အာဖဂန်နိုင်ငံတွင် ကိုရမ်ကျမ်း မီးရှို့သဖြင့် အမျိုးသမီးတဦးကို သတ်ဖြတ်မှုဖြစ်

2.9K
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မြို့လယ်ခေါင်မှာ မတ် ၁၉ ရက်နေ့က လူတစုဟာ အမျိုးသမီးတဦးကို သတ်ဖြတ်မီးရှို့ပြီး အလောင်းကို ရွှံ့မြစ်ထဲ ပစ်ချမှုခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
Radio Free Europe/Radio Liberty တို့က ထုတ်လွှင့်တဲ့ရုပ်သံထဲမှာ လူအုပ်က မြေပေါ်မှာ လဲနေတဲ့ အမျိုးသမီးကို တုတ်ကြီးတွေနဲ့ ရိုက်နှက် ကန်ကျောက်နေတာကို တွေ့ရပါတယ်။
ဒေသခံရုပ်သံ သတင်းလိုင်း 1TV ကတော့ သတ်ဖြတ်မှုဖြစ်အပြီး သတင်းမှတ်တမ်းဖြစ်ပုံရတဲ့ အခင်းအကျင်းကို သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပြီး အမျိုးသမီးကို လူအုပ်က တိုက်ခိုက်ရတဲ့ အကြောင်းရင်းက သူဟာ အစ္စလာမ် တရားစာအုပ်ဖြစ်တဲ့ ကိုရမ်ကျမ်းက စာရွက်တွေကို မီးရှို့ခဲ့လို့ ဖြစ်ကြောင်း ဖော်ပြပါတယ်။
အသတ်ခံရသူရဲ့ မိသားစုဟာ ကဘူးလ်ရဲဌာန ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့နဲ့တွေ့ဆုံပြီး သူတို့ရဲ့ သမီးဟာ စိတ်ဝေဒနာကို ခံစားနေရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ ပြောခဲ့တဲ့အကြောင်း လုံခြုံရေး အရာရှိတဦးက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်စေခဲ့တဲ့ အခင်းအကျင်းအပေါ် ရဲတွေက မှတ်ချက်မပေးသေးပါဘူး။
ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၄ ဦးကို ဖမ်းပြီးပြီလို့ သူ့ရဲ့ တရားဝင် တွစ်တာ လူမှုကွန်ရက် အကောင့်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
လူ့အခွင့်အရေး အုပ်စုတွေကတော့ လူအုပ်ကို တားဖို့ လုံလောက်အောင် ဆောင်ရွက်ခဲ့သလားဆိုတဲ့ အချက်အပေါ် စိုးရိမ်နေခဲ့ပါတယ်။