ယူကရိန်း ၀န်ကြီး ၂ ဦး အဂတိလိုက်စားမှုစွဲချက်ဖြင့် ဖမ်းဆီးခံရ

ယူကရိန်းနိုင်ငံရဲ့ ထိပ်တန်းအစိုးရ၀န်ကြီး ၂ ဦး ကတ်ဘိနက်ဝန်ကြီးများ အစည်းအဝေးအတွင်း အဂတိလိုက်စားမှုစွဲချက်နဲ့ မတ် ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံချက်အတွင်း အခုလို ၀န်ကြီး ၂ ဦးကို ဖမ်းဆီးရတာ ဖြစ်ပြီး အဲဒီမတိုင်ခင်က သြဇာကြီးမားတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလီယံနာတဦးလည်း အဂတိလိုက်စားမှုနဲ့ ရာထူးက ဖြုတ်ချခံခဲ့ရပါတယ်။ အစည်းအဝေးအတွင်း အဖမ်းခံရသူ ၀န်ကြီး ၂ ဦးဟာ ယူကရိန်းနိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးဌာန ၀န်ကြီးနဲ့ ဒုဝန်ကြီးတို့ ဖြစ်ပြီး အစည်းအဝေးခန်းထဲမှာပဲ ရဲတွေက လက်ထိတ်ခတ်ပြီး ခေါ်ထုတ်သွားတာပါ။ အဲဒီမတိုင်ခင်က ရာထူးက ဖြုတ်ခံရတဲ့ ဘီလီယံနာ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ နိုင်ငံရဲ့ အဓိကစက်မှုပြည်နယ်ကြီးရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး အစိုးရပိုင်စွမ်းအင်ကုမ္ပဏီကို ထိန်းချုပ်ခွင့်ရရေး သမ္မတ ပေါ်ရိုရှန်ကိုနဲ့ ပြိုင်ဆိုင်ခဲ့သူလို့ ဆိုပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီး ၂ ဦးကတော့ အစိုးရကန်ထရိုက်တွေ ချပေးဖို့ လာဘ်စားမှုနဲ့ ဖမ်းဆီးရတာလို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။ ယူကရိန်းဝန်ကြီးချုပ် အာဆန်နီ ယာဆင်ညှက်ကတော့ “အခုလိုတိုင်းပြည်က စစ်ပွဲ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ကြုံတွေနေစဉ်မှာ တိုင်းပြည်နဲ့ လူထုကို မငဲ့ကွက်ဘဲ အလွဲသုံးစားလုပ်ရင် ဘယ်သူမဆို အခုလိုပဲ အရေးယူခံရမယ်” လို့ ပြောဆိုပါတယ်။ တခြားဝန်ကြီးတွေကိုလည်း အဂတိလိုက်စားမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ ၀န်ကြီးချုပ်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up