ချီလီနိုင်ငံမြောက်ပိုင်းတွင် အနီရောင်အဆင့် တပ်လှန့်

ချီလီအာဏာပိုင်တွေက နိုင်ငံမြောက်ပိုင်း အာတာကာမာဒေသမှာ အနီရောင်အဆင့် တပ်လှန့်မှုကို မတ် ၂၅ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒီသီတင်းပတ်မှာ သည်းထန်ခဲ့တဲ့မိုးကြောင့် နိုင်ငံမြောက်ပိုင်းဒေသ ၃ ခုမှာ ရေလွှမ်းမိုးမှုနဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့လို့ ရပ်ကွက်တွေ အဆက်ပြတ်ကုန်ပြီး ကျောင်းမှာ စာသင်ကြားမှုတွေ ဆိုင်းငံ့ခဲ့ရပါတယ်။ နိုင်ငံမြောက်ပိုင်းကနေ အလယ်ပိုင်းထိ မိုးသည်းခဲ့ပြီး မိုးကြိုးမုန်တိုင်းတွေလည်း ကျရောက်ခဲ့ပါတယ်။ မိုးကြောင့် အိမ်ခြေအတော်များများ ပျက်စီးပြီး ဒါဇင်နဲ့ ချီတဲ့လူတွေ လုံခြုံတဲ့နေရာကို ရွှေ့ပေးခဲ့ရတယ်။ အိမ်ခြေ ၈ သောင်းလောက် လျှပ်စစ်မီးမရှိဘဲ နေခဲ့ရတယ်လို့ ဒုပြည်ထဲရေးဝန်ကြီး က ဒေသခံမီဒီယာကို ပြောပါတယ်။ ချီလီမိုးလေဝသရုံးကတော့ ဆိုးရွားတဲ့ရာသီဥတု ဆက်ရှိနေမှာ ဖြစ်ပြီး နေရာကွက်ကျား မိုးရွာမယ်။ ဘယ်လောက်ကြာကြာ ရာသီဥတု ဆက်ဆိုးနေမယ်ဆိုတာ ပြောရခက်တယ်လို့ ဆိုပါတယ်။ နိုင်ငံတောင်ပိုင်းဒေသ ၃ ခုမှာတော့ ကာလကြာရှည် မိုးခေါင်မှုကြောင့် တောမီးအကြီးအကျယ် လောင်နေလို့ အနီရောင်အဆင့် တပ်လှန့်မှုကို မတ် ၂၄ ရက်နေ့ညက ကြေညာခဲ့ရပါတယ်။ အာဂျင်တီးနား၊ ဘရာဇီးနဲ့ ဥရုဂွေးနိုင်ငံတွေက မီးသတ်တပ်ဖွဲ့တွေကလည်း မီးငြိမ်းသတ်ရေး ကူညီဖို့ အတည်ပြုခဲ့ကြပါတယ်။ မီးဟာ သစ်တောဟောင်း ဟက်တာ ၆၀၀၀ ကျော်ကို လောင်ကျွမ်းခဲ့ပါတယ်။ လာမယ့်ရက်တွေမှာ အပူချိန်က ၃၀ ဒီဂရီ စဲလ်စီးယပ်စ် ကျော်ပြီး လေတိုက်နှုန်းက ၁ နာရီ မိုင် ၇၀ ထိ ပြင်းထန်နေလို့ မီးက ပိုပြင်းပြီး ပျံ့နှံ့မယ့် အလားအလာ ရှိနေပါတယ်။ ဒေသတွင်းမှာ လောလောဆယ် မီးသတ်သမား အယောက် ၂၅၀ က မီးသတ်နေပြီး ဥရုဂွေးနိုင်ငံက မီးသတ်သမားအယောက် ၃၀၊ အာဂျင်တီးနားနိုင်ငံက မီးသတ်သမား အယောက် ၂၀ နဲ့ ဘရာဇီးနိုင်ငံက မီးသတ်သမား အယောက် ၅၀ တို့ သီတင်းပတ်ကုန်ရက်မှာ ရောက်ရှိ ပူးပေါင်းမယ်လို့ ဆိုပါတယ်။ ချီလီနိုင်ငံတောင်ပိုင်းမှာ လေပြင်းတိုက်နေလို့ ဓာတုပစ္စည်းတွေ၊ မီးတားပစ္စည်းတွေနဲ့ မီးသတ်ဖို့ လေယာဉ်တွေ ပျံသန်းမရ ဖြစ်နေပါတယ်။ လာမယ့်ရက်နည်းနည်းအတွင်း လေယာဉ်နဲ့ မီးသတ်နိုင်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ၂၀၁၄ - ၂၀၁၅ ခုနှစ် ရာသီအတွင်း တောမီးကြောင့် ချီလီနိုင်ငံအတွင်း ဟက်တာ ၉၁၃၂၇ ဟက်တာ မီးလောင်ခဲ့ပြီး ကျန်ခဲ့တဲ့ ၅ နှစ်က ပျမ်းမျှ တောမီးလောင်မှုက ဟက်တာ ၅ သောင်း ၉ ထောင်ကျော်သာ ရှိခဲ့တယ်လို့ တရားဝင် သတင်းအချက်အလက်တွေက ဆိုပါတယ်။ [gallery ids="87243,87244,87245,87246,87247"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up