Home
မေးမြန်းခန်း
လီကွမ်ယုပြောတဲ့ အစွန်းရောက် အစ္စလာမ်ဝါဒအကြောင်း- (လီကွမ်ယု အင်တာဗျူး)
DVB
·
March 23, 2015
တနင်္လာနေ့မနက်ပိုင်းက ကွယ်လွန်သွားတဲ့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ ထင်ရှားတဲ့ စာအုပ်ထဲက အစွန်းရောက်အစ္စလာမ်ဝါဒအကြောင်းနှင့် တရုတ်ပြည်အကြောင်းတို့ကို စာရေးသူ ညီစောလွင်က ကောက်နုတ် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။ အစွန်းရောက် အစ္စလာမ်ဝါဒက အနောက်ကမ္ဘာအတွက် ဘယ်လိုမျိုး အန္တရာယ်ပေးနိုင်သလဲ။ “အဓိက ခြားနားချက်က ကွန်မြူနစ်နဲ့ ဒီမိုကရေစီနိုင်ငံတွေကြားထဲမှာ မဟုတ်တော့ဘူး။ အရှေ့နဲ့ အနောက်ကြားထဲက မတူညီချက်လည်း မဟုတ်တော့ဘူး။ အခု ဖြစ်နေတာက မွတ်စလင်အကြမ်းဖက်သမားတွေနဲ့ အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေ ကြားထဲက ခြားနားချက် ဖြစ်တယ်။” “ဒုတိယတိုက်ပွဲကတော့ အစ္စလာမ်စစ်သွေးကြွတွေနဲ့ အလယ်အလတ်သဘောထားရှိတဲ့ အစ္စလာမ်ဝါဒီတို့ ကြားထဲက ခြားနားချက် ဖြစ်တယ်။” “ကျနော်တို့ ရင်ဆိုင်နေရတဲ့ပြဿ     နာက အသစ် ဖြစ်တယ်။ သမိုင်းမှာ ဒီလို ယဉ်ကျေးမှု အခြေအနေမျိုးနဲ့ တခါမျှ မကြုံခဲ့ရဘူး။ တခြားလူတွေကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်နဲ့ မိမိ ကိုယ်ကို ဖျက်ဆီးဖို့ ဆန္ဒရှိနေတဲ့အုပ်စုတွေ ရှိတယ်။ ဒီမတိုင်ခင်တုန်းက တမီးလ်ကျားသူပုန်တွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့ရဲ့ တိုက်ပွဲကျတော့ လက်ဆုပ်လက်ကိုင် ပြလို့ရတယ်။ သီရီလင်္ကာမှာ တမီးလ်တွေရဲ့ သီးသန့်နယ်မြေအတွက် တိုက်ပွဲဝင်တာ ဖြစ်တယ်။” “အခုဟာက အစ္စလာမ်ဘာသာအတွက် တိုက်ပွဲဝင်တာ ဖြစ်တယ်။ ဘာသာရေး ယုံကြည်ချက်ကနေ ပေါက်ဖွားလာတဲ့ တိုက်ပွဲပုံသဏ္ဍာန် ဖြစ်နေတယ်။” “အယ်ကိုင်းဒါးပုံစံ အကြမ်းဖက်ဝါဒကအသစ် ဖြစ်တယ်။ တကမ္ဘာလုံး အတိုင်းအတာ ဆောင်တော့ ထူးခြားနေတယ်။ မော်ရိုကိုမှာ ဖြစ်တဲ့ အဖြစ်အပျက်တခုကြောင့် အင်ဒိုနီးရှားက အစွန်းရောက်အုပ်စုတွေအတွက် မခံမရပ်နိုင် ဖြစ်သွားစေနိုင်တယ်။ တကမ္ဘာလုံးမှာ ဖြန့်ကျက်ထားတဲ့ အစွန်းရောက် စစ်သွေးကြွအုပ်စုတွေကြားထဲမှာ ခံစားချက်ချင်း ထုံကူးနိုင်တဲ့အနေအထားမျိုး ဖြစ်တယ်။” “အစ္စလာမ်ဝါဒ အကြမ်းဖက်ဝါဒကို ချိုးနှိမ်ဖို့က နှစ်တွေ ကြာဦးမယ်။ ကြားကာလမှာ အကြမ်းဖက်အုပ်စုတွေလက်ထဲက အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ အန္တရာယ်တွေ ရှိတယ်။ ဒါတွေ တကယ်ဖြစ်လာရင် အသေအပျောက်က