Home
ဆောင်းပါး
ဒုတိယကမ္ဘာစစ်က နာမည်ကြီးခဲ့သည့် စတီးဝဲလ်လမ်းမကြီး
DVB
·
March 21, 2015
အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကို တရုတ်က ဖောက်လုပ်မယ်ဆိုတဲ့သတင်း ၁၈-၃-၂ဝ၁၅ နေ့မှာ ထွက်လာတယ်။ အဲဒါဟာ ဒုတိယကမ္ဘာစစ်တုန်းက နာမည်ကြီးခဲ့တဲ့ Stilwell Road စတီးဝဲလ်လမ်းမကြီးရဲ့ အစိတ်အပိုင်းတခုကို မွမ်းမံတာ ဖြစ်ပါတယ်။ စတီးဝဲလ်လမ်းမကြီးကို အမေရိကန်ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဖ် စတီးဝဲလ်(Joseph Stilwell) ကနေ ဦးစီး ဖောက်လုပ်ခဲ့တာပါ။ အရင်က အိန္ဒိယပြည် အာသန် (အဆမ်) ပြည်နယ်မှာ ရှိတဲ့ (လီဒို) ကနေ စတင်တာမို့ Ledo Road လီဒိုလမ်းမကြီးလို့ ခေါ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက တရုတ်ခေါင်းဆောင် ချန်ကေရှိတ်(Chiang Kai-shek)ရဲ့ အကြံပေးချက်အရ သူ့ဆီကို အကူအညီတွေ ပို့ပေးဖို့ရာ မဟာမိတ်တပ်တွေကနေ ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲက မြစ်ကြီးနားနဲ့ ဗန်းမောက်ကို ဖြတ်သွားတဲ့ လမ်းမကြီး ဖြစ်တယ်။ မြန်မာပြည်ကို ၁၉၄၂ ခုနှစ်မှာ ဂျပန်က သိမ်းလိုက်တော့ ရှိနေပြီးဖြစ်တဲ့ The Burma Road ဗာမားလမ်းမကြီးကို သုံးလို့ မရတော့ပါ။ ဒုတိယကမ္ဘာစစ်ကြီးအစမှာ တရုတ်ပြည်အတွက် အကူအညီတွေကို အဲဒီ ဗားမားလမ်းမကြီးကနေ ပို့နေခဲ့တယ်။ ဒီလမ်းဟောင်းက ယူနန်(Yunan)ပြည်နယ်မှာ ရှိတဲ့ Kunming ကူမင်း (ကွေ့မင်) အထိ ရောက်တယ်။ ဗာမားလမ်းမကြီးဟာ ဗြိတိသျှကိုလိုနီလက်ထက်ကတည်းက လားရှိုးနဲ့ ကွေ့မင်ကို ဆက်ထားတယ်။ ဒုတိယ တရုတ်-ဂျပန်စစ်မှာ တရုတ်ကို အကူအညီပေးဖို့ ဖောက်ခဲ့တာပါ။ ၇၁၇ မိုင် (၁၁၅၄ ကီလိုမီတာ) ရှည်တယ်။ ၁၉၃၇-၁၉၃၈ ခုနှစ်မှာ မြန်မာနဲ့ တရုတ် အလုပ်သမားပေါင်း ၂ သိန်း သုံးခဲ့တယ်။ ဒုတိယကမ္ဘာစစ် ဖြစ်လာတော့ တရုတ်ကို ပို့မဲ့ စစ်ရေးအကူတွေကို ရန်ကုန်ဆိပ်ကမ်း ပို့ပြီး လားရှိုးကို ပို့တယ်။ အဲဒီကမှ ဗားမားလမ်းမကနေ ယူနန် ပို့နိုင်ခဲ့တယ်။ မြန်မာပြည်ကို ၁၉၄၂ ခုနှစ်မှာ ဂျပန်က သိမ်းလိုက်တော့ အိန္ဒိယ အာသန် (အဆမ်) ကနေသာ တရုပ်ပြည်ကို လေကြောင်းကနေသာ ပို့လို့ ရတော့တယ်။ ဟိမဝန္တာပျံသန်းမှု (Himalaya uplift)လို့ ခေါ်တယ်။ စစ်ကြီးထဲကို အမေရိကန်ပါလာတာ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန် ချာချီ(Winston