ပျက်ကျ ဂျာမနီလေယာဉ် အသက်ရှင်ကျန်သူမရှိဟု တာဝန်ရှိသူများပြော

ပြင်သစ်နိုင်ငံ အဲလ်စ်တောင်တန်းမှာ ပျက်ကျသွားတဲ့ ဂျာမနီလေကြောင်းလိုင်းပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲမှာ အသက်ရှင်ကျန်ရစ်သူမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စပိန်နိုင်ငံ ဘာစီလိုနာကနေ ဂျာမနီနိုင်ငံ ဒူဆယ်လ်ဒေါ့ဖ်ကို ထွက်ခွာလာတဲ့ အေ-၃၂၀ လေကြောင်း ခရီးစဉ် နံပါတ် 4U 9525 ဟာ လူ ၁၅၀ ကို သယ်ဆောင်လာတာ ဖြစ်ပြီး မတ် ၂၄ ရက်က ပျက်ကျသွားတာ ဖြစ်ပါတယ်။ လေယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်ထားတဲ့ ဘလက်ဘော့စ်ကိုတွေ့ရှိခဲ့ပြီလို့ ပြင်သစ် ပြည်ထဲရေး ၀န်ကြီးက ပြောပါတယ်။ ပျက်ကျရတဲ့ အကြောင်းအရင်းကို မသိရသေးသလို လေယာဉ်ပျက်ကျချိန်မှာ လေယာဉ်က အချက်ပေးသတင်းပို့တာ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဝေးလံခေါင်သီတဲ့ လျှိုမြောင်တွေရှိတဲ့ လေယာဉ်ပျက်ကျရာနေရာကို ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိနေပြီလို့ ဆိုပါတယ်။ လေယာဉ်ပျက်ကျရာမှာ ပါသွားတဲ့သူတွေရဲ့ အလောင်းကို ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ဖို့က ဦးစားပေးလုပ်ဆောင်ရမယ်လို့ ပြင်သစ် အရာရှိတဦးက ပြောပါတယ်။ လေယာဉ်ရဲ့ ကိုယ်ထည်ကပျက်စီးသွားပြီဖြစ်သလို လေယာဉ် တောင်ပံနဲ့ ကိုယ်ထည်တွေကိုလည်း နဂိုအနေအထားအတိုင်းမတွေ့ရဘူးလို့ သတင်းတွေက ရေးပါတယ်။ လေကြောင်းလိုင်းပေါ်မှာ အော်ပရာ အဆိုတော် ၂ ဦး၊ ကလေး ၂ ဦး၊ ဂျာမနီကျောင်းသား ၁၆ ဦးနဲ့ဆရာ ဆရာမတွေ ပါသွားတယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ အမြင့်ပေ ၆၅၅၀ ကနေ ပျက်ကျခဲ့ပြီး ပျက်ကျတဲ့နေရာဟာ ပဲရစ်ကနေ မိုင် ၄၃၀ ခန့်ကွာဝေးတယ်လို့ ဆိုပါတယ်။ လေယာဉ်ကို မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူးဟာ ၁၀ နှစ်ကျော် လေယာဉ်မောင်းသက်ရှိတဲ့သူ ဖြစ်ပြီး လေယာဉ်ဟာ လုပ်ဖ်ဟန်ဇာ လေကြောင်း ကုမ္ပဏီကို ၁၉၉၁ခုနှစ်က ရောက်ရှိခဲ့ပါတယ်။ လေယာဉ်ဟာ ပျံသန်းချိန် နာရီပေါင်း ၅၈၃၀၀ ရှိသလို ခရီးစဉ် ၄၆၇၀၀ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်ကို ပုံမှန် စစ်ဆေးလေ့ရှိသလို ၂၀၁၃ ခုနှစ်ကလည်း အားလုံးကို ပြန်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဂျာမနီ လုပ်ဖ်ဟန်ဇာ လေကြောင်း ကုမ္ပဏီပိုင် ဂျာမနီဝင်းစ် လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရတဲ့ မှတ်တမ်းရှိထားပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ ၁၀ စုနှစ်အတွင်း အဆိုးဝါးဆုံး ဖြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ်က ပြင်သစ်မှာ လေယာဉ်မတော်တဆမှုကြောင့် လူ ၁၁၃ ဦးသေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="86912,86913,86914,86915,86916,86917"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up