ကြောက်ခမန်းလိလိ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဟော့ရမ်းတဲ့နိုင်ငံတွေမှာ နျူးကလီးယားအစီအစဉ်တွေကို ရပ်သွားအောင် မဖြစ်မနေ လုပ်ရမယ်။ သူတို့ဆီက လက်နက်တွေကို ဖျက်သိမ်းပစ်ရမယ်။” “အစ္စလာမ်ဝါဒက ပြဿ     နာမဟုတ်ဘူး။ အစွန်းရောက် အစ္စလာမ်ဝါဒက ပြသနာဖြစ်တယ်။ ရေနံမပါတဲ့ အစ္စလာမ်ဝါဒက ပြဿ    နာဖြစ်နိုင်ပေမယ့် ရေနံနဲ့ အစ္စလာမ်ဝါဒ ပေါင်းမိသွားရင် ထိန်းသိမ်းဖို့ မလွယ်တော့ဘူး။ အစ္စလာမ်ဝါဒ၊ ရေနံနဲ့ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေနဲ့ပါ ပေါင်းစပ်မိသွားရင်တော့ အန္တရာယ်ပဲ။ နျူးကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အီရန်ဟာ ပထ၀ီနိုင်ငံရေးအရ အရေးပါအရာရောက်တဲ့နေရာကို ရောက်လာလိမ့်မယ်။” “အရှေ့အလယ်ပိုင်းက တခြားနိုင်ငံတွေကလည်း နျူးကလီးယားကို ပိုင်ဆိုင်လိုလာကြမယ်။ အစုလိုက်အပြုံလိုက် သေစေနိုင်လောက်တဲ့ လက်နက်တွေ အကြမ်းဖက်သမားတွေရဲ့ လက်ထဲကို ကျရောက်သွားနိုင်တဲ့ အခွင့်အလမ်း ပိုများလာလိမ့်မယ်။” အစွန်းရောက်အစ္စလာမ်ဝါဒရဲ့ ရေသောက်မြစ်က ဘာတွေလဲ။ “အစ္စရေး-ပါလစ္စတိုင်းပဋိပက္ခဟာ အစွန်းရောက်အစ္စလာမ်ဝါဒရဲ့ အကြောင်းရင်း မဟုတ်ဘူး။ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်စလင်တွေကြားထဲမှာ ယုံကြည်ချက်တခု ရှိတယ်။ အဲဒါက ဒီအချိန်ဟာ သူတို့ အချိန်ရောက်နေပြီဆိုတဲ့ ယုံကြည်ချက်။ အနောက်ကမ္ဘာက သူတို့ကို နှိပ်ကွက်ခဲ့တာ အချိန်ကြာလွန်းလှပြီ ဆိုတဲ့ယုံကြည်ချက်။ ၁၉၅၀နဲ့ ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ အာရတ်နိုင်ငံတွေ အချင်းချင်းညီညွတ်ရေး အမျိုးသားရေးဝါဒ (pan-Arab Nationalism)က မွတ်စလင်ကမ္ဘာကို စုစည်းသွားအောင် အားမကောင်းခဲ့တဲ့ နောက်ပိုင်းမှာ အစွန်းရောက်အစ္စလာမ်ဝါဒက စုစည်းပေးနိုင်တဲ့ အော်တာနေးတစ် အင်အားတရပ် ဖြစ်လာခဲ့တယ်။” “စစ်သွေးကြွ အစ္စလာမ်တွေက မလုံခြုံမှုနဲ့ အကျိုးမဲ့မှုဆိုတဲ့ သဘောတရားတွေနဲ့ ၀ါဒဖြန့် စည်းရုံးတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိကမောင်းနှင်တာက အမေရိကား ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ဝါဒအတွက် အန္တရာယ်ဖြစ်တယ် ဆိုပြီး သတ်မှတ်တယ်။ အစ္စရေးကို အမေရိကန်က တစိုက်မတ်မတ် ထောက်ပံ့နေတာကလည်း သူတို့အတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်း ပြဿ နာကို ပြေလည် သွားသည့်တိုင်အောင်အကြမ်းဖက်ဝါဒကတော့ ဆက်ရှိနေလိမ့်မယ်။” “အစ္စရေးနိုင်ငံကို ထူထောင်တဲ့အချိန်ကစလို့ အရှေ့အလယ်ပိုင်း အာရပ်တွေကြားထဲမှာ အစ္စရေးနဲ့ ဂျူးတွေကို မုန်းတီးဖို့ စာသင်ကျောင်းတွေမှာ သင်ကြားလာခဲ့ကြတယ်။ ဗလီတွေမှာ သင်ကြားလာခဲ့ကြတယ်။ နှစ်ပေါင်း ၄၀ အတွင်း စီးပွားရေး နောက်ကောက်ကျသွားတာကြောင့် အာရပ်တွေရဲ့ ဒေါသကို ဆွပေးပြီး အရှက်ရစရာ ဖြစ်သွားတယ်။ တချိန်က ကြီးမြတ်တဲ့ အစ္စလာမ်ယဉ်ကျေးမှုဟာ အနောက်ကမ္ဘာရဲ့ စနက်ကြောင့် ပျက်စီးသွားရတယ်လို့ မြင်လာတယ်။ အထူးသဖြင့် အနောက်ကမ္ဘာဆိုတာက အမေရိကားပဲ၊ အမေရိကားရဲ့ ညစ်ညမ်းတဲ့ ထုံးတမ်းဓလေ့က ပျက်စီးခြင်းရဲ့ အကြောင်းတရားလို့ ယူဆကြတယ်။ ပါလက်စတိုင်း ပဋိပက္ခ ပြေလည်သွားခဲ့ရင် အစွန်းရောက်အုပ်စုတွေရဲ့ ရန်လိုမှုတွေ အတိုင်းအတာတခုအထိ လျော့ကျ သွားနိုင်ပါတယ်။ ဒါပေမယ့် အာရပ်နိုင်ငံတွေမှာ စစ်သွေးကြတွေနဲ့ အစ္စလာမ္မစ် ဘာသာရေး ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍတွေ ကျဆင်းမသွားခဲ့ရင် ဂျမားအစ္စလာမ္မီးယားနဲ့ တခြား စစ်သွေးကြွအုပ်စုတွေက အာရပ်မွတ်စလင်ကမ္ဘာရဲ့ အပြင်ဘက်မှာ အစွန်းရောက်တွေကို အင်အား စုစည်းနေဦးမှာပါပဲ။” “အစ္စရေး-ပါလက်စတိုင်း ပြသာနာပြေလည်သွားသည့်တိုင်အောင် အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်တွေအနေနဲ့ အစ္စလာမ်စစ်သွေးကြွတွေကို စီးပွားရေးအင်အားအရ၊ စစ်အင်အားအရ၊ တခြားသောဘက်ပေါင်းစုံမှာ အာရပ်မွတ်စလင်မဟုတ်တဲ့ မွတ်စလင်တွေနဲ့ ယှဉ်ရင် အင်အားချိနဲ့နေအောင် လုပ်ရမယ်။ စစ်သွေးကြွတွေနဲ့ အစွန်းရောက်တွေအတွက် အနာဂတ် မရှိအောင် အသေအချာ စီမံရမယ်။” “အရှေ့တောင်အာရှရဲ့ အစ္စလာမ်ဝါဒမှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ အစောဆုံးနဲ့ ကနဦး အနေအထားကတော့ ၁၉၇၃ ခုနှစ်မှာ ရေနံဈေးတွေ ၄ ဆတက်သွားတာကနေ စခဲ့တာပဲ၊ အဲဒီအခါမှာ ဆော်ဒီအာရေဗျက ဘာသာရေးမစ်ရှင်အနေနဲ့ ကမ္ဘာတ၀ှမ်းလုံးမှာ ဗလီတွေကို ဆောက်ဖို့၊ ဘာသာရေးကျောင်း တွေကို ဆောက်ဖို့၊ ဘာသာရေးဆရာတွေအတွက် အထောက်အပံ့တွေကို ရက်ရက်ရောရော လှူတယ်။ တင်းကျပ်တဲ့ အစွန်းရောက်အစ္စလာမ်ဝါဒ (Wahhabist Islam) အဆုံးအမတွေကို ဖြန့်ဖြူးတယ်။ ၁၉၇၉ ခုနှစ် အီရန်မှာ ရှားလ်(Shah)ဘုရင်ကို ဖြုတ်ချလိုက်တာက အရှေ့တောင်အာရှ မွတ်စလင်အသိုင်းအ၀ိုင်းအတွက် အစ္စလာမ်ရဲ့ ပါဝါအပေါ် ယုံကြည် သက်ဝင်မှုမှာ ကြီးစွာသော ရိုက်ခတ်မှုတွေ ရှိခဲ့တယ်။ နောက်ဆုံးမှာတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၀ပြည့်လွန်နှစ်တွေမှာ အာဖဂန်နစ္စတန်က ဂျီဟတ်စစ်ပွဲကို အကြောင်းပြုလို့ အရှေ့တောင်အာရှ မွတ်စလင်အသိုင်းအ၀ိုင်းကြားမှာ အစွန်းရောက်ဝါဒက သိသိသာသာ အားကောင်းခဲ့တယ်။” “စင်ကာပူက မွတ်စလင်တွေကို “ခင်ဗျားတို့ရဲ့ ဘာသာရေးယုံကြည်ချက်က ဘာကြောင့် တစထက်တစ တင်းကျပ်လာရသလဲ” လို့ မေးရင် သူတို့က “ ဘယ်လိုမျိုး ကျင့်ကြံရမလဲဆိုတာကို အရင်ထက် ပိုပြီး နားလည်လာလို့ပါ” လို့ဖြေကြတယ်။ ဒါပေမယ့် အရေးကြီးဆုံး အကြောင်းရင်းက မွတ်စလင်ကမ္ဘာ ဗဟိုချက်ဆီကနေ လာတဲ့ဖိအားတွေနဲ့ ဆိုင်တယ်။ ဆော်ဒီက ထောက်ပံ့တဲ့ ဗလီတွေနဲ့ ဘာသာရေးဆရာတွေရဲ့ သြဇာ ကြီးထွားလာတာနဲ့ဆိုင်တယ်။” “တချို့ အယူသည်းသူတွေကို အစွန်းရောက်သမားတွေက သိမ်းသွင်းပြီးတော့ ဂျီဟတ် ၀ါဒီတွေ ဖြစ်သွားအောင် စည်းရုံးတယ်။ အယ်ကိုင်းဒါးနဲ့ နယ်ခံအစွန်းရောက်ဝါဒီတွေဟာ ဗလီတွေကနေ သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်မယ့်သူတွေကို စုဆောင်းတယ်။ အဖိနှိပ်ခံ မွတ်စလင်ကမ္ဘာကြီးအတွက် တိုက်ခိုက်တာဟာ မြင့်မြတ်တဲ့ မွတ်စလင်တွေရဲ့ တာဝန်ဖြစ်တယ်ဆိုပြီး သင်ကြားတယ်။ ဒီအတွက် အာဇာနည်တွေအဖြစ်နဲ့ အသက်ပေးသင့် ရင်လည်း ပေးထိုက်တယ်လို့ သင်ကြားတယ်။” “အရှေ့တောင်အာရှ မွတ်စလင်အသိုင်းအ၀ိုင်းကျတော့ ခြားနားတယ်။ ဒါပေမယ့် ထူးဆန်းတဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ရေနံအကျပ်အတည်း၊ ရေနံကနေရတဲ့ ငွေတွေက မွတ်စလင်ကမ္ဘာကို ပြောင်းလဲစေတဲ့ အကြောင်းရင်း ဖြစ်လာတယ်။ အစွန်းရောက်သမားတွေဟာ သူတို့ဝါဒကို သိမ်းသွင်းတယ်။ ဗလီတွေနဲ့ ဘာသာရေးကျောင်းတွေကို ဆောက်တယ်။ အဲဒီမှာ တင်းကျပ်တဲ့အစ္စလာမ်ဝါဒ (Wahhabism) ကို သင်ကြားတယ်။ ဘာသာရေးဆရာတွေကို စေလွှတ်တယ်။ အစည်းအဝေးတွေ လုပ်တယ်။ ကမ္ဘာလုံးအတိုင်းအတာနဲ့ ကွန်ယက်တွေကို ဖွဲ့လာတယ်။ ဒီလိုနည်းနဲ့ အရှေ့တောင်အာရှမွတ်စလင်အသိုင်းအ၀ိုင်းကို စည်းရုံးလာတယ်။ တကမ္ဘာလုံးက မွတ်စလင်အသိုင်းအ၀ိုင်းကို စည်းရုံးမိလာတယ်။ ဆော်ဒီက ကျင့်သုံးနေတဲ့ အစ္စလာမ်ဝါဒကို စံအဖြစ် သတ်မှတ်လာကြတယ်။” အစ္စလာမ်ဝါဒကိုယ်တိုင်ကရော အစွန်းရောက် အစ္စလာမ်ဝါဒီတွေကို မွေးထုတ်တဲ့နေရာမှာ ဘယ်လိုမျိုး အားပေးအားမြှောက် ဖြစ်စေလဲ။ “အစ္စလာမ်ဝါဒက ကျနော်တို့ကိုတောင် သိမ်းသွင်းချင်တယ်။ အစ္စလာမ်ဝါဒက တလမ်းမောင်း ဖြစ်တယ်။ ရွေးချယ်မှုတွေကို ပေးဖို့အတွက် ကိုယ့်ဖာသာ စိတ်ချယုံကြည်မှု မရှိဘူး။ တခါတုန်းက ဆင်မြူရယ် ဟန်တင်တန်က Foreign