Churchill) အတွက် အင်မတန် ကံကောင်းသွားတယ်။ ဗြိတိသျှအမိန့်အောက်မှာ အိန္ဒိယ၊ မြန်မာ၊ တရုတ်နဲ့ အမေရိကန်စစ်သားတွေကို အမေရိကန်ဗိုလ်ချုပ်ကြီး ဗင်နီဂါ ဂျိုး စတီးဝဲလ် (Vinegar Joe Stilwell)က ဦးစီးတယ်။ အိန္ဒိယထဲက အာသန်ကို ဂျပန်က သိမ်းမှာကို ပြင်ပြင်းထန်ထန် ခုခံ နိုင်လိုက်တယ်။ မြန်မာပြည်မြောက်ပိုင်းကိုပါ ပြန်သိမ်းနိုင်လာတယ်။ အဲဒါနဲ့ တရုတ်ကို အကူအညီပို့ဖို့ လီဒိုလမ်းမကြီး(Ledo Road) ဖောက်ဖြစ်လာတယ်။ အာသန်က (လီဒို) ကနေစပြီး မြန်မာပြည်က မြစ်ကြီးနားဖြတ်ပြီး၊ ယူနန်ပြည်နယ် ဝန်ဒင်းဇန်(Wandingzhen) အထိ ဖြစ်တယ်။ ပထမဆုံးစစ်ကားဟာ တရုတ်နယ်စပ်ကို ၂၈-၁-၁၉၄၅ မှာ မောင်းလာနိုင်တော့တယ်။ လီဒိုလမ်းဖောက်လုပ်ရတဲ့ အခက်အခဲတွေက ရုပ်ရှင်ကားတကား ရိုက်ရလောက်အောင် များခဲ့ပါတယ်။ ၁-၁၂-၁၉၄၂ မှာ မဟာမိတ်တပ်က အရှေ့ဖျားစစ်မျက်နှာ ဗြိတိသျှဗိုလ်ချုပ်ကြီး ဆာ အာချီဘောလ် ဝေဘယ်လ် (Sir Archibald Wavell)ကနေ လီဒိုလမ်းဖောက်ဖို့ သဘောတူလိုက်တယ်။ ဒေါ်လာ သန်း ၁၅ဝ ကုန်တယ်။ အမေရိကန်စစ်သားပေါင်း ၁၅ဝဝဝ သုံးတယ်။ အမေရိကန် ၁၁ဝဝ သေဆုံးတယ်။ ဒေသခံအလုပ်သမားပေါင်း ၃၅ဝဝဝ ကိုလည်း သုံးရတယ်။ မြန်မာလူမျိုးပေါင်း ဘယ်လောက်သေသွားသလဲ မသိပါ။ စစ်ကြီးပြီးဖို့ ၄ လအလို ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ ဟိမဝန္တာပျံသန်းမှုကနေ တန်ပေါင်း ၇၁ဝဝဝ ပို့ပေးနိုင်ခဲ့တာမှာ လီဒိုလမ်းကနေ ပို့တာ ၆ဝဝဝ တန်ရှိတယ်။ စစ်တွင်းက လေကြောင်းနဲ့က စုစုပေါင်း ၆၅ဝဝဝဝ တန်နဲ့ လီဒိုလမ်းက ၁၄၇ဝဝဝ တန် ပို့နိုင်ခဲ့တယ်။ စစ်ကြီးပြီးကတည်းက လီဒိုလမ်းကို အသုံးပြုတာ နည်းပါးလာတယ်။ မြန်မာနိုင်ငံကနေ ပြုပြင်မှုတချို့ လုပ်ထားပါတယ်။ လားရှိုး-ကွေ့မင်လမ်းရဲ့ အရန်ဖြစ်တယ်။ တရုတ်ဘက်ကနေ ၂ဝဝ၇ ခုနှစ်မှာ မြစ်ကြီးနား-ကမ်ဘိုင်တီ လမ်းဖောက်လိုက်တယ်။ ယုဇနကုမ္ပဏီက  မြစ်ကြီးနား-တနိုင်းလမ်း ဖောက်တယ်။ အိန္ဒိယအစိုးရတော့ သူ့ကို ပုန်ကန်နေတဲ့လက်နက်ကိုင်တွေက ဒီလမ်းတွေ အသုံးပြုမှာကို စိုးရိမ်နေတယ်။ အိန္ဒိယအစိုးရကို တိုက်နေတဲ့ သူပုန်တွေက မြန်မာပြည်မှာ စစ်အစိုးရ လက်ထက်ကတည်းက မြန်မာ့မြေပေါ်မှာ နေနိုင်ကြတာ ဖြစ်တယ်။ အာဆမ်ပြည်နယ်က United Liberation Front of Assam (ULFA) အဖွဲ့၊ မဏိပူရပြည်နယ်က United