Live
Home
ဆောင်းပါး
လီကွတ်ပါတီအောင်ပွဲ၊ အစ္စရေးလ်-ပါလက်စတိုင်းနဲ့ ပဋိပက္ခရန်မီး
DVB
·
March 22, 2015
လက်ရှိ အစ္စရေးလ် ၀န်ကြီးချုပ် ဘင်ဂျမင် နာတာညာဟု ရဲ့ လက်ယာ ယိမ်း လီကွတ်ပါတီကတော့ မတ်လ ၁၇ ရက်နေ့မှာ ကျင်းပသွားခဲ့တဲ့ ရွေးကောက်ပွဲမှာ အံသြစရာ ကောင်းအောင် ပြိုင်ဘက်ပါတီကြီးဖြစ်တဲ့ ဇီယွန်နစ် ပြည်ထောင်စု မဟာမိတ်ပါတီကို အနိုင်ရရှိသွားခဲ့ပြန်ပါပြီ။ ဒါဟာ ၀န်ကြီးချုပ် နာတာညာဟုအတွက် စတုတ္ထမြောက် ၀န်ကြီးချုပ်သက်တမ်းဖြစ်ပါတယ်။ သူ့ရဲ့ လီကွတ်ပါတီက ဒီရွေးကောက်ပွဲမှာ အမတ်နေရာ ၂၉ နေရာ အနိုင်ရရှိခဲ့ပြီး ဇီယွန်နစ် ပြည်ထောင်စုမဟာမိတ်ပါတီက ၂၄ နေရာအနိုင်ရရှိခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ အိုင်ဇက် ဟာဇော့က သူရှုံးနိမ့်ကြောင်းဝန်ခံပြီး နာတာညာဟု ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ နာတာညာဟုက သူ့ရဲ့အဓိက မဲဆွယ်စည်းရုံးရေးအဖြစ် လုံခြုံရေး ရေး ကို ကိုင်စွဲခဲ့ပြီး သူတဦးတည်းသာ အီရန်နိုင်ငံရဲ့ နျူကလီးယား ခြိမ်းခြောက်မှုက အကာအကွယ်ပေး နိုင်သူဖြစ်ပြီး အရှေ့ဂျေရူဆလင်မှာ ပါလက်စတိုင်းတွေရဲ့ မြို့တော် တည်ဆောက်လာမှာကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုစည်းရုံးခဲ့ပါတယ်။ ပါလက်စတိုင်းဘက်ကလည်း နိုင်ငံတည်ထောင်နိုင်ရေးအတွက် သူတို့ချမှတ်ထားတဲ့ သံတမန်ရေးအရ စီမံချက်ကို ရှေ့တိုးဆောင်ရွက်မယ်လို့အခိုင်အမာပြောဆိုထားပါတယ်။ ရှေ့စပ်ညှိနှိုင်းရေးမှူး ဆေအက်ဘ် အီရာကတ်ကတော့ “နာတာညာဟုက နောက်အစိုးရသစ်ဖွဲ့မှာပဲ။ကျနော်တို့ အခိုင်အမာပြောမှာက ကျနော်တို့ သည်ဟိတ်က အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးကို တက်မှာပဲ။ ကျနော်တို့ရဲ့ သူတို့အပေါ်စွဲဆိုချက် အကောင်အထည်ပေါ်အောင် သံတမန်ပိုင်း အားထုတ်မှုအားလုံးကို မြန်မြန်ဆန်ဆန် နဲ့ ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါပဲ” လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အစ္စရေးလ် ၀န်ကြီးချုပ် နာတာညာဟုကလည်း သူရဲ့အပတ်စဉ် ၀န်ကြီးအဖွဲ့အစည်းအဝေးမှာ သူ့အနေနဲ့ပါလက်စတိုင်းတွေရဲ့ အဲဒီလုပ်ရပ်တွေကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘဲ ပါလက်စတိုင်းတွေကို အရေးယူအပြစ်ပေးတဲ့ ကိစ္စတွေကို ဒီထက်ပိုပြီး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တဲ့အတွက် နှစ်ဘက်သဘောထားတင်းမာနေတာပဲဖြစ်ပါတယ်။ နာတာညာဟုက “အစ္စရေးလ်ကာကွယ်ရေး တပ်ဖွဲ့တွေထဲက စစ်သားတွေ၊ တပ်မှူးတွေကို နိုင်ငံတကာရာဇ၀တ်ခုံရုံး ရှေ့ဆွဲတင်တာကိုတော့ ကျနော်တို့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်နေတဲ့ ဟားမားစ် တွေနဲ့ ပူးပေါင်းနေသူ ပါလက်စတိုင်းခေါင်းဆောင်တွေကိုတော့ တာဝန်ရှိသူတွေအဖြစ် ပါအောင်ခေါ်ရမှာပဲ” လို့ ပြောခဲ့တဲ့အတွက် ဘယ်ဘက်ကမှ အလျှော့မပေးနိုင်တဲ့ သဘော ဖြစ်နေပါတယ်။ ဒီကိစ္စက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပါလက်စတိုင်းက တင်ပြလာတဲ့ ၂၀၁၇ ခုနှစ်နောက်ဆုံးထားပြီး အစ္စရေးလ်တပ်တွေ ပါလက်စတိုင်းနယ်မြေထဲက ဆုတ်ခွာပေးပြီး တနှစ် အတွင်း ငြိမ်းချမ်းရေးသဘောတူညီချက် ရအာင် ဆောင်ရွက်ရေးအပေါ် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ရှုံးနိမ့်သွားခဲ့ပြီး ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုမ်းစတက်ကျုကို လက်မှတ်ရေးထိုးပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ အဖွဲ့ဝင်အဖြစ် လက်ခံဖို့တင်သွင်းခဲ့တဲ့နောက်မှာ အစ္စရေးလ်ဘက်ကလည်း ဒါဟာ အစ္စရေးလ်ကို စစ်ရာဇ၀တ်ပြစ်မှုတွေနဲ့ တရားစွဲဆိုဖို့ ကြိုးစားတာဖြစ်တယ်ဆိုပြီး မကျေမနပ်ဖြစ်နေခဲ့တာပါ။ မကျေနပ်တဲ့ အစ္စရေးလ်က ပါလက်စတိုင်းနယ်မြေထဲကို သယ်ယူနေတဲ့ ကုန်ပစ္စည်းတွေအ တွက် ပါလက်စတိုင်း အစိုးရအတွက် သူကောက်ခံပေးထားတဲ့ အကောက်ခွံငွေ ဒေါ်လာသန်း ၁၂၇ သန်းလောက်ကို ပါလက်စတိုင်းအစိုးရ လွှဲပြောင်းမပေးဘဲ ထားခဲ့ပါတယ်။ အဲဒီလိုအစ္စရေးလ်က လုပ်လိုက်တဲ့အတွက် သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းအစိုးရ ၀န်ထမ်းတွေ ကို လစာမပေးနိုင်ဖြစ်သွားခဲ့ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ဆေအက်ဘ် အီရာကတ် က အစ္စရေးလ်ရဲ့ အခွံငွေတွေ လွှဲပြောင်းမပေးဖို့ ဆုံးဖြတ်ချက်ဟာ “ပြောင်ကျကျ ခိုးယူမှု” တခုပဲလို့ ပြောကြားခဲ့ပါတယ်။ အဲဒီလို အစ္စရေးလ်နဲ့ ပါလက်စတိုင်း အစိုးရတွေကြားမှာ လိပ်ခဲတင်းတင်း မကျေမနပ်ဖြစ်နေကြတဲ့ အချိန်နဲ့ အစ္စရေးလ် မြောက်ပိုင်းနဲ့တောင်ပိုင်းမှာ အခက်အခဲတွေ ရှိနေကြပေမယ့် ပြည်သူလူထုကတော့ ပါလက်စတိုင်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ပြန်စစေချင်နေကြပါပြီ။ ဒါပေမယ့် နာတာညာဟု အစိုးရ အဖွဲ့သစ်အောက်မှာတော့ အခက်အခဲရှိလိမ့်မယ်လို့ ယူဆရပါတယ်။ နာတာညာဟုကလည်း အရှေ့ဂျေရူဆလင်နဲ့ ဂါဇာကမ်းမြောင်ဒေသ အပါအ၀င် အစ္စရေးလ်သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်း နိုင်ငံ တည်ဆောက်မှာကို ပိတ်ပင်တားဆီးဖို့ သူရည်ရွယ်တဲ့အကြောင်း ပြောကြားခဲ့တဲ့အတွက် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အားထုတ်ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းတွေ၊ ဟားမားစ် စစ်သွေးကြွတွေ နဲ့ အစ္စရေးလ် တို့အကြားမှာ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့၊ အစ္စရေးလ် တပ်တွေ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသက ပြန်ဆုတ်ခွာ ပြီး ငြိမ်းချမ်းရေး သဘောတူညီမှုတခုရဖို့ သိပ်အလားအလာ မရှိသေးဘူးလို့ ဆိုရမှာပါပဲ။ ဒါပေမယ့် သံတမန်ရေးဆိုင်ရာအရ လိပ်ခဲတည်းလည်းဖြစ်မှု၊ မကျေလည်မှု နဲ့ တဘက်နဲ့တဘက် ထိုးနှက်တိုက်ခိုက်ဖို့ ကြိုးစားအားထုတ်မှုတွေဖြစ်တဲ့ နှစ်နိုင်ငံကြား ပဋိပက္ခတွေကို ၀န်ကြီးချုပ် နာတာညာဟု ရဲ့ စတုတ္ထသက်တမ်းအတွင်း ညှနှိုင်းပြေလည်ရေး အတွက် နိုင်ငံတကာ ဖိအားတွေကလည်း တိုးများလာဖို့တော့ ရှိပါတယ်။ လောလောဆယ် အီရန်ရဲ့နျူကလီးယာပိုင်ဆိုင်ရေး သံတမန်ရေးအားထုတ်မှု ကိစ္စမှာ အမေရိကန်ရဲ့ အပြုသဘောတုံ့ပြန်မှုအပေါ် အစ္စရေး ၀န်ကြီးချုပ်နာတာညာဟုနဲ့ အမေရိကန် သမ္မတ အိုဘားမား အကြား ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေ၊ နှစ်နိုင်ငံ ဆက်ဆံရေးလည်း အေးစက်နေဆဲကာလ ဖြစ်တဲ့အတွက် အမေရိကန်သမ္မတက အစ္စရေးလ်ဝန်ကြီးချုပ်အပေါ် နိုင်ငံတကာရာဖ၀တ်ခုံရုံးမှာ ပါလက်စတိုင်းက အဖွဲ့ဝင်အဖြစ် ပါဝင်လာဖို့ ကြိုးစားလာမှုကနေ နှစ်နိုင်ငံပြည်သူလူထု အကျိုးအတွက် အပြုသဘော ဖိအားတစုံတရာ ပေးနိုင်ပါ့မလား။ နိုင်ငံလုံခြုံရေး ဦးစားပေး ၀န်ကြီးချုပ် နာတာညာဟု ကရော လက်ခံနိုင်ပါ့မလား။ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ သံအမတ်ကြီး ရီးယတ် မင်းဆောင်းကတော့ “ရုမ်းစတက်ကျု ဥပဒေအရ နိုင်ငံတခုဟာ သူသိမ်းပိုက်ထားတဲ့ နယ်မြေပိုင်နက်တခုထဲကို တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်လို့ ဖြစ်ဖြစ် သူ့နိုင်ငံရဲ့ အရပ်သားပြည်သူလူထုကို ကူးပြောင်းစေတာဟာ စစ်ရာဇ၀တ်မှုတခု ဖြစ်တယ်” လို့ ပြောနေပါပြီ။ ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024