Affairs မှာ ရေးတဲ့ ဆောင်းပါးတွေကို ကျနော့်ဆီကို ပို့ပေးဖူးတယ်။ သူနဲ့ လူချင်းတွေ့တော့ ကျနော်က ဒီလို ပြောတယ်။ “ခင်ဗျား စာတွေထဲမှာ မွတ်စလင်တွေနဲ့ ပတ်သက်လို့ ရေးထားတာကိုတော့ ကျနော် သဘောတူတယ်ဗျ၊။ ဟိန္ဒူ၊၊ တရုတ်၊ ကွန်ဖြူးရှပ်၊ ကွန်မြူနစ်နဲ့ ဂျပန် ရှင်တိုဝါဒတွေက တကယ်တော့ လောကီသီးသန့် သဘောဆောင်တယ်။ တိုးတက်ချင်ရင် သိပ္ပံနဲ့ နည်းပညာကို ပိုင်နိုင်ဖို့ လိုတယ်ဆိုတာကို နားလည်ထားကြတယ်၊ ဒါပေမယ့် မွတ်စလင်တွေကျတော့ တမျိုးဗျ၊။ ကိုရမ် ကျမ်းကို ပိုင်ရင်၊ မိုဟာမက်ပြောသမျှ တသွေမတိမ်း လိုက်နာရင် အောင်မြင်မယ်လို့ ယုံကြည် တယ်။ ဒါကြောင့် သူတို့ကို ပြသနာလို့ ကျနော် မြင်တယ်လို့ ပြောခဲ့တယ်။ ထင်တဲ့အတိုင်း ဖြစ်လာတာပါပဲ။” “မွတ်စလင်တွေက လူမှုရေးအရဘာမှ ပြသနာမရှိပါဘူး၊ ဒါပေမယ့် သူတို့က သီးသန့်ဆန်တယ်၊ တခြားနဲ့ မရောချင်ဘူး။ အစ္စလာမ်ဝါဒကသီးသန့် ဆန်နေတယ်။” အစွန်းရောက် အစ္စလာမ်တွေရဲ့အဓိက ရည်မှန်းချက် ဘာလဲ။ “အစ္စလာမ်အစွန်းရောက်တွေက အစ္စလာမ်ဝါဒ ကြီးစိုးရမယ့်အချိန်ရောက်နေပြီလို့ ယုံကြည်တယ်။ သူတို့ထဲက ဂျီဟတ်တွေက အီရတ်ကို သူတို့အတွက် ဒုတိယစစ်မြေပြင်လို့ သဘောထားတယ်။ အီရတ်မြေပေါ်ကနေ အမေရိကန်တွေကို မောင်းထုတ်ဖို့ ရည်မှန်းချက် ထားတယ်။ အာဖဂန်နစ္စတန်မြေပေါ်ကနေ ဆိုဗီယက်တွေကို မောင်းထုတ်ခဲ့သလိုမျိုးပေါ့။” “နိုင်ငံတော်တော် များများမှာ ရှိနေကြတဲ့ အစွန်းရောက် အစ္စလာမ်အုပ်စုတွေက ယဉ်ကျေးမှုချင်း တိုးတိုက်မိတဲ့ အခြေအနေမျိုး ဖြစ်အောင် ဖန်တီးချင်ကြတယ်။ ရေနံကြောင့် အင်အား တောင့်တင်းနေတာကြောင့်လည်း သူတို့အတွက် အခြေအနေပေးသလို ဖြစ်လာတယ်။ အိုစမာဘင်လာဒင်ရဲ့ ရည်မှန်းချက်က ရေနံထွက်တဲ့ ပင်လယ်ကွေ့နိုင်ငံတွေ အားလုံးမှာ တာလီဘန်ပုံစံ အစိုးရမျိုးနဲ့ အင်စတီကျူးရှင်းတွေကို ကျင့်သုံးစေချင်တယ်။ စက်မှုထွန်းကားပြီး ခရစ်ယာန်ဝါဒ ထွန်းကားတဲ့ ဥရောပနဲ့ အမေရိကား၊ နောက် ဂျပန်နဲ့ တရုတ်ကိုလည်း အဓမ္မ သိမ်းသွင်းချင်တယ်။ တကမ္ဘာလုံးမှာ မွတ်စလင်ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့နိုင်ငံတွေ ရှိလာစေချင်တယ်။” ညီစောလွင် (ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်သည့် Lee Kuan Yew: The Grand Master's Insights on China, the United States, and the World မှ အခန်း (၅) ကို ထုတ်နုတ် ဘာသာပြန်ဆိုပါသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024