National Liberation Front (UNLF)နဲ့ နာဂပြည်နယ်က National Socialist Council of Nagaland NSCN (Khaplang) အဖွဲ့ကြီးတွေအပြင် စုစုပေါင်း တဒါဇင်လောက် ရှိနေပါတယ်။ တမူး ကဘော်ချိုင်းဝှမ်းကနေ ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်အထိ သွားလာ ကျက်စားနေကြတာပါ။ တမူးတဝိုက်မှာ မဏိပူ (ကသည်း) သူပုန်တွေက မြန်မာအမျိုးသမီးတွေကို အိမ်ထောင်ပြုထားကြပြီ။ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေသစ်ထဲမှာ အဲတာမျိုး မစဉ်းစားခဲ့ကြပါ။ စတီးဝဲလ်လမ်းမကြီးဟာ စစ်တွင်းဝါဒဖြန့်ချိရေးမှာ အသုံးဝင်ခဲ့သေးပါတယ်။ The Stilwell Road ရုပ်ရှင်တကား ရိုက်ထားတယ်။ မြန်မာပြည်တိုက်ပွဲ(Burma Campaign)နဲ့ မြန်မာလမ်းမကြီး (Burma Road)တို့ရဲ့ အရေးပါမှုကို ဦးစားပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နောင်မှာ အမေရိကန်သမ္မတ ဖြစ်လာမယ့် ရော်နယ်ရီဂင်(Ronald Reagan)က ရုပ်ရှင်မှာ စကားပြောသူ ဖြစ်ခဲ့တယ်။ ကျနော့်အမြင်အရ မြန်မာပြည်နယ်စပ်တွေကို ဖြတ်ဖောက်တဲ့လမ်းတွေဟာ ကုန်သွယ်ရေးအတွက်သာမက စစ်ရေး မဟာဗျူဟာ ကျတယ်။ ကျနော်ဒေလီမှာ နေစဉ်က အမြဲ ထောက်ပြတဲ့အချက်တခုက အိန္ဒိယဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံတာမှာ ၁၉၉၂-၉၃ စစ်တပ်-စစ်တပ်ဆက်ဆံရေးကနေ စတယ်။ အခုထိလည်း စစ်ရေးထောင့်ကနေသာ ကြည့်တယ်လို့။ အိန္ဒိယဘက်က ဖောက်ပေးတဲ့လမ်းတွေ ရှိပေမယ့် ကုန်သွယ်ရေးမှာ အိန္ဒိယအတွက် အကျိုးအမြတ်ဟာ တရုတ်က ရနေတာရဲ့ အစွန်းထွက်လောက်သာ ရှိပါတယ်လို့။ လီဒိုလမ်းကို အိန္ဒိယဘက်က ဖောက်ချင်နေခဲ့တာကြာပြီ။ ကီလိုမီတာ ၁၆ဝ ရှည်တဲ့၊ ရူးပီးကုဋေ ၉ဝ အကုန်ခံပြီး တမူး-ကလေးလမ်းကို အိန္ဒိယကနေဖောက်ပေးတာကို ၁၃-၂-၂ဝဝ၁ မှာ ဖွင့်ခဲ့ပါတယ်။ လမ်းဖောက်တုန်းက အိန္ဒိယ လမ်းအင်ဂျင်နီယာတပ်နဲ့အတူ အိန္ဒိယက စစ်ထောက်လှမ်းရေးပါ ထည့်တယ်။ တယောက်ကတော့ မြန်မာပြည်ပြန် အိန္ဒိယလူမျိုး ဦးမျိုးမြင့်ခေါ် ဗိုလ်မှူး ဗီဂျေအက်စ် ကရီဝယ်လ်(VJS Grewal) ဖြစ်တယ်။ သူ့ကို စစ်ထောက်ချုပ် ဗခကခင်ညွန့်က သုံးလို့ မြန်မာတပ်ပြေး စစ်သား ၁၁ ယောက်နဲ့ ကျောင်းသား ၁ ယောက်ကို လိမ်လည်လှည့်ဖျားပြီး မြန်မာပြည်ထဲ ပြန်ရောက်အောင် လုပ်ခဲ့တယ်။ ဒီနောက်မှာ ရခိုင်နဲ့ ကရင် လက်နက်ကိုင်တော်လှန်ရေးသမားတွေကို