အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေ မတ် ၂၅ ရက်နေ့က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို နိုင်ငံမြောက်ပိုင်းက Pocheon မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ နှစ်စဉ်လေ့ကျင့်နေကျ Foal Eagle ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး လေတပ်အပါအ၀င် အမြောက်တပ်၊ သံချပ်ကာတပ်နဲ့ ခြေလျင်တပ်ဖွဲ့တွေ ပါဝင်ခဲ့ကြပါတယ်။ မတ်လ ၂ ရက်နေ့ကတည်းက စတင်လေ့ကျင့်နေခဲ့တာဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့မှာ ပြီးဆုံးမှာပါ။ အမေရိကန်တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး Neal Mayi က စစ်ရေးလေ့ကျင့်မှုတွေဟာ တောင်ကိုရီးယား နဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဖြစ်ပြီး အရေးပေါ်အခြေအနေတွေမှာ အမြဲတမ်းအသင့်ဖြစ်အောင်၊ နှစ်နိုင်ငံတပ်ဖွဲ့တွေအချင်းချင်း နားလည်မှု အမြင့်ဆုံးအဆင့်မှာရှိနေအောင် ရည်ရွယ်တယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃၀၀ လောက်ပါဝင်ပြီး အမေရိကန် Bradley တင့်ကား ၄ စီး၊ ကိုရီးယား K200 တင့်ကား ၂ စီး၊ ကိုရီးယားနိုင်ငံလုပ် K1 အမြောက်ကား ၄ စီးနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁၄ စီးပါဝင်ပါတယ်။ အခုလအစောပိုင်းက ဒီအမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေမစခင် မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် ၂ စင်း ပင်လယ်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားနိုင်ငံက အမြဲဆန့်ကျင်ခဲ့ပြီး မြောက်ကိုရီးယားဘက်မှာလည်း တန်ပြန်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပါတယ်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအပြီး တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၀၀၀ လောက် တပ်စွဲထားရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up