ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာရုံပြုကြဖို့ အချိန်တန်ပါပြီ

မြန်မာပြည်မှာ ဒီမိုကရေစီအနာဂတ် သေချာစေဖို့ဆိုရင် ဖွံ့ဖြိုးရေးနဲ့ စေ့စပ်ရေးတွေလောက်နဲ့ လုံလောက်တော့မယ့်ပုံမျိုး နိုင်ငံတကာအသိုင်းအ၀ိုင်း ပြုမူနေကြတယ်။ ကုလသမဂ္ဂနဲ့ အလှူရှင်နိုင်ငံတွေက နိုင်ငံချင်းအလိုက်တမျိုး၊ နိုင်ငံတကာ အတိုင်းအတာနဲ့ တဖုံ အလုံးအရင်းနဲ့ ပုံအောနေကြတယ်။ ဒီထဲမှာ မြန်မာပြည်ကို ၂၁ ရာစု ဥပဒေစိုးမိုးတဲ့ ကမ္ဘာ့အသိုင်းအ၀န်းထဲ ၀င်ဆန့်လာဖို့ စီမံချက် ဆိုတာတွေလည်း ပါဝင်ပါတယ်။ သို့ပင်ငြား စံတော်ဝင် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စေတနာမွန်နဲ့ စေ့စပ်မှုတွေဟာ မှားယွင်းတဲ့ အကဲဖြတ်ချက်တွေအပေါ်မှာ တည်ဆောက်ထားတာမျိုးပဲ ဖြစ်နေပါတယ်။ဆိုလိုတာက မြန်မာပြည်သူတွေအတွက်ရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်မှန်းထား တဲ့ ကမ္ဘာ့လုံခြုံးရေးတိုးတက်လာဖို့အတွက် အကျိုးမရှိနိုင်ပါဘူး။ လွဲနေတဲ့ ယုတ္တိလို့ ဆိုရတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကာကွယ်ရေးကိစ္စ အ၀၀ကို စစ်ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကို အပ်နှင်းထားတဲ့ အချက်က အထင်အရှား ရှိနေပေမယ့် မြန်မာပြည်မှာ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုကို တည်ဆောက်လို့ ရနိုင်တယ်ဆိုတဲ့ အယူအဆပါပဲ။ ဆိုခဲ့တဲ့အတိုင်း ကာကွယ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စအ၀၀၊ တပ်ရေးတပ်ရာ ကိစ္စအရပ်ရပ်၊ စစ်တပ်ရဲ့ အပြုအမူတွေမှာ ဘယ်လိုပဲ ရာဇ၀တ်နဲ့ အဂတိလိုက်စားမှုမြောက်သည်ဖြစ်စေ အပြစ်ကနေ ကင်းလွတ်ခွင့်တွေ ပေးထားပါတယ်။ အမှန်တရားက ရိုးရှင်းပါတယ်။ မြန်မာပြည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီးနောက် စစ်တပ်ကို အရပ်သားရဲ့ ထိန်းချုပ်မှုအောက်မှာ မထားနိုင်ခဲ့ရင် သို့မဟုတ် မထားနိုင်သေးရင် ဘယ်လိုပဲ ဒီမိုကရေစီပြောပြော၊ ဘယ်လောက်ပဲ တရားဥပဒေစိုးမိုးရေးလို့ပဲ ဆိုဆို အပြောချည်း သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ ဖွဲ့စည်းပုံအရ စစ်တပ်ကို တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ခွင့်နဲ့ အပြစ်မှ လွတ်ငြိမ်းခွင့်တွေ ပေးထားတာကြောင့် စစ်ဆင်ရေးနဲ့ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ဖို့ မီးစိမ်းပြထားပါတယ်။ လက်နက်တပ်ဆင်ရေး၊ လက်နက်ဖြုတ်သိမ်းရေးကိစ္စအ၀၀မှာလည်း ထင်တိုင်းကြဲ ခွင့်ပြုထားပါတယ်။ ယုတ်စွအဆုံး ဘယ်လို ရည်ရွယ်ချက်နဲ့မဆို နျူးကလီးယား နည်းပညာဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခွင့်လည်း ပေးထားပါတယ်။ နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေးနဲ့ အကူအညီတွေဟာ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားရေးကို ကြီးကြီးမားမား အကျိုးပြုနေတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ဖိအားပေးမယ်ဆိုရင် မြန်မာစစ်တပ်က အလိုက်သင့် တုန့်ပြန်နိုင်စရာ အကြောင်းတွေ ရှိနေပါတယ်၊ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀န်းဟာ စစ်တပ်ကို ဖိအားပေးဖို့ကိစ္စမှာ လျော့ရဲလွန်းနေပါတယ်။ ဒါတင်မက စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ အဆက်မပြတ် တိုက်ခိုက်နေတာတွေ၊ လျှို့ဝှက်တဲ့ လက်နက်နည်းပညာ ဖွံ့ဖြိုးရေးလုပ်ဆောင်နေတာတွေကို မသိကျိုးကျွံပြုထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခ နှစ်ပေါင်း ၆၀ သမိုင်းတလျှောက်လုံးမှာ အစိုးရစစ်တပ်က ကလေးစစ်သား အသုံးပြုတာ၊ တိုင်းရင်းသူတွေကို အဓမ္မပြုကျင့်တဲ့အမှုတွေကို ကျူးလွန်တဲ့ အထောက်အထားတွေ အခိုင်အမာရှိပေမယ့် စစ်တပ်ထဲက အဖွဲ့ဝင်တယောက် တလေကိုတောင် စစ်ရာဇ၀တ်မှုနဲ့ တရားစွဲနိုင်ခြင်း မရှိခဲ့ပါဘူး။ နိုင်ငံတခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးတဲ့ နေရာမှာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ကြပါတယ်၊ ဥပဒေရဲ့ ဖွင့်ဆိုချက်အရ အချုပ်အခြာ အာဏာ သို့မဟုတ် အချုပ်အခြာ အာဏာပိုင်နိုင်ငံဆိုသည်မှာ နိုင်ငံတော်မှာ ဥပဒေအရ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိခြင်းကို ခေါ်ပါတယ်။ စစ်တပ်အပေါ်မှာ ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဖြစ်စေ လုပ်ပိုင်ခွင့် အလုံးစုံဟာ နိုင်ငံတော်ရဲ့ လက်ထဲမှာပဲ ရှိရပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်အရ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်" ဆိုတာ အချုပ်အခြာ အာဏာပိုင်နိုင်ငံဆိုတဲ့ စံနဲ့ မကိုက်ညီပါဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဒီမိုကရေစီရေးအတွက် လက်တွေ့ လှုပ်ရှားနေသူတွေပါ သိထားရမယ့် အချက်ကတော့ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနစ်ကို ထူထောင်မယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့ အညီ ပြင်ဆင်ဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ စစ်တပ်အလိုကျ ပုံသွင်းထားတဲ့ နိုင်ငံရေးဘောင်ထဲကနေ စစ်မှန်တဲ့ ဒီမိုကရေစီကို ထူထောင်လို့ မရပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ "တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်လို့ အထွတ်တင်ထားပါတယ်။ စစ်တပ်က ရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး အခြေခံတွေ ပေါ်ပေါက်ရေးထက် စစ်တပ်ရဲ့ နိုင်ငံရေးအာဏာကို တည်တံ့အောင် ဘောင်သွင်းထားပါတယ်။ ဒါကြောင့် အပြောင်းအလဲအတွက် ပြတင်းတံခါး ဖွင့်ပေးဖို့ စစ်တပ်ကို စည်းရုံး ကြိုးပမ်းကြတဲ့အခါမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပူးပေါင်းအားထုတ်မှု လိုအပ်ပါတယ်။ စစ်တပ်ကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့် အပ်နှင်းထားတဲ့ ပြသနာကို ဝေးဝေးလံလံ ခြေရာခံဖို့ မလိုပါဘူး၊ (အရပ်သားအစိုးရရဲ့ အပြောနဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ရွက် ရှေ့နောက်မညီတဲ့ ကိစ္စတွေထဲက) ၂၀၁၃ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ စစ်တပ်က ကေအိုင်အေကို ထိုးစစ်တွေ ဆင်ခဲ့ပါတယ်။ အရပ်သား အစိုးရက ငြိမ်းချမ်းရေးတည်တံ့ဖို့ အားထုတ်မှုမှန်သမျှကို မသိကျိုးကျွံပြုခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့မှာလည်း မြန်မာပြည်အလယ်ပိုင်းက စစ်တပ်ရဲ့ ဦးပိုင်နဲ့ တရုတ် ၀မ်ပေါင်ကုမ္မဏီတို့က လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြသူတွေကို နှိမ်နင်းတဲ့အခါမှာ အဖြူရောင် ဖော့စရက်တွေကို အသုံးပြုခဲ့ပြန်ပါတယ်။ ဒီစီမံကိန်းမှာ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စဟာ မငြင်းပွားမှုတွေရဲ့  ဗဟိုချုပ် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဓနအင်အားမရ အတောင့်တင်းဆုံး စစ်တပ်ပိုင် လုပ်ငန်းတွေဟာ တခြားလုပ်ငန်းထက် အခွန်ကင်းလွတ်ခွင့် ရကြပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ လိုအပ်ချက် မြင့်မားနေတာကို ဖြည့်ဆည်းနိုင်ဖို့ ၀င်ငွေတွေ လျော့နည်းသွားစေပါတယ်။ ဥပဒေရဲ့ ဖွင့်ဆိုချက်အရ အချုပ်အခြာ အာဏာ သို့မဟုတ် အချုပ်အခြာ အာဏာပိုင် နိုင်ငံဆိုသည်မှာ ဥပဒေကြောင်းအရ နိုင်ငံတော်က စစ်တပ်အပေါ်မှာ အပြည့်အ၀ ထိန်းချုပ်နိုင်စွမ်းရှိမှုကို ဆိုလိုပါတယ်။ ထိန်းချုပ်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ မြန်မာ့ရှေ့နေကွန်ရက်နဲ့ အမေရိကန်အခြေစိုက် Justice Trust (USA) တို့ရဲ့ စုံစမ်း ဖော်ထုတ်ချက်အရ ရဲအဖွဲ့ဟာ (လက်ပံတောင်းတောင်သပိတ်ကို) အင်အားအလွန်အကျွံ သုံးပြီး ဖြိုခွင့်းခဲ့တယ်။ စစ်တပ်က ထုတ်တဲ့ အဖြူရောင် ဖော့စဖရက်ပါတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ သံဃာတော် အပါး ၁၀၀ ကျော် ဓာတုဓာတ် လောင်ကျွမ်းတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုထားပါတယ်။ အဖြူရောင် ဖော့စဖရက်ကို သုံးပြီး အရပ်သားတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်၊ ၂၀၁၂ နိုဝင်ဘာ ၂၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ပေးခဲ့တဲ့ ကန့်ကွက်မှုကို အကြမ်းဖက်နည်းနဲ့ အဖြေရှာဖို့ ဆိုတဲ့ သဘောထား၊ ကတိစကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်၊ ဒီအဖြစ်အပျက်မှာ ဒီလောက် အန္တရာယ်များတဲ့ ဓာတုလက်နက်ကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုအမိန့်ပေးခဲ့သလဲဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်၊ အရပ်သားအစိုးရနဲ့ ရဲတွေရဲ့ လုပ်ရပ်မှာ ၀ိရောဓိ ဖြစ်နေတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုရဲ့ လက်အောက်ခံ ဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းပါတယ်။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတဲ့ ရဲအဖွဲ့ကို ဒီလို ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်တွေမှာ တာဝန်ရှိလို့ ဆိုပြီး အလွယ်တကူနဲ့ အရေးယူဖို့ မဖြစ်နိုင်ပါဘူး။ အဖြူရောင် ဖော့စဖရက်ကို အသုံးပြုခဲ့တာကို ထောက်ရင် မြန်မာပြည်မှာ အရပ်သားတွေကို တားဆီးဖို့ ဘယ်လိုလက်နက်ကိုမဆို အသုံးပြုမယ်ဆိုတာကို အချက်ပေးလိုက်တာပါပဲ။ ဒီကိစ္စမှာ ကျူးလွန်သူတွေဟာ ရဲဖြစ်စေ၊ စစ်တပ်ဖြစ်စေ၊ ယုတ်စွအဆုံး စစ်တပ်က ငှားတဲ့ သီးသန့် လူမိုက်အဖွဲ့တဖွဲ့ ဖြစ်စေ ဘယ်တော့မှ လက်ရွံ့မှာ မဟုတ်ပါဘူး၊ အကြောင်းကတော့ မြန်မာပြည်မှာ ၁၉၆၂ ခုနှစ်ကစလို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ထဲက အပြစ်ကျူးလွန်လို့ အပြစ်ပေးခံခဲ့ရဖူးတဲ့ အစဉ်အလာ မရှိပါဘူး။ ဘယ်အရပ်သားအစိုးရကမှလည်း ရဲနဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါဘူး။ မြန်မာပြည်ရဲ့ နျူးကလီးယား ကိစ္စကလည်း အစိုးရရဲ့ အပြောနဲ့ စစ်တပ်ရဲ့ အလုပ် ၀ိရောဓိဖြစ်နေတဲ့ နောက်ပြဿ      နာတရပ်ပါပဲ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း (အမှတ်စဉ် ၁၄) သင်တန်းဆင်းပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ တပ်မတော်အနေနဲ့ အဏုမြူနည်းပညာကို  ဆေးပညာနယ်ပယ်၊ သုတေသနနယ်ပယ်နဲ့ စွမ်းအင်နယ်ပယ်တွေမှာ အသုံးချသွားမယ်လို့ ပြောခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လတုန်းက သူကိုယ်တိုင် တပ်မတော် ဦးစီးချုပ် တယောက်အနေနဲ့ ပြောခဲ့ဖူးတဲ့ မြန်မာပြည်မှာ နျူးကလီးယား အစီအစဉ်တွေ မရှိပါဘူး၊ ဒါကြောင့် ကုလသမဂ္ဂရဲ့ နျူးကလီးယား ထိန်းချုပ်ရေးအဖွဲ့ (အိုင်အေအီးအေ) ကလည်း ၀င်ရောက်စစ်ဆေးဖို့ မလိုဘူးလို့ ပြောခဲ့တာနဲ့ ကွဲလွဲနေပါတယ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ သမ္မတ ဦးသိန်းစိန်က နျူးကလီးယားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို တရားဝင်ကြေညာဖို့နဲ့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို စစ်ဆေးခွင့်ပြုဖို့ လိုအပ်တဲ့ နိုင်ငံတကာသဘောတူညီချက်မှာ လက်မှတ်ထိုးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပြသနာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ဦးစီးချုပ်ကို အပြည့်အ၀ လုပ်ပိုင်ခွင့် အပ်နှင်းထားတဲ့ အခြေအနေမျိုးမှာ စစ်တပ်နယ်မြေထဲကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို ၀င်ရောက် စစ်ဆေးခွင့်ပြုဖို့ ကိစ္စ၊ သို့တည်းမဟုတ် စစ်တပ်နယ်မြေထဲက နျူးကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လာရင် သမ္မတအနေနဲ့ ပြောတဲ့ အတိုင်း ဖြစ်လာအောင် ဘာများ တတ်နိုင်မှာလဲ မေးစရာရှိပါတယ်။ ယုတ်စွအဆုံး သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာရဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု မူအတိုင်းပဲ မြောက်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ဖြတ်တောက်ပါမယ်လို့ တောင်ကိုရီးယားနဲ့ (၂၀၁၂ မေလ) မှာ အမေရိကန်ခေါင်းဆောင်တွေကို အာမဘန္တေခံခဲ့ပါတယ်၊ ဒါပေမယ့် နောက်ထပ် ၃ လပဲ ကြာပါတယ်။ မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံ လမ်းကြောင်းကတဆင့် ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္မဏီတခုဆီကို ပို့ဖို့ ရည်ရွယ်ထားတဲ့ နျူးကလီးယားသန့်စင်ရေးနဲ့ ဒုံးကျည်ဖွံ့ဖြိုးရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တွေကို ဂျပန်က ဖမ်းမိလိုက်ပါတယ်။ ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္မဏီ ဆိုတာကလည်း မြန်မာ စစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဒိုင်ခံဝယ်ပေးနေတဲ့ ထိပ်တန်းကုမ္မဏီတခုအနေနဲ့ အမေရိကန်အစိုးရက ယုံကြည်ထားပါတယ်။ မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုင်းရင်းသားအရပ်သားတွေအပေါ် စစ်ရေးတိုက်ခိုက်မှု အထောက်အထားတွေက မြန်မာအစိုးရရဲ့ အပြောနဲ့ အလုပ် တခြားစီ ဖြစ်နေတဲ့ သက်သေတွေပါပဲ။ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ နျူးကလီးယားကဏ္ဍ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ချက်တွေကလည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ပါ တယ်၊ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ဒါတွေကို မသိကျိုး ကျွံပြု ထားတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်နဲ့ ဒီလို ချိုးဖောက်မှုကို အရေးမကြီးသယောင် လုပ်နေကြတယ်။ ဥပမာ ၂၀၁၂ ဒီဇင်ဘာအတွင်းမှာ နိုင်ငံတကာ ရှေ့နေများအစည်းအရုံး လူ့အခွင့်အရေး အင်စတီကျူ (IBAHRI) ကနေ မြန်မာပြည်၏ တရားဥပဒေစိုးမိုးမှု (“The Rule of Law in Myanmar: Challenges and Prospects,”) စိန်ခေါ်မှုများနှင့် မျှော်လင့်ချက်များဆိုတဲ့ နာမည်နဲ့ အစီရင်ခံစာထုတ်ပါတယ်၊ ဒီထဲမှာ သုံးသပ်ထားတဲ့ အချက်တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၄၄၅ (န၀တ၊ နအဖ ခေတ်က ဆောင်ရွက်ချက်တွေကို အကြောင်းပြုလျက် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဆိုတဲ့ ပုဒ်မ) ဟာ ဆိုးရွားတဲ့ ရာဇ၀တ်မှုမြောက် လုပ်ရပ်တွေနဲ့ အကျုံးမ၀င်ဘူးလို့ သုံးသပ်ထားပါတယ်။ အိုင်ဘီအေရဲ့ အဲဒီ အစီရင်ခံစာထွက်ပြီး သိပ်မကြာခင်မှာပဲ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပုဒ်မ ၄၄၅ ကြောင့် ယခင် ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်လက်ထက်မှာ ဖြစ်ခဲ့တဲ့ အဂတိလိုက်စားမှုတွေ၊ အဂတိလိုက်စားတဲ့ အရာရှိတွေကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ကိစ္စမှာ အတားအဆီး ဖြစ်နေတယ်လို့ ကိုးကား ပြောသွားပါတယ်။ ပုဒ်မ ၄၄၅ ကြောင့် လောဘနဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ဖို့တောင် အခက်တွေ့နေရတယ်ဆိုရင် ဒီထက်ဆိုးတဲ့ ဥပမာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကိစ္စတွေလို ရာဇ၀တ်မှုတွေကို ဘယ်လိုများ ဆောင်ရွက်ကြမလဲ။ နိုင်ငံတကာအသိုင်းအ၀ိုင်းထဲက တချို့က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးတဲ့ ဒုက္ခ၊ ကမ္ဘာ့ လုံခြုံရေးအတွက် စိုးရိမ်သောက ရှိနေတာကို အမြင်နှိုးကြားနေတာကတော့ ကောင်းတဲ့ အချက်ပါပဲ။   မြန်မာပြည်ကို ၅ ရက်ကြာ လေ့လာရေးခရီးသွားခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးစုံစမ်းရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနားကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ လူ့အခွင့်အရေးအတွက် အနှောင့်အယှက်ဖြစ်နေတယ်လို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ  မှတ်ချက်ပြု ခဲ့တယ်။ ကမ္ဘာတ၀ှမ်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၅၅၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နျူး ကလီးယားခေတ် ငြိမ်းချမ်းရေးဖောင်ဒေးရှင်းအဖွဲ့  (The Nuclear Age Peace Foundation (NAPF) ကလည်း ၂၀၁၂ နိုဝင်ဘာလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စာတစောင် ပို့ပါတယ်။ စာထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပြုထားတဲ့ အတွက် အရပ်သားအစိုးရအနေနဲ့ နိုင်ငံတကာကို ပေးထားတဲ့ ကတိနဲ့ ၀တ္တရားတွေ အတိုင်း ဆောင်ရွက်နိုင်ရေးမှာ အခက်တွေ့နိုင်တယ်တဲ့ကိစ္စကို လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အလေးနက်ထား စဉ်းစားဖို့ တိုက်တွန်းခဲ့တယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တဲ့ နျူးကလီးယား လက်နက် တားဆီးပိတ်ပင်ရေးနဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကိစ္စတွေမှာ မြန်မာပြည်က လေးစား လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ ကို စိစစ်ပြခဲ့တယ်။ NAPF ရဲ့ ဥက္ကဋ္ဌ David Krieger က “မြန်မာပြည်မှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင်ကျင့်သုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားအစိုးရဟာ စစ်တပ်အပေါ်မှာ ထိန်းချုပ်နိုင်စွမ်း အလျင်းမရှိပါ။ ယင်းအချက်ကြောင့် မြန်မာအစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များဖြစ်သော SCR 1540 or SCR 1874၊ ကုလသမဂ္ဂ ကြေညာစာတမ်း၊ ဂျနီဗာ သဘောတူညီချက်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်နှင့် နျူးကလီးယား လက်နက်မပြန့်ပွားရေး သဘောတူညီချက်များကို လိုက်နာရန် မဖြစ်နိုင်တော့ပါ” လို့ ဆိုပါတယ်။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအရေးအတွက် လက်တွေ့ ကြိုးပမ်းနေကြသူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အရေးကြီးတဲ့ ရည်မှန်းချက် အနေနဲ့ စဉ်းစားနေကြပေမယ့် လက်တွေ့မှာတော့  ၂၀၀၈ ဖွဲ့စည်းပုံကိုယ်နှိုက်က ပြင်ဆင်ရေးကို လမ်းလွှဲထားတယ်။ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရမှသာ ဖွဲ့စည်းပုံက ပြင်ဆင်နိုင်မယ်လို့ ပြဌာန်းထားတာကြောင့် လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်းက ဥပဒေပြုရေးနဲ့ ပြင်ဆင်ရေး ကိစ္စအ၀၀မှာ ဗီတိုအာဏာကို ကိုင်ထားပါတယ်။ အန်အယ်ဒီအမတ် ဦးဝင်းထိန်ရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို “အပျော့နည်းနဲ့ စည်းရုံးနေတယ်” (“talking sweet”) လို့ ဆိုပါတယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီကို ပြန်ပေးဆွဲထားတဲ့ ကိစ္စကို လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ အားမာန်အပြည့်နဲ့ ပြောဆိုဖို့ အခက်တွေ့နေရလို့ပါပဲ။ ဒီလို အခြေအနေနောက်ခံမှာ သမ္မတ္ခ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန် တကယ် လိုလားကြောင်း ပြသချင်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လွတ် လပ်လပ် ပြန် သုံးသပ်ဖို့ တောင်းဆိုချက်မူတွေကို ထောက်ခံနိုင်ပါတယ်၊ စစ်တပ်ကိုယ်တိုင်က လိုက်ပါဆောင်ရွက်လာအောင် နိုင်ငံတကာ ဥပဒေတွေကို ထောက်ခံတဲ့ ဆန္ဒတွေကို ပြသဖို့ လိုပါတယ်။ ဥပမာ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (International Criminal Court)ရဲ့ ရောမ ဥပဒေသဘောတူညီချက်မှာ(Rome Statute)  လက်မှတ်ထိုးနိုင်ဖို့၊ ပါလီမန်ရဲ့ သဘော တူညီချက်ကို တောင်းခံနိုင်ပါတယ်။ ဂျနီဗာ သဘော တူညီချက်မှာ ခြွင်းချက်အနေနဲ့ ထည့်သွင်းထားတဲ့  အရပ်သားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ ကတိက၀တ်နဲ့ ညှဉ်းပမ်း နှိပ်စက်မှုနဲ့ တခြား လူမဆန်သော ရက်စက်မှုနှင့် အပြစ်ပေးမှုများကို ဆန့်ကျင်သော သဘောတူညီချက်မှာ မြန်မာနိုင်ငံက လက်မှတ်ထိုးရေးကို ထောက်ခံကြောင်းပြသဖို့ လိုပါ တယ်။ သေချာတာကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအ၀ိုင်းအနေနဲ့လည်း မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းဖို့ အမှန်တကယ် စိုးရိမ်တယ်၊ လိုလားတယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဖြစ်မြောက်အောင် ၀ိုင်းတွန်းဖို့ ခြေလှမ်းတွေ စသင့်ပါပြီ၊ ကုလသမဂ္ဂအထွေထွေညီလာခံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် နိုင်ငံတကာ တရားမျှတမှုတရားရုံး (International Court of Justice) ရဲ့ မူဘောင်ထဲကနေ မြန်မာပြည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အကြံကောင်းပြုနိုင်ပါတယ်။ (ကိုဆိုဗို လွတ်လပ်ရေး ကြေညာစာတမ်းမှာ တရားဥပဒေနဲ့ ညီညွတ်မှု ရှိအောင် ဒီလို အကြံပြု ခဲ့ဖူးတယ်) နိုင်ငံတကာ အကူအညီတွေနဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကတဆင့် ဒီလို တိုးတက်မှုမျိုးကို ဖန်တီးနိုင်တဲ့ အပြုသဘောခြေလှမ်းတွေ လှမ်းကြဖို့ အချိန်တန်ပါပြီ။  နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီလို ညီညွတ်တဲ့ သန္နိဋ္ဌာန်နဲ့ ဆောင်ရွက်မှပဲ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ (ဆောင်းပါးရှင် JANET BENSHOOF သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Global Justice Center ကို တည်ထောင်သူနှင့် လက်ရှိ ဥက္ကဋ္ဌ ဖြစ်ပါသည်) (မူရင်း၊ ၊  It’s time for the int’l community to address Burma’s constitution By JANETBENSHOOF)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up