Home
မြန်မာသတင်း
တအာင်းနှင့်အစိုးရ တိုက်ပွဲကြောင့် ဒုက္ခသည်များ နမ့်ခမ်းကို ထွက်ပြေး
DVB
·
March 26, 2015
အစိုးရတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်  (တီအန်အယ်လ်အေ) တို့ တိုက်ပွဲတွေကြောင့် နမ့်ခမ်းမြို့နယ်ထဲရှိ ကျေးရွာ ၆ ရွာက ဒေသခံ ၂၀၀၀ လောက် နမ့်ခမ်းမြို့ကို ထွက်ပြေးရောက်ရှိနေကြပါတယ်။ နမ့်ခမ်းမြို့နယ်အနီး အမြင့်ဆုံးတောင်ပေါ်မှာတည်ရှိတဲ့ ကောင်းဝိုင်းကျေးရွာတ၀ိုက်မှာ မတ်လ ၂၄ နဲ့ ၂၅ နှစ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ကောင်းဝိုင်းရွာနဲ့ အနီးနား ရွာတွေဖြစ်တဲ့ မန်ကန်၊ မန်ကောင်း၊ မန်ထန်းစတဲ့ ရွာ ၆ ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးရောက်ရှိလာကြတာလို့ ဒုကသည်တွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ နမ့်ခမ်းမြို့နယ်၊ ပလောင်စာပေယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောပါတယ်။ “တိုက်ပွဲဖြစ်တဲ့ ကောင်းဝိုင်း၊ သူ့နားရွာတွေဖြစ်တဲ့ မန်ကန်၊ မန်ကောင်းစတဲ့ ရွာ ၆ရွာက ရွာလုံးကျွတ် ရောက်လာကြတာပဲ။ ၂၀၀၀ လောက်ရှိတယ်။ ရွာလုံးကျွတ်ဆိုပေမယ့် တချို့ရွာက လူတွေက ကျနော်တို့ဆီ မရောက်ကြသေးဘူး။ တချို့က တောထဲမှာ မထွက်ရဲသေးလို့ ပုန်းနေကြတာလည်းရှိတယ်။ ကလေးတွေများတယ်၊ ကလေးနဲ့ အမျိုးသမီးတွေ များတယ်။” ထွက်ပြေးလာသူတွေကို နမ့်ခမ်းမြို့ အမှတ် ၁ ရပ်ကွက်၊ ကောင်းကတ်ရွာထဲမှာ အိမ်တွေခွဲပြီး နေရာချထားပေးတယ်လို့ ဆိုပါတယ်။ တချို့လည်း အနီးနားရွာတွေက ဆွေမျိုးသားချင်းတွေအိမ်မှာ သွားနေကြတယ်။ မြို့ပေါ်က လုပ်ငန်းရှင်တွေဆီက ရန်ပုံငွေကောက်ပြီး ဒုက္ခသည်တွေ စားသောက်ဖို့ ကူညီ လုပ်ဆောင်ပေးထားပြီး ရန်ပုံငွေလိုနေတယ်လို့ သူက ပြောပါတယ်။ အစိုးရတပ်နဲ့ တအာင်းတပ်တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူအများစုဟာ ပလောင်တိုင်းရင်းသားတွေချည်းဖြစ်ပြီး မနှစ်ကလည်း အလားတူ တိုက်ပွဲတွေကြောင့် နမ့်ခမ်းမြို့ကို ထွက်ပြေးရောက်ရှိခိုလှုံနေထိုင်ခဲ့ကြရဖူးပါတယ်။ [gallery ids="87293,87294,87295,87296,87297"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024