တပ်ဖွဲ့ဝင်များ လက်နက်ချကြရန် တူရကီသူပုန်ခေါင်းဆောင် ထပ်မံတိုက်တွန်း

ထောင်ကျခံနေရတဲ့ တူရကီကာဒ့်ခေါင်းဆောင်က သူ့ရဲ့  ကာဒ့်အလုပ်သမားပါတီ (PKK) တပ်ဖွဲ့ဝင်တွေကို လက်နက်ချကျဖို့ မတ် ၂၁ ရက်နေ့က ထပ်မံတိုက်တွန်းခဲ့ပါတယ်။ တူရကီကာဒ့်ခေါင်းဆောင် အော့ကလန် (Ocalan) ဟာ ၁၉၉၉ ခုနှစ်ကတည်းက ထောင်ဒဏ်တသက်တကျွန်းကျနေပြီး သူနဲ့ ထောင်ထဲမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ကာဒ့်နိုင်ငံရေးခေါင်းဆောင်တဦးက စာကို ဖတ်ပြခဲ့တာပါ။ တူရကီနိုင်ငံအရှေ့ပိုင်းက ကာဒ့်လူမျိုးအများစုနေထိုင်တဲ့ ဒီယာဘာကီယာ Diyarbakir မြို့မှာ မတ် ၂၁ ရက်နေ့က ကာဒ့်နှစ်သစ်ကူးနေ့ ကျင်းပချိန်မှာပဲ ထောင်သောင်းချီတဲ့ ထောက်ခံသူတွေရှေ့မှာ စာကို ဖတ်ပြခဲ့တာပါ။ ကာဒ့်လွတ်လပ်ရေးအတွက် နှစ်ပေါင်း ၃၀ ကြာ တူရကီအစိုးရကို တော်လှန်ခဲ့ကြတဲ့ PPK ကာဒ့်တပ်ဖွဲ့ဝင်တွေ ညီလာခံခေါ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ စာထဲမှာ တိုက်တွန်းထားတာပါ။ တူရကီအရှေ့တောင်ပိုင်းမှာ ကာဒ့်နိုင်ငံထူထောင်ရေး တော်လှန်ရေးအတွင်း လူ ၄ သောင်းကျော်သေဆုံးခဲ့ပြီး အများစုက ကာဒ့်လူမျိုးတွေဖြစ်ခဲ့ပါတယ်။ ကာဒ့်လူမျိုးတွေဟာ တူရကီနိုင်ငံမှာကော အိမ်နီးချင်း ဆီးရီးယား၊ အီရန်၊ အီရတ်နိုင်ငံတွေမှာပါ နေထိုင်တာကြောင့် ဒီလက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးတိုက်တွန်းမှုဟာ တခြားနိုင်ငံတွေက ကာဒ့်လူမျိုးတွေပေါ်လည်း အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ ကာဒ့်ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ တကယ်လို့ ဒီနိုင်ငံတွေက ကာဒ့်လူမျိုးတွေကြား ပြေလည်မှုတခုခုရရင် ဒီနိုင်ငံတွေမှာ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအကြမ်းဖက်နေတဲ့ အိုင်အက်စ်အစွန်းရောက်နှိမ်နင်းရေးမှာ အထောက်အကူဖြစ်နိုင်တယ်လို့လည်း ထိပ်တန်း ကာဒ့်နိုင်ငံရေးခေါင်းဆောင်တဦးက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up