လေယာဉ်ပျက်ကျရန် လုပ်ခဲ့သူ တွဲဖက်လေယာဉ်မှူး၏ နေအိမ်ကို ဂျာမန်ရဲတပ်ဖွဲ့ ရှာဖွေ

လူ ၁၅၀ သေဆုံးခဲ့ရတဲ့ ဂျာမန်တန်ဖိုးနည်းလေကြောင်းလိုင်း Germanwings လေယာဉ်ရဲ့ တွဲဖက် လေယာဉ်မှူးဟာ လေယာဉ်ကို တမင်ပျက်ကျအောင် လုပ်ခဲ့ပုံပေါ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့အပြီး တွဲဖက် လေယာဉ်မှူးရဲ့အိမ်မှာ မတ် ၂၆ ရက်နေ့က ဂျာမန်ရဲတပ်ဖွဲ့တွေ ပစ္စည်းတွေကို ၀င်ရောက်ရှာဖွေ သိမ်းဆည်းခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် တွဲဖက်လေယာဉ်မှူး Andreas Lubitz ဟာ လေယာဉ်ပျက်ကျချိန်အထိ လေယာဉ်မောင်းခန်းထဲမှာ တဦးတည်း ရှိနေခဲ့ပြီး အပြင်ရောက်နေတဲ့ လေယာဉ်မှူးကြီးက တံခါးဖွင့်ဖို့ တောင်းဆိုခဲ့တာကို မဖွင့်ပေးခဲ့ဘဲ နောက်ဆုံးအချိန်အထိ လေယာဉ်ကို ထိန်းချုပ်သွားခဲ့တယ်လို့ ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ အစိုးရရှေ့နေက သတင်းထောက်တွေကို ပြောပါတယ်။ လေယာဉ်ကို ၁ မိနစ် ပေ ၃၀၀၀ အရှိန်နှုန်းနဲ့ ပျက်ကျသည်အထိ စိုက်ဆင်းသွားအောင် တွဲဖက်လေယာဉ်မှူးပဲ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နိုင်တယ်လို့လည်း ပြောပါတယ်။ တွဲဖက်လေယာဉ်မှူးရဲ့အိမ်မှာ စုံစမ်းရေးအရာရှိ ၅ ဦးက ပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းခဲ့ကြပါတယ်။ တွဲဖက်လေယာဉ်မှူးက လေယာဉ်ကို တမင်ပျက်ကျအောင် ရည်ရွယ်လုပ်ခဲ့တယ်ဆိုရင် သူဘာကြောင့် အဲ့လိုလုပ်ခဲ့လဲဆိုတဲ့ သဲလွန်စတွေရရှိဖို့ ပစ္စည်းအားလုံးကို သိမ်းဆည်းတာဖြစ်ကြောင်း ဒူးစ်ဆိုဒေါ့ဖ် Duesseldorf ရဲတပ်ဖွဲ့ပြောခွင့်ရက ပြောပါတယ်။တွဲဖက်လေယာဉ်မှူးနဲ့ နီးစပ်သူတဦးကိုပါ ရဲတွေက ခေါ်ဆောင်သွားပါတယ်။ German police officers stand outside a house believed to belong to crashed Germanwings flight 4U 9524 co-pilot Lubitz in Montabaurတွဲဖက်လေယာဉ်မှူး Lubitz ဟာ အကြမ်းဖက်ပုံစံမျိုးတော့ မတွေ့ရဘူးလို့ ပြင်သစ်နဲ့ ဂျာမနီအာဏာပိုင်တွေက ဆိုပါတယ်။ Germanwings လေကြောင်းလိုင်းမှာ ၂၀၁၃ စက်တင်ဘာလက စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး လေယာဉ်ပျံသန်းချိန် နာရီပေါင်း ၆၃၀ လောက်ပဲရှိပါတယ်။ လေယာဉ်မောင်းခန်းထဲကို ပြန်ဝင်ခွင့်မရခဲ့တဲ့ လေယာဉ်မှူးကြီးကတော့ လေယာဉ်ပျံသန်းချိန်ပေါင်း ၆ ထောင်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up