တော်လှန်ရေးစကားလုံးကို အစိုးရဘက်က လက်ခံပြီ

ရန်ကုန်မှာကျင်းပနေတဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲ တတိယနေ့မှာ တော်လှန်ရေး စကားလုံးအပါအ၀င် ယခင်က တစ်ဆို့နေတဲ့ ဝေါဟာရ စကားလုံးတချို့ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နှစ်ဘက်ညှိနှိုင်း သဘောတူနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ၇ ကြိမ်မြောက်အဖြစ် ဆွေးနွေးနေကြတာဖြစ်ပါတယ်။ မတ်လ ၁၉ ရက်နေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ဆိုတဲ့အသုံး အနှုန်းကို သုံးဖို့ အစိုးရဘက်က လက်ခံလိုက်တယ်လို့ အန်စီစီတီအဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ဒီဗွီဘီကို ပြောပါတယ်။ “အရင်ကဆိုရင် အခန်းတစ်နှစ်သုံးတွေမှာ တစ်ဆို့နေတဲ့စကားလုံးတွေရှိတယ်။ ဥပမာ တိုင်းရင်းသားဘက်က တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးချင်တယ်။ အခုအဲဒီစကားလုံးတွေ အားလုံးအဆင်ပြေသွားပြီ။ အခန်း ၄ မှာဆိုရင်လည်း တည်ဆောက်ပုံက စာလုံးတစ်လုံးပြောင်း သွားတာနဲ့ အားလုံးအဆင်ပြေသွားမယ့် လက္ခဏာရှိတယ်။ ဒါကြောင့် အရင်ကနဲ့စာလိုက်ရင် ကျမတို့ဆွေးနွေးပွဲက တော်တော့ကို အခြေအနေကောင်းတယ်လို့ ပြောလို့ ရပါတယ်။” ဆက်လက်ပြီး လမ်းပြမြေပုံလို့ခေါ်တဲ့ အခန်း ၅  ကို မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

More News
Up