လေယာဉ်ပျက်ကျချိန်တွင် လေယာဉ်မှူးတဦး ယာဉ်မောင်းခန်းမှ ထုတ်ပယ်ခံထားရ

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံမှာ ပျက်ကျသွားခဲ့တဲ့ ဂျာမန်လေကြောင်းလိုင်းပိုင် ဂျာမန်ဝိုင်းစ် (Germanwings) လေယာဉ်ရဲ့ လေယာဉ်မှူးတဦးဟာ လေယာဉ်ပျက်ကျချိန်မှာ လေယာဉ်မောင်းခန်းအပြင်မှာ အထုတ်ခံထားရတယ်လို့ ကနဦး အသံဖမ်းစက်အချက်အလက်တွေအရ သိရှိရပါတယ်။ လေယာဉ်မှူးအခန်းထဲကနေ ထွက်ပြီး အထဲကို ပြန်ဝင်ရောက်ဖို့ ကြိုးစားတဲ့လေယာဉ်မှူးဟာ တံခါးကို ထုနှိက် ချိုးဖျက်ပြီး ၀င်ရောက်ဖို့ ကြိုးစားခဲ့တဲ့အသံတွေကို ကြားရတယ်လို့ အမည်မဖော်လိုတဲ့ စုံစမ်းရေးအရာရှိတဦးကို ကိုးကားပြီး နယူးယောက်သတင်းစာက ဖော်ပြပါတယ်။ ဘိုးရင်း အေ ၃၂၀ လေယာဉ်ဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကနေ ဂျာမနီနိုင်ငံ ဒူးဆယ်လ်ဒေါ့ဖ်မြို့ကို ပျံသန်းရင်း အပြင်းဆုံးအရှိန်နဲ့ ပြင်သစ်နယ်မြေ အက်ပ်တောင်တန်းပေါ်မှာ ပျက်ကျခဲ့တာပါ။ သေဆုံးသူခရီးသည် ၁၄၄ ယောက်မှာ စပိန်နိုင်ငံက လေ့လာရေးပြန်ကျောင်းသား ၁၆ ယောက်အပါအ၀င် ဂျာမနီနိုင်ငံသား ၇၂ ယောက်နဲ့ စပိန်နိုင်ငံသား ၅၁ ယောက် ပါဝင်တယ်လို့ သက်ဆိုင်ရာအစိုးရတွေက အတည်ပြုထားပါတယ်။ ဗြိတိန်နိုင်ငံသား ၃ ဦး ပါဝင်တယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုထားပါတယ်။ တခြားပါဝင်တဲ့ နိုင်ငံသားတွေကတော့ သြစတြေးလျ၊ အာဂျင်တီးနား၊ အီရန်၊ ဗင်နီဇွဲလား၊ အမေရိကန်၊ နယ်သာလန်၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ဂျပန်၊ ဒိန်းမတ်နဲ့ အစ္စရေးနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ မတ် ၂၅ ရက်နေ့မှာဘဲ ပြင်သစ်သမ္မတ ဟော်လန်ဒီ ဦးဆောင်ပြီး ဂျာမနီဝန်ကြီးချုပ် မာကယ်လ်နဲ့ စပိန်ဝန်ကြီးချုပ် ရဟွိုင်းတို့ လေယာဉ်ပျက်ကျတဲ့နေရာကို သွားရောက် ကြည့်ရှု့ခဲ့ကြပါတယ်။ သေဆုံးသူ ၁၅၀ ရဲ့ မိဘဆွေမျိုးတွေ လေယာဉ်ပျက်ကျခဲ့တဲ့နေရာကို သွားရောက် ကြည့်ရှုဖို့လည်း ရှိနေပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်၊၊ မီးသတ်တပ်ဖွဲ့ဝင် ၃၈၀ ကျော်နဲ့ လုပ်ဆောင်နေကြပြီး သွားလာရေး ခက်ခဲတာကြောင့် ရှာဖွေကယ်ဆယ်ရေးအချိန် အနည်းဆုံး ၁ ပတ် ကြာနိုင်တယ်လို့ ကယ်ဆယ်ရေးအရာရှိချုပ်က ပြောဆိုထားပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ ဂျာမန်ဝိုင်းလ်လေကြောင်းလိုင်းရဲ့ ၁၈ နှစ်ကြာ ပျံသန်းမှုသမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။ ပြင်သစ်မြေပေါ်မှာတော့ ၁၉၇၄ ခုနှစ် လူ ၃၄၆ ယောက် သေဆုံးခဲ့တဲ့ တူရကီလေကြောင်လိုင်း လေယာဉ်ပျက်မှု နောက်ပိုင်း ခရီးသည်အသေအပျောက်အများဆုံး လေယာဉ်ပျက်ကျမှု ဖြစ်ပါတယ်။ လေယာဉ်ဟာ မတ် ၂၃ ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ ကြံ့ခိုင်ရေးစစ်ဆေးမှု ရာနှုန်းပြည့် ပြည့်မီထားတဲ့ လေယာဉ်ဖြစ်တယ်လို့လည်း ဂျာမန်ဝိုင်းလ်လေကြောင်းလိုင်းကရော၊ မိခင် လုဖ်သန်ဆာ (Lufthansa) လေကြောင်းလိုင်းကရော သတင်းထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up