Home
သုံးသပျခကျြ
လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှု သမ္မတ၏ကာကွယ်ပြောဆိုမှုအပေါ် အမြင်များ
ရွှေအောင်
·
March 21, 2015
လက်ပံတန်းကျောင်းသားစစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတယ်ဆိုပေမယ့် ကျောင်းသားကရိုက်လို့ ရဲက ပြန်ရိုက်ရတဲ့ သဘောပဲရှိပါတယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်က ဘီဘီစီ သတင်းဌာနနဲ့ အင်တာဗျုးမှာ ရဲဘက်က ခုခံကာကွယ် ပြောကြားခဲ့ပါတယ်။ သမ္မတရဲ့ ရဲဘက်က ခုခံကာကွယ်ပြောကြားချက်အပေါ် အဖွဲ့အစည်းအသီးသီးရဲ့ သဘောထားအမြင်တွေ စုစည်းတင်ဆက်ပေးပါမယ်။ ဦးမြအေး (၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) “လက်ပံတန်းကျောင်းသား သပိတ်ကို ဖြိုခွဲတဲ့ ဗွီဒီယိုကလစ်ပေါင်းများစွာကို အကုန်လုံးကြည့်လို့ ရနေတဲ့ခေတ် ဖြစ်သွားပြီလေ။ အဲ့ဒီမှာဗျာ ရဲတွေက ကားတွေဖျက်ဆီးတာ၊ ဖမ်းမိထားတဲ့ လူတယောက်ကို ဆင့်ကာဆင့်ကာ ရိုက်တာ၊ နောက်တခါ လူတယောက်ထဲကို ရဲအယောက် ၂၀ လောက်က ၀ိုင်းရိုက်နေတာတွေက ရုပ်ပျက်ဆင်းပျက်တွေလေဗျာ။ မြင်နေတွေ့နေရပြီဗျာ။ အဲ့ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတအနေနဲ့ ဘာမှ အကာအကွယ် ပေးစရာမလိုဘူးလို့ ကျနော်မြင်တယ်။ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဒါဟာ လုပ်ပိုင်ခွင့် အာဏာထက်ကျော်လွန်ပြီး လုပ်တယ်ဆိုတာ အထင်အရှား သက်သေအထောက်အထားနဲ့တကွ တွေ့နေမြင်နေရပြီး ဖြစ်လို့  ဆက်ပြီးတော့ အရေးယူဆောင်ရွက်ဖို့ပဲ ရှိတယ်လို့ မြင်တယ်။ အဲ့တော့ သမ္မတကြီး ပြောတဲ့စကားကိုတော့ စိတ်မကောင်းပါဘူး၊ ကျနော် လုံးဝသဘောမတူပါဘူး။” zaw thet htweဦးဇော်သက်ထွေး (စာနယ်ဇင်းကောင်စီ) “မီဒီယာသမားတွေ ကိုရော၊ ကျောင်းသားတွေကိုရော ရဲကနေ အကြမ်းဖက် ရိုက်နှက် တာတွေ၊ မော်တော်ကားတွေ ကို ရိုက်နှက်ဖျက်ဆီးတာတွေ၊ အလံတွေကို ဖနောင့်နဲ့ တက်ပေါက်တာတွေ ဒါမျိုးတွေကို အမုန်းတရားနဲ့ လုပ်ဆောင်ခဲ့တဲ့ ဗွီဒီယိုဖိုင်တွေ ကြည့်ခဲ့ရပါတယ်။ သမ္မတကြီးတော့ ကြည့်ခဲ့ရလား၊ မကြည့်ခဲ့ရလား မသိဘူး။ ကြည့်ခဲ့ရပြီးတဲ့နောက် သမ္မတကြီးက  ရဲတပ်ဖွဲ့ကို လုံးလုံးလျားလျား ကာကွယ်တာထက်စာရင် အကြီးအကဲတယောက်အနေနဲ့ ပြေလည်ရာပြေလည်ကြောင်း နှစ်ဘက် မျှမျှတတ ဝေဖန်ပြောဆိုမလားလို့ မျှော်လင့်ထားခဲ့တာပါ။ အခုကတော့ သမ္မတက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကိုပဲ မျက်စိမှိတ်ကာကွယ်ပေးတာကို ကြည့်ရမြင်ရတော့ အနာဂတ်ဒီမိုကရေစီအလားအလာကိုရော၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်ရော အတော်ကို မျှော်လင့်ချက်နည်းပါးတယ်လို့ ယူဆပါတယ်။” ဦးရောဘတ်စန်းအောင် (လူ့အခွင့်အရေးရှေ့နေ) raw bart san aung“ဥပဒေရဲ့သဘောမှာ လိုအပ်တာထက် ခုခံကာကွယ်လို့ မရဘူးဗျ။ ဘာမှ လက်နက်မပါတဲ့ သူတွေအပေါ်မှာ နံပါတ်တုတ်တွေနဲ့ရိုက်၊ ကားမှန်ရိုက်ခွဲတာက ခုခံကာကွယ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တာ ဖြစ်တယ်။ ခုခံကာကွယ်တယ်ဆိုတာ သတိနဲ့ ခုခံကာကွယ်ရတာမျိုး၊ သတိဘောင်ကိုကျော်လွန်ပြီး ခုခံကာကွယ်လို့ မရဘူးလေ။ ကာကွယ်ခုခံပိုင်ခွင့်ဆိုတာ ရာဇသတ်ကြီး ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပြီးသား၊ ဘယ်အဆင့် ဘယ်အခြေအနေမျိုးမှာ ဘယ်လိုကာကွယ်ရမယ်၊ ဥပမာ တံစဉ်ကိုင်လာတဲ့သူကို ခုခံကာကွယ်တယ်ဆိုပြီးတော့ သေနတ်နဲ့ ရင်ဘတ်တဲ့တဲ့ ပစ်တာမျိုးကျတော့ ဒါ ခုခံကာကွယ်ပိုင်ခွင့်ကို ဥပဒေနဲ့အညီ ကျင့်သုံး ဆောင်ရွက်ရာ မရောက်ဘူး။ အခုကိစ္စမှာလည်း ကျောင်းသားတွေက လက်နက်မဲ့၊ ထားပါတော့ ရေသန့်ဘူးနဲ့ ပေါက်လို့ဆိုပြီးတော့ အချက်ပေါင်းများစွာ ရိုက်တာကျတော့ ကာကွယ်ခုခံပိုင်ခွင့်ဆိုတဲ့ ဘောင်ကိုကျော်ပြီးတော့ ကျင့်သုံးရာ ရောက်ပါတယ်။ ဒါ မသင့်လျော်ပါဘူး။” ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေးကွန်ရက်) Daw Khon Jar“နံပါတ်တစ်က ကျမ သဘောမတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမရဲ့ မိတ်ဆွေတွေ တောက်လျှောက် အဲ့ဒီမှာ ပါဝင်ပါတယ်။ ရေသန့်ဘူးနဲ့ ပေါက်တာ တယောက်ရှိပါတယ်။ ဒီဘက်က ရေသန့်ဘူးနဲ့ တလုံးပေါက်လို့ ဟိုဘက်က တလုံးပြန်ပေါက်တယ်ဆိုရင် မဆိုးလှပါဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အကြမ်းဖက်ဖို့ နဂိုကတည်းက ကြိုတင်စီစဉ်ထားတာကို ကျမတို့ တွေ့ရတယ်။ ဥပမာ ကျောက်ခဲတွေ ပုံထားတာမျိုး၊ ရိုက်ဖို့ အဆင်သင့် လုပ်ထားတာမျိုး၊ အဲ့ဒါမျိုးတွေက ကြိုတင်ကြံစည်ထားတာ ဖြစ်တယ်။ ပြီးတော့ ဗွီဒီယိုကလစ်တွေကြည့်လို့ရှိရင် ကျောင်းသားသေးသေးလေးက ဖမ်းပါ၊ မရိုက်ပါနဲ့လို့ ပြောနေလျက်ကနေ အသေအကျေရိုက်ပြီးတော့မှ ဖမ်းတာ ဖြစ်တယ်။ အချုပ်ကားပေါ်မှာလည်း အမျိုးသမီးတွေကို အားရပါးရကန်တယ်လို့လည်း ပြောတယ်။ ပုံစံထိုင် ထိုင်ခိုင်းပြီးတော့မှလည်း နံပါတ်တုတ်နဲ့ ရိုက်တယ်။ ဒါတွေဟာ အကြမ်းဖက်မှုစစ်စစ်ဖြစ်တယ်။ ခုခံကာကွယ်တာ မဟုတ်ဘူး။ ဒီလို အကြမ်းဖက်မှုစစ်စစ်ကို သမ္မတတယောက်အနေနဲ့ ဒီလို ပြောထွက်တာ ကျမ နိုင်ငံသားတယောက်အနေနဲ့ အင်မတန်မှ ရှက်ပါတယ်ရှင့်။” ဦးရဲထွန်း (သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) U Ye Tun“ကျောင်းသားတွေနဲ့ ဖြစ်တဲ့ကိစ္စမှာ ကျနော်ကြည့်ရတဲ့ ဗွီဒီယိုဖိုင်ကလစ်တခုမှာ ကာထားတဲ့ သံဆူးကြိုးတွေကို သူတို့က စပြီး ဇွတ်အတင်း ဖျက်တာဗျ။ ရိုက်ကြပြုကြတဲ့အခါမှာတော့ နည်းနည်း ရဲဘက်က အင်အားအလွန်အကျွံ့သုံးတယ်လို့ သုံးသပ်ပါတယ်။ လိုအပ်တာထက်ပိုပြီးတော့ ရိုက်နှက်တာပေါ့။ ပြီးတော့ မဆိုင်တဲ့ သတင်းထောက်တွေကို လိုက်ဖမ်းတာတို့၊ အိမ်ထဲအထိ လိုက်ဖမ်းတာတို့၊ အမှန်ကတော့ ရည်ရွယ်ချက်က လူစုကွဲသွားဖို့ အတွက်ပဲ ဖြစ်သင့်တယ်လေ။ လိုအပ်တဲ့ ခေါင်းဆောင်ပိုင်းလောက်ပဲ ဖမ်းခေါ်သွားပြီး တရားစွဲပေါ့ဗျာ။ အဲ့လောက်ဆို လုံလောက်ပြီလို့ ကျနော်ထင်ပါတယ်။ သမ္မတက ရဲဘက်က ခုခံကာကွယ်ပြောတာကိုတော့ သဘောမတူပါဘူး။ ဥပဒေအရ ခံရတဲ့သူတွေဘက်ကလည်း ဒါကို တရား ပြန်စွဲခွင့် ရှိရမှာပေါ့လေ။ တရားစီရင်ရေးက လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် ဒီဘက်ကနေပြီးတော့ အင်အားအလွန်အကျွံ သုံးတာဟာ ဥပဒေနဲ့ မညီဘူးလို့ ယူဆလို့ရှိရင် တရားစွဲခွင့် ရှိရမယ်၊ တရားစီရင်ရေးကလည်း ဘက်မလိုက်ဘဲနဲ့ ရဲတွေရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ တရားသူကြီးက လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပြီးတော့ အပြစ်ရှိတယ်လို့ တွေ့ရှိရင် အပြစ်ပေးရမှာပေါ့။” မတ်လ ၁၀ ရက်က လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးတဲ့နောက် ရာနဲ့ချီတဲ့ ကျောင်းသားနဲ့ ၀န်းရံသူတွေကို သာယာဝတီထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေလည်း ပြည်တွင်းပြည်ပ အနယ်နယ်အရပ်ရပ်မှာ ထွက်ပေါ်ခဲ့ပြီး ဒီနေ့မှာပဲ မန္တလေးလူထု ၃၀၀ ကျော်က ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024