာ ဘာဆိုတာကို အထက်မှာ တင်ပြခဲ့ပြီး ဖြစ်တဲ့အတွက် အဲဒီအကြောင်းရင်းကို ကျနော်တို့တွေ ရှင်းလင်း ဖယ်ရှားပစ်ကြမှ ဒီလို လူမဆန်တဲ့ ဖြစ်ရပ်မျိုးတွေ နောက်ထပ် ထပ် ဖြစ်မလာ တော့မှာပါ။ 97d98012-a5f2-4ad9-bcdb-9c036647cd5f-2060x1236အကြောင်းရင်းတွေ ဖြစ်တဲ့ ကာလရှည်ကြာဖြစ်နေတဲ့ ပြည်တွင်းစစ်၊ အကြမ်းဖက် ယဉ်ကျေးမှု၊ အကျင့်ပျက် ခြစားမှု၊ စစ်အစိုးရအဆက်ဆက်ရဲ့ရက်ရက်စက်စက် ဖိနှိပ် အုပ်ချုပ်မှု အရည်အချင်းမဲ့ ပညာရေးစနစ်၊ လွဲမှားတဲ့ ဘာသာရေးအမြင်ကျဉ်း သဘောထားသေးသိမ်မှု၊ အလွန်အကျူး အားနည်းလှတဲ့ တရားဥပဒေစိုးမိုးရေးတွေဟာ ဒီကနေ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုတာကို မြင်သာထင်ရှား ဖြစ်ပါတယ်။ ခုထိ စစ်အရေခွံလဲ အစိုးရ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အာဖဂန် နစ္စတန်နိုင်ငံမှာ ဖြစ်နေတာတွေထက် မနိမ့်ဘူးဆိုတာကို ကျနော်တို့ သတိပြုမိကြဖို့၊ သတိထား ကာကွယ်ဆန့်ကျင်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်တဲ့အကြောင်း ။           ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024