သက်ပစ်တာရော၊ အဖမ်းခံရအောင်ရော၊ ငွေအလိမ်ခံရတာတွေပါ ဖြစ်စေခဲ့တယ်။ တကယ်အဖြစ်အပျက်တွေပါတဲ့ Rogue Agent စာအုပ်ကို နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ (နန်ဒီတာ ဟပ်ဆာ) Nandita Haksar က ရေးပြီး Penguin စာအုပ်တိုက်ကနေ ၂ဝဝ၉ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ တရုတ်ကနေ ဘယ်လောက်များ အဲလို အဖြစ်အပျက်တွေ လုပ်ထားပြီးပြီလည်း မသိပါ။ အိန္ဒိယ-တရုတ်နယ်စပ် မဟာဗျူဟာ လမ်းဖောက်လုပ်နေတာ ၂ဝ ရာခိုင်နှုန်း သာ ပြီးသေးတယ်လို့ အိန္ဒိယပုဂ္ဂလိကတီဗွီကနေ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထောက်ပြခဲ့တယ်။ ကီလိုမီတာ ၃ဝဝဝ ရှည်တဲ့ Ladakh (လဒခ်) မှာရှိတဲ့ လမ်းဖောက်နေတာ နှေးလွန်းလို့ NDTV ကနေ ထုတ်လွှင့်သွားတာပါ။ ကျနော်တို့ဆီမှာတော့ မီဒီယာတွေအဖို့မှာ အစိုးရကို ထောက်ပြဖို့ရာ လက်နှေးရုံသာမက လက်တွန့်လာနေကြတာဟာ အလားအလာ မကောင်းတာကို ပြသနေတာ ဖြစ်တယ်။ စတီးဝဲလ်လမ်းမကြီးဟာ စစ်တွင်းက စစ်ရေးအတွက်ဖောက်လုပ်ခဲ့တာသာ ဖြစ်တယ်။ အခုတော့ လမ်းမကြီးရဲ့ အစိတ်အပိုင်း အိန္ဒိယ-မြန်မာနယ်စပ်လမ်းကို တရုတ်ကနေ ဖောက်မယ်တဲ့။ အိန္ဒိယက လုံခြုံရေးအမြင်တခုသာ ဇောင်းပေးနေတုန်း ဖြစ်ပေမယ့် တရုတ်က လုပ်တာတိုင်းမှာ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စစ်ရေးအမြင်တွေ အားလုံးပါတယ်။ မြန်မာအစိုးရဟာ စစ်အစိုးရ လက်ထက်ကတည်းက အခုထိကြည့်တာက ကိုယ့်အာဏာ တည်မြဲရေးသက်သက်သာ ဖြစ်တယ်။ ပြောတော့သာ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဆိုနေပေမယ့် တိုင်းပြည်ရဲ့ လုံခြုံရေးကို ရောင်းစားရာကျတယ်။ မြန်မာပိုင် ဘင်္ဂလား ပင်လယ်အော်ကနေ မြန်မာပြည်မြေပုံကို ကန့်လန့်ဖြတ်ပြီး တရုတ်ပြည် ယူနန်ထိအောင် ဖြတ်ဖောက်ထားတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကြီး၊ ဖောက်နေတဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေကလည်း ပင့်ကူအိမ်လို ဖြစ်နေပါပြီ။ မြန်မာနိုင်ငံလုံခြုံရေးကို တကယ် ရင်လေးမိပါတယ်။ ဇွဲမလျှော့တဲ့ ပင့်ကူပုံပြင်ကို ကျနော်တို့လူကြီးသူမတွေက ပြောကြတယ်။ သူများဆီမှာ ပြောလေ့ရှိတဲ့ပုံပြင်ကတော့ လောဘကြီးတဲ့ပင့်ကူ(The Greedy Spider)တဲ့။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024