ဒုတိယဂိုးသမားအဖြစ် နေရရင် လာမည့်ရာသီ အသင်းပြောင်းမည်ဟု ပီတာဆက်ခ်ျပြော

ချဲလ်ဆီးအသင်းမှာ ဒုတိယဂိုးသမားအဖြစ်သာ ဆက်လက်နေရမယ်ဆိုရင် လာမယ့် ရာသီကုန် အသင်းပြောင်းတော့မယ်လို့ ပီတာဆက်ခ်ျက ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီးအသင်းကနေ အက်သလက်တီကို အသင်းကို အငှားချထားတဲ့  ဘယ်လ်ဂျီယံ  ဂိုးသမား ကော့တွိုက်စ်ကို အခုရာသီအစမှာ  ပြန်လည်ခေါ်ယူခဲ့ပြီးနောက်မှာ သူဟာ ပင်တိုင် ဂိုးသမား ဖြစ်လာခဲ့ပြီး ပီတာဆက်ခ်ျကတော့ ဒုတိယ ဂိုးသမားအဖြစ်သာ ကစားရတာပါ။ ပီတာဆက်ခ်ျဟာ  အခုရာသီမှာ  ပရီးမီးယားလိဂ် ၄ ပွဲ နဲ့ အခြားလိဂ်ဖလားပွဲတွေမှာသာ ၀င်ကစားခွင့် ရခဲ့ပါတယ်။ ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် လတ်ဗီးယားနှင့်ကစားဖို့ ချက်နိုင်ငံကို ပြန်ရောက်နေတဲ့  ပီတာဆက်ခ်ျက သူ့အနေနဲ့ ဆုံးဖြတ်ချက်ချရတော့မယ်လို့ ပြောပါတယ်။ သူ့ကို အာဆင်နယ်နဲ့ ရီးရဲလ်တို့က စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ပီတာဆက်ခ်ျဟာ ချဲလ်ဆီးကို ၂၀၀၄ မှာ  စတင်ရောက်ရှိခဲ့ပြီး  ပွဲပေါင်း ၃၀၀ ကျော် ကစားပေးခဲ့ပါတယ်။ ပရီးမီးယား ချန်ပီယံ ၃ ကြိမ်၊ FA ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပီတာဆက်ခ်ျ  ဟာ ၂၀၀၂ ခုနှစ်ကတည်းက ချက်လက်ရွေးစင် ဖြစ်လာခဲ့ပြီး ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up