နိုင်ငံတော်အလံဖြုတ်ချမှုဖြင့် ဖမ်းဆီးခံရသည့် ကျောင်းသား တရားရုံးထုတ်
နော်နိုရင်း
·
March 23, 2015
မြင်းခြံကောလိပ်မှာ နိုင်ငံတော်အလံဖြုတ်ချပြီး ခွပ်ဒေါင်း အလံလွှင့်တင်မှုနဲ့ ဖမ်းဆီးအမှုဖွင့်ခံ ထားရတဲ့ မုံရွာနည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုစိုးလှိုင်ကို ဒီကနေ့ မြင်းခြံမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံုးထုတ်ပါတယ်။
“ဒီနေ့ ရုံးထုတ်ပါတယ်။ ယမန်ယူတာပါ။ နှစ်ရက်ထပ်ယူတယ်။ ၂၅ ရက်နေ့ကို တရားစွဲ တင်မယ်။ ” လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
ကိုစိုးလှိုင်အမှုအတွက် မြင်းခြံက ရှေ့နေ ဦးထွန်းရွေ၊ ဒေါ်စိုးစိုးထွန်းအပါအ၀င် နောက်ထပ်တဦးနဲ့ မြန်မာနိုင်ငံရှေ့နေကွန်ယက်က ဦးသိန်းသန်းဦးက ရှေ့နေအဖြစ်လိုက်ပါကူညီဖို့ ရှေ့နေပါဝါတင်မယ်လို့လည်းပြောပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ မန္တလေးမြို့ကနေ ရန်ကုန်အထိဦးတည်ပြီး ကျောင်းသားတွေ ခရီးရှည်ချီတက်သပိတ်မှောက်ရာမှာ ဇန်န၀ါရီ၂၆ ရက်က မြင်းခြံမြို့ကို ရောက်ရှိခဲ့ပါတယ်။
မြင်းခြံရောက်ရှိချိန်ကျောင်းသားတွေက မြင်းခြံကောလိပ်အတွင်းလွှင့်ထူထားတဲ့ နိုင်ငံတော် အလံနေရာမှာ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံကို အစားထိုးလွှင့်ထူခဲ့ပါတယ်။
ခုလိုလုပ်ဆောင်ခဲ့မှုအတွက် မုံရွာ နည်းပညာတက္ကသိုလ်က အသက် (၂၁)နှစ်အရွယ် ကျောင်းသား ကိုစိုးလှိုင်ကို နိုင်ငံတော်အလံ ဥပဒေပုဒ်မ (၁၆)နဲ့ အမှုဖွင့်ကာ မတ်လ ၁၀ ရက်က တည်းက မြင်းခြံထောင်မှာ ဖမ်းဆီးထားခဲ့တာပါ။