ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ဆီးရီးယား အမျိုးသမီးစစ်သည်များ

တိုင်းပြည်အတွက် လိုအပ်နေချိန်မှာ အမျိုးသား စစ်သည်တွေနဲ့ ပူးပေါင်းပြီး ဆီးရီးယား အမျိုးသမီးတပ်ရင်းဟာ ရှေ့တန်း စစ်မျက်နှာမှာ ပါဝင် တိုက်ခိုက်နေပါတယ်။ အမျိုးသမီးစစ်သည်တွေဟာ မြို့တော် ဒမတ်စကပ်မှာ အခြေစိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဂျိုဘာခရိုင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။ မနက်စာ စားသောက်ပြီး ငယ်ရွယ်တဲ့ အမျိုးသမီး စစ်သည်တွေဟာ စစ်ဝတ်စုံပြည့်ဝတ်ဆင် လက်နက်ကိုင်ဆောင်ကာ စစ်ကားနဲ့ တင့်ကားတွေပေါ်တက်ပြီး ရှေ့တန်းကို ထွက်ခွာသွားပါတယ်။ စစ်တပ်ကို ကူညီချင်လို့ ကိုယ်ပိုင်သဘောဆန္ဒနဲ့ ရောက်လာတာလို့ အမျိုးသမီး စစ်သည် ဇိုင်နပ်က ပြောပါတယ်။ “စစ်တပ်က ဘယ်လိုတိုက်ခိုက်နေတယ်၊ ညီအစ်ကိုမောင်နှမတွေ တိုက်ပွဲမှာ ဘယ်လိုနေသလဲ ဆိုတာကို မြင်တွေ့ရတာဟာ ဒီနေရာကို လာပြီး ကူညီထောက်ပံ့ဖို့ တွန်းအား တခု ဖြစ်လာပါတယ်၊ ဒါဟာ အမျိုးသမီးတွေ သူတို့နဲ့ အတူရှိသင့်တဲ့ အချိန်ရောက်ပါပြီ” လို့ သူက ပြောပါတယ်။ အမျိုးသမီးတွေ ကိုယ်ပိုင်ဆန္ဒနဲ့ အညီ စစ်ထဲဝင်ရောက်ခွင့်ပြုဖို့ ဆီးရီးယား စစ်တပ်က ခေါင်းဆောင်တွေက ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ အမျိုးသမီး သီးသန့် တပ်ရင်းတခုကို တည်ထောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ စစ်ထဲဝင်တဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်က မြင့်မားလာတယ်လို့ အမည်မဖော်လိုတဲ့ စစ်တပ်က အမျိုးသား အရာရှိက ပြောပါတယ်။ တိုင်းပြည်က လိုအပ်တဲ့အတွက် လုပ်အားပေးတာ ဖြစ်သလို ပဋိပက္ခအတွင်း ညီအစ်ကိုတွေကို လာကူညီတာလို့ စနိုက်ပါသမား မာရီယာနာက ပြောပါတယ်။ ပဋိပက္ခအတွင်း အမျိုးသမီးတွေကလည်း အမျိုးသားတွေလို ဖြစ်လာသလို နိုင်ငံက အမျိုးသားအတွက်သာမဟုတ် အမျိုးသမီးတွေ အတွက်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဆီးရီးယား စစ်တပ်၊ မဟာမိတ် တပ်ဖွဲ့တွေနဲ့ အီရန်ကထောက်ပံ့ပေးထားတဲ့ ဟာဇာဘိုလာ တပ်တွေက လက်နက်ကိုင် သူပုန်တွေ အပါအ၀င် ဘာသာရေး စစ်ဝါဒီကို တိုက်ခိုက်နေတာ ၄ နှစ်နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။ စစ်ပွဲအတွင်း လူ ၂ သိန်းကျော်သေဆုံးခဲ့ပြီး လူ ၃.၉ သန်း အိုးအိမ်တွေကို စွန့်ခွာပြီး နိုင်ငံကနေ ထွက်ပြေးနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up