အာဖဂန် သမ္မတနန်းတော်နားတွင် အသေခံဗုံးခွဲ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မြို့လယ်ခေါင် သမ္မတနန်းတော်အနားမှာ အသေခံဗုံးခွဲမှုတခု မတ် ၂၅ ရက်နေ့က ဖြစ်ခဲ့လို့ လူ ၆ ဦး သေဆုံးပြီး တခြားလူ အယောက် ၃၀ ကျော် ဒဏ်ရာရပါတယ်။ အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားကို မောင်းလာခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုပစ်မှတ်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အရင်အပတ်ကလည်း အူရပ်ဇ်ဂံခရိုင်ကနေ ကဘူးလ်ကို အလည်လာတဲ့ သြဇာကြီးတဲ့ ခရိုင်ရဲချုပ် တယောက်ကို ပစ်မှတ်ထားပြီး ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ပါသေးတယ်။ နှစ်စဉ်လုပ်နေကျ တာလီဘန်တွေရဲ့ နွေဦး ခုခံမှုတွေ စဖို့ မျှော်လင့်ထားလို့ မြို့တော်နဲ့ တကွ နိုင်ငံတလွှားက ဗျူဟာမြောက်ခရိုင်တွေကို အဆင့်မြင့် တပ်လှန့်ထားပါတယ်။ ၂၀၀၁ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်စစ်ကနေ နှင်ထုတ်တာ ခံထားရတဲ့ စစ်သွေးကြွအုပ်စုဟာ အာဖဂန်အစိုးရနဲ့ နိုင်ငံခြား ကျောထောက်နောက်ခံ ပေးထားသူတွေကို တိုက်ခိုက် သူပုန်ထနေခဲ့တာပါ။ မနှစ်က ဒီဇင်ဘာလမှာ တပ်တွေ တိုက်ခိုက်ရေးအခန်းကဏ္ဍ တရားဝင် ပြီးဆုံးလို့ နိုင်ငံခြားတပ်တွေ စတင်ဆုတ်ခွာခဲ့ပြီးနောက် တိုက်ပွဲတွေ တိုးလာခဲ့လို့ အရပ်သား အယောက် ၃၇၀၀ နီးပါး သေဆုံးပြီး လူအယောက် ၆၈၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ရုပ်သံကြည့်ရှုရန် သတင်းဓာတ်ပုံ - ရိုက်တာ [gallery ids="87201,87202,87203,87204,87205,87206,87207,87208,87209,87210"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up