ငြိမ်းချမ်းရေးထိုးစစ်

အခုတလော မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့သတင်းတွေကို ကြိုဆိုစရောတွေလို့ ပြောနိုင်ပါတယ်။ • နိုင်ငံတော်သမ္မတကနေ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့။ • အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေဖြစ်တဲ့ နှစ်ဖက်တပ်တွေ လိုက်နာကျင့်သုံးရမယ့် စည်းကမ်းတွေကိုဆွေးနွေးခဲ့ပြီး၊ မပြီးပြတ်သေး။ လွန်ခဲ့တဲ့ ၁ ပတ်၊ ၂ ပတ်၊ ၁ နှစ်၊ ၂ နှစ်လောက်ကနဲ့စာရင် ဒီကဏ္ဍမှာ အတော်တိုးတက်လာတယ်လို့ မှတ်ယူကြမှာပါ။ ကျနော်တို့လူမျိုးက စိတ်အားတက်စရာရှိရင် ဒိုင်းကနည်းတက်၊ ကျစရာရှိရင်လည်း ဘုံးကနည်းကျတတ်ကြတယ်။ အများစုကလည်း အခု ဖြစ်တာတခုလောက်ကိုသာကြည့်ပြီး ကောင်းလာပြီ၊ မကောင်းသေးဘူး ကောက်ချက်ချတတ်ကြတယ်။ သမိုင်းကြောင်းကိုပါ ကြည့်ပြီးမှ အဆိုးအကောင်း ချင့်ချိန်သင့်ပါတယ်။ မြန်မာပြည်မှာ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်ကြတာကို အခေါ်အဝေါ်အမျိုးမျိုး သုံးကြပါတယ်။ ပြည်တွင်းပဋိပက္ခ (Internal conflict)၊ သူပုန်ထခြင်း(Insurgency)။ အတော်များများက ပြည်တွင်းစစ် (Civil War) လို့ သုံးတယ်။ နိုင်ငံရးသိပ္ပံမှာ ပြည်တွင်းစစ်ဆိုတာ စုစည်းမှုရှိတဲ့အဖွဲ့တခုနဲ့ အစိုးရကြား စစ်ဖြစ်တာကို ခေါ်တယ်။ ရည်မှန်းချက်ကတော့ သူ့နယ်မြေကို လွတ်လပ်ရေးရချင်လို့ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုထဲမှာ ဖြစ်ခဲ့တာတော့ ထူးခြားတယ်။ ၁၉၄၅ နောက်ပိုင်း ကမ္ဘာမှာပြည်တွင်းစစ်ကြောင့် သေဆုံးရသူပေါင်း ၂၅ သန်း ရှိပြီ။ ကနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကတော့ ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ အာဖဂန်၊ ပါပူအာ၊ ယူဂန်ဒါ၊ ဆိုမာလီ၊ နိုင်ဂျီးရီးယား၊ ယီမင်၊ မြန်မာ (၇-၁၁-၂ဝ၁ဝ မှစ)၊ ဆီးရီးယား၊ လစ်ဗျား၊ ဗဟိုအာဖရိက၊ မာလီ နဲ့ တောင်ပိုင်းဆူဒန်မှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြည်တွင်းစစ်လို့ တညီတညွတ်တည်းခေါ်တာကတော့ ကွန်မြူနစ် လက်နက်ကိုင်တော်လှန်မှုက စတယ်။ သခင်စိုး (အလံနီ) အဖွဲ့ဟာ လွတ်လပ်ရေးရပြီး ၈ လအကြာ ရခိုင်ဘက်မှာ တောခိုတယ်။ တချိန်တည်းမှာ မူဂျာဟစ် ရခိုင် မွတ်စလင်တွေ ပုန်ကန်တယ်။ နောက်မှာ တိုင်းရင်းသားတွေက တဖွဲ့ပြီးတဖွဲ့ လက်နက်ကိုင်လာကြတယ်။ ပြည်တွင်းစစ်တွေ ဘာကြောင့်ဖြစ်ရသလဲ။ လောဘတရားနဲ့ နစ်နာမှုတွေကြောင့် ဖြစ်တယ်။ (၁) တိုင်းရင်းသား မျိုးမတူသူတွေ၊ ကိုးကွယ်ရာဘာသာ မတူသူတွေ၊ လူမှုရေးရာ ကွဲပြားသူတွေအကြားမှာ စစ်ဖြစ်ကြတယ်။ (၂) စီးပွားရေး အကျိုးအမြတ်အတွက် တိုက်ကြတယ်။ ပညာရှင်အများစု လက်ခံကြတာကတော့ စီးပွားရေးနဲ့ တည်ဆောက်မှု အခြေခံတွေကနေ ဖြစ်စေတယ်။ ၂၁ ရာစုအစောပိုင်းမှာ ပြည်တွင်းစစ်တွေ ဘာလို့ဖြစ်သလဲဆိုတာကို ကမ္ဘာ့ဘဏ် (World Bank) ကနေလေ့လာခဲ့တယ်။ Collier–Hoeffler Model (ကိုလီယာ-ဟော့ဖလာ မော်ဒယ်) လို့ခေါ်တယ်။ ငွေကြေးရနိုင်မှု ဥပမာ ဆီယာလီယွန်းမှာ စိန်ထွက်လို့ ဖြစ်ခဲ့တယ်။ အခွင့်အလမ်းမျှော်ကိုးချက်အတွက် ၁၉၄၇ - ၄၈ ခုနှစ်မှာ ဗြိတိသျှပိုင် ပါလက်စတိုင်းမှာ ဖြစ်ခဲ့တယ်။ စစ်ရေးအသာစီးရမှုကြောင့် ၁၉၄၆ ခုနှစ်မှာ တရုတ်ကွန်မြူနစ်တွေကနေ နွေဦးစစ်ပွဲ (Battle of Siping) တိုက်ခဲ့တယ်။ နစ်နာချက်တွေကြောင့်ဆိုတာမှာ စီးပွားရေးအတွက် မဟုတ်ပဲ၊ နစ်နာနေသူတွေက သူတို့ရဲ့ သွင်ပြင်လက္ခဏာကို ရချင်လို့ လက်နက်စွဲကိုင်ကြတယ်။ အဲဒီထဲမှာ စီးပွားရေးသာတူညီမျှမှု၊ နိုင်ငံရေးအခွင့်အရေး၊ တိုင်းရင်းသာစုစည်းမှု၊ ဘာသာရေး ကွဲပြားမှုတွေ ပါဝင်တယ်။ တခြားအကြောင်းတွေလည်း ရှိပါတယ်။ ပြည်တွင်းစစ်တွေ ဘယ်လောက်ကြာတတ်သလဲ။ Spanish Civil War (၁၉၃၆-၁၉၃၉) စပိန်၊ Sri Lankan Civil War (၁၉၈၃-၂ဝဝ၉) သီရိလင်္ကာ၊ Guatemala ဂွါတီမာလာ (၁၉၆ဝ-၁၉၉၆)၊ El Salvador အယ်လ်ဆာဗာဒို (၁၉၇၉-၁၉၉၁)၊ Nicaragua နိုက်ကာရာဂွါ (၁၉၇ဝ-၁၉၉ဝ)၊ (၁၉၄၈ မှ ယနေ့အထိ) မြန်မာနိုင်ငံ။ ပြည်တွင်းစစ်တွေဟာ အများစုက ၄ နှစ်ကျော်ကျော် ကြာတယ်။ မြန်မာပြည်မှာက အကြာဆုံးလို့ စံချိန် တင်ထားတယ်။ မြန်မာပြည်က ပဋိပက္ခ တွေက ရှုပ်ထွေး များပြားတယ်။ စာရင်းချ ကြည့်ပါမယ်။ ၁။ ကူမင်တန် တရုပ်ဖြူ Kuomintang (KMT) (၁၉၄၈-၁၉၆၂) ကျူးကျော်စစ်၊ ၂။ အလံနီ (Communist Red flags) ၁၉၄၈-၁၉၇၈၊ ၃။ ဗကပ (Communist Party) ၁၉၄၈-၁၉၈၈၊ ၄။ ကရင် (KNU) ၁၉၄၉ ကတည်းက၊ ၅။ ပအို့ (PNO)၁၉၄၉-၁၉၉၁၊ ၆။ မူဂျာဟီဒင် (Mujahideen) ၁၉၄၉-၁၉၅ဝ၊ ၇။ ကချင် (KIO) ၁၉၆၁ ကတည်းက၊ ၈။ ရှမ်း (SSA) ရှမ်းပြည်တပ်မတော်ကို ၁၉၆၄ မှာဖွဲ့ခဲ့တယ်။ ၁၉၇၆ မှာ ဖျက်ပြီး တောင်ပိုင်းတပ်နဲ့ မြောက်ပိုင်းတပ်လို့ သီးခြားဖွဲထားတယ်။ တောင်ပိုင်းတပ်ကို (SSA/RCSS) လို့လည်း ခေါ်တယ်။ ၉။ ရှမ်း Shan State Volunteer Force (SSVF)၊ ၁၉၆၇-၁၉၈ဝ၊ ၁ဝ။ ရှမ်း (SSA) ၁၉၈၈ ကတည်းက၊ ၁၁။ ဝ (UWSP) ၁၉၈၈ ကတည်းက၊ ၁၂။ ကျောင်းသားတပ်မတော် (ABSDF) ၁၉၈၈ ကတည်းက၊ ၁၃။ ကိုးကန့် (NDAA) ၁၉၈၉ ကတည်းက၊ ၁၄။ ရှမ်း (SSNA) (၁၉၉၅-၂ဝဝ၅)၊ WNA (၁၉၇၅-၁၉၈၈)၊ ၁၅။ တအောင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်အဖွဲ့ (TNLA) ၁၉၉၂ ကတည်းက၊ ၁၆။ ကရင် ဘုရားသခင်တပ်မတော် (God's Army) (၁၉၉၇-၂ဝဝ၆)၊ ၁၇။ ကရင် DKBA (၂ဝ၁ဝ) ကတည်းက။ စစ်အစိုးရလက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ Ceasefires အပစ်ရပ်စဲရေးများ။ ၁။ ကိုးကန့် National Democratic Alliance Army (NDAA)၊ အထူးဒေသ (၁)၊ ရှမ်းပြည်နယ်၊ ၂၁-၃-၁၉၈၉၊ ၂။ ဝ United Wa State Army (UWSA)၊ အထူးဒေသ (၂)၊ ရှမ်းပြည်နယ်၊ ၉-၅-၁၉၈၉၊ ၃။ ရှမ်း National Democratic Alliance Army (NDAA)၊ အထူးဒေသ (၄)၊ ရှမ်းပြည်နယ်၊ ၃ဝ-၆-၁၉၈၉၊ ၄။ ရှမ်း Shan State Army (SSA)၊ အထူးဒေသ (၃)၊ ရှမ်းပြည်နယ်၊ ၂-၉-၁၉၈၉၊ ၅။ ကချင် New Democratic Army (Kachin) (NDA-K) ၊ အထူးဒေသ (၁)၊ ကချင်ပြည်နယ်၊ ၁၅-၁၂-၁၉၈၉၊ ၆။ ကချင် Kachin Defence Army (KDA)၊ အထူးဒေသ (၅)၊ ရှမ်းပြည်နယ်၊ ၁၃-၁-၁၉၉၁၊ ၇။ ပအို့ Pa-O National Organization (PNO)၊ အထူးဒေသ (၆)၊ ရှမ်းပြည်နယ်၊ ၁၁-၄-၁၉၉၁၊ ၈။ ပလောင် Palaung State Liberation Army (PSLA)၊ အထူးဒေသ (၇)၊ ရှမ်းပြည်နယ်၊ ၂၁-၄-၁၉၉၁၊ ၉။ ကယန်း Kayan National Guard (KNG)၊ အထူးဒေသ (၁)၊ ကယားပြည်နယ်၊ ၂၇-၂-၁၉၉၂၊ ၁ဝ။ ကချင် Kachin Independence Organization (KIO)၊ အထူးဒေသ (၁)၊ ကချင်ပြည်နယ်၊ ၂၄-၂-၁၉၉၄ မှ ၉-၆-၂ဝ၁၁၊ ၁၁။ ကရင်နီ Karenni State Nationalities Peoples' Liberation Front (KNPLF) ၊ အထူးဒေသ (၂)၊ ကယားပြည်နယ်၊ ၉-၅-၁၉၉၄၊ ၁၂။ ကယန်း Kayan New Land Party (KNLP)၊ အထူးဒေသ (၃)၊ ကယားပြည်နယ်၊ ၂၆-၇-၁၉၉၄၊ ၁၃။ ရှမ်း Shan State Nationalities Peoples' Liberation Organization (SSNPLO)၊ ၉-၁-၁၉၉၄၊ ၁၄။ မွန် New Mon State Party (NMSP)၊ မွန်ပြည်နယ်၊ ၂၉-၆-၁၉၉၅၊ ၁၅။ ကရင် Democratic Karen Buddhist Army (DKBA)၊ ကရင်ပြည်နယ်၊ ၁၉၉၅၊ ၁၆။ ရှမ်း Mongko Region Defence Army (MRDA)၊ မုန်းကိုး၊ ရှမ်းပြည်နယ်၊ ၁၉၉၅၊ ၁၇။ ရှမ်း Shan State National Army (SSNA)၊ ရှမ်းပြည်နယ်၊ ၁၉၉၅၊ ၁၈။ ကရင်နီ Karenni National Defence Army (KNDA)၊ ကရင်နီပြည်နယ်၊ ၁၉၉၆၊ ၁၉။ ကရင် Karen Peace Force (KPF)၊ ကရင်ပြည်နယ်၊ ၁၉၉၇၊ ၂ဝ။ ရခိုင်ကွန်မြူနစ် Communist Party of Burma (CPB)၊ ရခိုင်ပြည်နယ်၊ ၁၉၉၇၊ ၂၁။ မွန် Mon Mergui Army (MMA)၊ မွန်ပြည်နယ်၊ ၁၉၉၇၊ ၂၂။ ကရင် KNU Special Region Group Toungoo (KNU)၊ ပဲခူတိုင်း၊ ၁၉၉၇၊ ၂၃။ ကရင်နီ Karenni National Progressive Party (KNPP)၊ ကယားပြည်နယ်၊ ၂ဝဝ၅၊ (၃ လသာခံ)၊ ၂၄။ ရှမ်း Shan State Army – South (SSA-South)၊ ရှမ်းပြည်နယ်၊ ၂ဝဝ၆၊ ၂၅။ ကချင် New Democratic Army-Kachin (NDAK)၊ ကချင်ပြည်နယ်၊ ၂ဝဝ၇၊ ၂၆။ ကရင် Kayan National Liberation Army (KNLA)၊ ကရင်ပြည်နယ်၊ ၂ဝဝ၇၊ ၂၇။ ကရင် Democratic Karen Buddhist Amy (DKBA)၊ ကရင်ပြည်နယ်၊ ၃-၁၁-၂ဝ၁၁ မှ ၁၉-၂-၂ဝ၁၂၊ ၂၈။ ကရင် Kaloh Htoo Baw ကလိုထူးဘော်၊ ကရင်ပြည်နယ်၊ ၅-၁၁-၂ဝ၁၁၊ ၂၉။ ချင်း Chin National Front (CNF)၊ ချင်းပြည်နယ်၊ ၈-၁-၂ဝ၁၂၊ ၃ဝ။ ကရင် Karen National Union (KNU)၊ ကရင်ပြည်နယ်၊ ၇-၂-၂ဝ၁၂၊ ၃၁။ ရှမ်း Restoration Council of Shan State (RCSS)၊ ရှမ်းပြည်နယ်၊ ၁၇-၁-၂ဝ၁၂၊ ၃၂။ ရှမ်း Shan State Progressive Party (SSPP)၊ ရှမ်းပြည်နယ်၊ ၂၈-၁-၂ဝ၁၂၊ ၃၃။ မွန် New Mon State Party (NMSP)၊ မွန်ပြည်နယ်၊ ၃၁-၁-၂ဝ၁၂၊ ၃၄။ ကရင်နီ Karenni National Progressive Party (KNPP)၊ ကယားပြည်နယ်။ ၆-၃-၂ဝ၁၂၊ ဒီစာရင်းတွေကိုကြည့်ရင် လက်နက်ကိုင်အဖွဲ့စာရင်းထက် အပစ်ရပ်စာရင်းမှာ နှစ်ဆများနေတာ တွေ့ပါမယ်။ ဘာလို့လဲ။ စစ်အစိုးရကနေ အပစ်ရပ်စဲရေးခေါ်တော့ မူရင်းအဖွဲ့တွေကနေ ခွဲထွက်ပြီး လိုက်ပါသွားကြလို့ ဖြစ်တယ်။ တချို့ဆိုရင် ခွဲထွက်အဖွဲ့ထဲကနေ ထပ်ပြီး ခွဲထွက်တာလည်း ရှိတယ်။ ခွဲခြားအုပ်ချုပ်ရေးကို ဗြိတိသျှနယ်ချဲ့က ကျင့်သုံးခဲ့တာ ရှိတယ်။ Divide and rule (Divide and conquer) မဟာဗျူဟာဝေါဟာရက ဂရိခေတ်ကတည်းက စခဲ့တာပါ။ ဘီစီ (၃၈၂-၃၃၆) (မက်ဆီဒွန်) ဘုရင် ဒုတိယဖိလစ်ကနေ စခဲ့တယ်။ ဗြိတိသျှကနေ အိန္ဒိယနဲ့ နောင်မှာ ပါကစ္စတန်ဖြစ်လာမယ့် ဒေသတွေကို အဲလို ခွဲခြားအုပ်ချုပ်သလို မြန်မာပြည်မှာလည်း ပြည်မနဲ့ တောင်တန်းဒေသတွေကို ခွဲခြားအုပ်ချုပ်ခဲ့တယ်။ Peace offensive ငြိမ်းချမ်းရေးထိုးစစ် မြန်မာ့သမိုင်းမှာ ငြိမ်းချမ်းရေးထိုးစစ်(Peace offensive) ဆိုတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Peace parley) ဆိုတာနှစ်ခုက သမိုင်းတွင်ပြီးသား ရှိတယ်။ ၁၉၆၃ မှာ ဗိုလ်ချုပ်နေဝင်းကနေ ငြိမ်းချမ်းရေးထိုးစစ် စတင်ခဲ့တယ်။ ဧပြီ ၁ ရက် (ဧပရယ် ဖူးလ်) နေ့မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာလိုက်တယ်။ အဲဒီအချိန်တွေမှာ အင်အားအကြီးဆုံး အဖွဲ့ကြီးတွေထဲက ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ထဲမှာရော ကရင်(KNU)အဖွဲ့မှာပါ သဘောထား ကွဲခဲ့ကြတယ်။ CPB ထဲက ဗိုလ်ရဲထွဋ် (အဲဒီတုန်းက ရန်ကုန်မှာရောက်သူ) က လက်ခံလိုက်တယ်။ KNU ကနေ KNUP နဲ့ စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ Karen Revolutionary Council (KRC) ကွဲသွားတယ်။ သခင်စိုးရဲ့အလံနီပါတီက ရန်ကုန်ကို အရင်ဆုံး ရောက်လာခဲ့တယ်။ ဆွေးနွေးပွဲ ၃ ကြိမ်အပြီးမှာတော့ ရုတ်တရက်ပျက်ပြားသွားပြီး သြဂုတ် ၂ဝ မှာ သခင်စိုးအဖွဲ့ ရခိုင်ဘက်ပြန်သွားရတယ်။ တရုတ်ပြည်ကနေလာတဲ့ CPB အဖွဲ့မှာတော့ ဗိုလ်ဇေယျ ဦးဆောင်ပြီး ၃ ဦးပါတယ်။ သူတို့ကို ပဲခူးရိုးမ၊ ပေါက်ခေါင်းမှာရှိတဲ့ ဗဟိုဌာနချုပ်အထိ သွားခွင့်ပေးခဲ့တယ်။ ၂-၉-၁၉၆၃ နေ့မှာ ဆွေးနွေးပွဲ စတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး နိုဝင်ဘာ ၁၄ ရက်မှာ ပျက်ပြားသွားပါတယ်။ တော်လှန်ရေးကောင်စီဘက်က သဘောထားတွေကတော့ (၁) သတ်မှတ်ထားတဲ့ နေရာတွေမှာသာ နေရမယ်။ (၂) ခွင့်ပြုချက်မရရင် မထွက်ရ။ (၃) စည်းရုံးရေးလုပ်ငန်းတွေ ရပ်စဲရမယ်။ (၄) ငွေစုဆောင်း ရှာဖွေမှု မလုပ်ရ။ Peace parley ငြိမ်းချမ်းရေးဆွေးနွေးပွဲများ (၁၉၈ဝ-၈၁) ဦးနေဝင်းအစိုးရဟာ ဘက်မလိုက်လှုပ်ရှားမှုအသင်းကြီး (NAM) ထဲကနေ ထွက်ခဲ့ဖူးတယ်။ ၁၉၇၉ ခုနှစ် ကျူးဘားနိုင်ငံ ဟာဗားနားမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ကွန်မြူနစ်ဆိုဗီယက်နဲ့ ဗီယက်နမ်တို့ကနေ ကြိုးကိုင်ချယ်လှယ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ လုပ်ခဲ့တာဖြစ်တယ်။ အဲလိုလည်း လုပ်ပြီးရော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွမ်ဟွာ(Huang Hua) ရန်ကုန်ကို လာတယ်။ ၁၉၈ဝ မှာ သူ့ကို ထိုင်းနယ်စပ်ကနေ လက်နက်ကိုင်ပုန်ကန်နေတဲ့ ဝန်ကြီးချုပ်ဟောင်းဦးနု ပြည်တော်ပြန်လာတယ်။ (ဗကပ) ကတော့ မိုင်းယောင်းကို တိုက်တယ်။ တဆက်တည်းမှာ အဲဒီနှစ် စက်တင်ဘာမှာ စကားပြောဖို့ ကမ်းလှမ်းလိုက်တယ်။ တရုတ်နိုင်ငံ ပီကင်း (ဘေဂျင်း) အောက်တိုဘာဆွေးနွေးပွဲကို ဗကပခေါင်းဆောင် ဘသိန်းတင်က ဦးဆောင်တယ်။ အဲဒီအချိန်မှာ ကေအိုင်အိုနဲ့ ဦးနေဝင်းအစိုးရ ရန်ကုန်မှာ စကားပြောနေပြီ။ ဦးနေဝင်း ရုတ်တရက် ပီကင်း ရောက်လာတယ်။ ဒုတိယအကြိမ်ဆွေးနွေးပွဲက လားရှိုးမှာ လုပ်တယ်။ မဆလ ဘက်က အဆိုပြုတာက ဗကပကို ဖျက်သိမ်းပေးရမယ်။ နယ်မြေ ဖျက်သိမ်းပေးရမယ်။ မဆလ ဘက်က ကိုင်ပြောတာက ၁၉၇၄ တပါတီစနစ်အရ ရေးထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဆွေးနွေးပွဲတွေကို ဦးနေဝင်းက မေလ ၁၄ ရက်မှာ အဆုံးသတ်လိုက်တယ်။ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ခေါ် ငြိမ်းချမ်းရေးထိုးစစ် • ၁၈-၈-၂ဝ၁၁ နေ့မှာ လက်ရှိသမ္မတကနေ အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကမ်းလှမ်းခဲ့တယ်။ • Peace Working Committee ကနေ အပစ်ရပ်စဲရေးလမ်းညွှန် ၅ ချက်ထုတ်ပြန်တယ်။ • Union Level Peace Negotiation ကနေ ၈ ချက်ကိုထုတ်ပြန်ခဲ့တယ်။ • Myanmar Peace Centre (MPC) အဖွဲ့ကို ၃-၁၁-၂ဝ၁၂ နေ့မှာ ဖွဲ့လိုက်တယ်။ Ceasefires အပစ်ရပ်အဖွဲ့များ ၁။ UWSA/P ဝ အဖွဲ့ = ၆-၉-၂ဝ၁၁ ၂။ NDAA-ESS ကိုးကန့် = ၇-၉-၂ဝ၁၁ ၃။ DKBA-5 ကရင် = ၃-၁-၂ဝ၁၁၊ ၄။ RCSS / SSA ရှမ်း = ၂-၁၂-၂ဝ၁၁၊ ၅။ CNF ချင်း = ၆-၁-၂ဝ၁၂၊ ၆။ KNU ကရင် = ၁၂-၁-၂ဝ၁၂ ၊ ၇။ SSPP / SSA ရှမ်း = ၂၈-၁-၂ဝ၁၂၊ ၈။ NMSP မွန် = ၁-၂-၂ဝ၁၂၊ ၉။ KNU/KNLA (Peace Council) ကရင် = ၇-၂-၂ဝ၁၂၊ ၁ဝ။ KNPP ကရင်နီ = ၇-၃-၂ဝ၁၂၊ ၁၁။ ALP/ALA = RSLP ရခိုင် = ၅-၄-၂ဝ၁၂၊ ၁၂။ NSCN-K နာဂ = ၉-၄-၂ဝ၁၂၊ ၁၃။ PNLO ပအို့ = ၂၅-၈-၂ဝ၁၂၊ ၁၄။ ABSDF ကျောင်းသား = ၁ဝ-၈-၂ဝ၁၃။ အပစ်ရပ်မလုပ်သေးတဲ့အဖွဲ့များ ၁။ AA ရခိုင်၊ ၂။ KIA ကချင်၊၊ ၃။ TNLA တအောင်း၊ ၄။ LDU လားဟူ၊ ၅။ WNO ဝ၊ ၆။ ZRO ဇိုမီး၊ မှတ်ချက်။ ၁။ Zomi Reunification Organization/Army (ZRO/ZRA) ဇိုမီးပြန်လည်ပေါင်းစည်းရေးအဖွဲ့နဲ့ သူ့တပ်က အိန္ဒိယနိုင်ငံမှာ အခြေစိုက်တယ်။ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်တာမရှိပါ။ ၂။ Kuki National Organization/Army ကူကီးအဖွဲ့နဲ့ တပ်ဟာလည်း အိန္ဒိယနိုင်ငံမှာ အခြေစိုက်တယ်။ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်တာမရှိပါ။ ၃။ အိန္ဒိယနိုင်ငံအစိုးရကို လက်နက်ကိုင်တိုက်နေတဲ့ အာသန် (အဆန်)၊ မဏိပူရပြည်နယ်ကအဖွဲ့တွေက မြန်မာ့မြေပေါ်မှာ စစ်အစိုးရလက်ထက်ကတည်းက အခုထိ နေထိုင်ကြပါတယ်။ စုစုပေါင်း အဖွဲ့ ၆ ဖွဲ့ကနေ ၁ဝ ဖွဲ့အထိ ရှိနိုင်တယ်။ United Liberation Front of Assam (ULFA) အဆမ် (အာသန်)၊ National Democratic Front of Bodoland (NDFB) အဆမ် (အာသန်)၊ National Socialist Council of Nagaland (NSCN-K) နာဂ၊ United National Liberation Front (UNLF) မဏိပူ (ကသည်း) အဖွဲ့တွေက ကြီးတဲ့အဖွဲ့တွေဖြစ်ကြတယ်။ ၁၉၉ဝ မေလမှာ မွန်ဂိုလွိုက်ရုပ်ရည်ရှိသူများစုပေါင်းအဖွဲ့ Indo-Burma Revolutionary Front (IBRF) ကိုဖွဲ့တော့ ULFA နဲ့ UNLF တို့ ပါကြတယ်။ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ဆက်စပ်မှု ရှိတယ်။ အဖြေရှာခြင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဆိုတာ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေးလို့ အကြမ်းဖျင်း သရုပ်ခွဲကြတယ်။ အဖြေထုတ်ရာမှာလည်း (စစ်မှန်တဲ့) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလို့ ပြောကြတယ်။ မပြည့်စုံဘူးလို့ ယူဆပါတယ်။ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေထဲမှာ ဖက်ဒရယ်စနစ်ကိုတောင်မှ လက်မခံတဲ့အဖွဲ့တွေ တကယ်ရှိပါတယ်။ ဗမာနဲ့ ဗမာဟုတ်သူတွေကြား အဆင်မပြေမှုက လက်နက်ကိုင်ပြီး အကြာကြီးတိုက်ကြတဲ့အထိ ကြီးမားတယ်။ National Democratic Front (NDF) ကို ၁၉၇၆ မှာ ဗမာမပါပဲ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ပအို့၊ ကယား၊ ဝ နဲ့ လားဟူ အဖွဲ့တွေကနေ ဖွဲ့ခဲ့တယ်။ ဗကပနဲ့ အန်ဒီအက်ဖ် တို့ ၁၉၈၆ မှာ သဘောတူညီချက် ရတယ်။ ဒါဟာ ဗမာဆိုရင် မယုံကြဖူးလို့ ဖော်ပြလိုက်တာ ဖြစ်တယ်။ (မှတ်ချက်။ National Democratic Front နာမည်နဲ့ အဖွဲ့တွေက ကမ္ဘာမှာ အများကြီး ရှိတယ်။ ဗီယက်နမ်၊ ဗဟိုအာဖရိက၊ ဂိုင်ယာနာ၊ အိန္ဒိယ၊ အီရန်၊ မက္ကဆီကို၊ ပီရူး၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ဆီးရီးယား၊ ယီမင်)။ ဆယ်စုနှစ်တွေ ကြာလာတဲ့ခါ စစ်အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ ဗမာတွေနဲ့ တိုင်းရင်းသား တွေကြားမှာ နားလည်မှုတွေ တိုးတက် ကောင်းမွန်လာတယ်။ ဒါပေမယ့် အားနည်းနေသေးတယ်။ ဒါကြောင့် ပြဿနာအရင်းခံဟာ တခုတည်းသာလို့ ပြောနိုင်လာတယ်။ လူမျိုးစုလက္ခဏာမပါတဲ့ စစ်အာဏာရှင်စနစ် (သို့) စစ်တပ်ကနေ ကြီးစိုးထားတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာလည်း အဲဒီစနစ်ကို အကောင်အထည်ဆက်ဖော်ရေးသာ ဖြစ်တယ်။ သခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းစစ်ကြီး မဖြစ်အောင် ကြိုးစားခဲ့တယ်။ ဖြစ်လာပြီးတော့လည်း ငြိမ်းချမ်းရေး ပြန်တည်ဆောက်ရန်ဖို့ တို့ဗမာအစည်းအရုံးကို ပြန်ဖွဲ့စည်းခဲ့တယ်။ ၁၉၅၁ခုနှစ်မှာ ပြည့်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ (People's Peace Front) ကို ဖွဲ့စည်းခဲ့တယ်။ မင်းလှ-ရန်ကုန် ၆ ခရိုင်ချီတက်ပွဲတွေ လုပ်ခဲ့တယ်။ လူထုထောက်ခံမှုက အတော်ကြီး အားကောင်းခဲ့တယ်။ Rangoon University Students Union (RUSU) နဲ့ All Burma Federation of Student Unions (ABFSU) ကျောင်းသားသမဂ္ဂတွေကနေ ထမင်းထုပ်တွေ အလှူခံပြီး ဝေငှခဲ့ကြတယ်။ နိဂုံး သမိုင်းဆိုတာ ဆက်တိုက်ဖြစ်နေတာပါ။ တပတ်လည်တယ်၊ မလည်ဖူးဆိုတာ တိကျတဲ့ကောက်ချက် မဟုတ်ပေမယ့် ဆင်တူဖြစ်တာတွေကတော့ အမှန်ရှိတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို နှိုင်းယှဉ်ကြည့်ရင် - (၁) ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးရကတည်းက အခုထိမအောင်မြင်သေးဘူး။ (၂) ကြိုးပမ်းမှုတွေရှိရင် လူထုက ထောက်ခံအားပေးကြတယ်။ ဒါပေမယ့် လက်ရှိ ကြိုးပမ်းမှုမှာ သခင်ကိုယ်တော်မှိုင်းတို့ လုပ်ခဲ့သလောက် အားတက်သရော မရှိပါ။ မယုံကြည်မှုက ပိုများနေတယ်။ (၃) အပစ်ရပ်စဲရေးအဆင့်ကိုသာ အမြင်ဆုံး ဦးတည်နိုင်သေးတယ်။ (၄) ကြိုးပမ်းမှုတွေရှိတိုင်းမှာ အဖွဲ့တွေကြား ခွဲခြားခံရတာ၊ ဒါမှမဟုတ် ကိုယ့်အဖွဲ့ထဲကနေ ခွဲထွက်ကြတာတွေ ရှိတယ်။ (၅) အစိုးရဘက်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုင်ပြောတယ်။ သူတို့အလိုကျ ရေးဆွဲထားတာ ဖြစ်လို့ပါ။ (၆) လက်ရှိ ကြိုးပမ်းမှုမှာ အဆင့်တခုခုထိတော့ ရလာစရာ ရှိတယ်။ ဒါပေမယ့် အာမခံချက် မရှိပါ။ ဒေါက်တာတင့်ဆွေ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up