လက်ပတ်နီဝတ်အရပ်သား ရှုတ်ချပွဲ ပြုလုပ်
DVB
·
March 15, 2015
လက်ပတ်နီဝတ်အရပ်သားတွေကို ရှုတ်ချတဲ့အနေနဲ့ ပြည်သူတွေ လက်ပတ်ဖြူတွေ လိုက်လံဝတ်ဆင်ပေးတဲ့ပွဲကို ရန်ကုန်မြို့မှာ ဒုတိယအကြိမ် ထပ်မံပြုလုပ်ခဲ့ပါတယ်။
ကျောင်းသားတွေအပေါ် အကြမ်းဖက်ဖမ်းဆီးခဲ့တဲ့ လက်ပတ်နီဝတ်အရပ်သားတွေကို ရှုတ်ချတဲ့အနေနဲ့ အကြမ်းဖက်မှု မလိုလားတဲ့ ပြည်သူတွေကို လက်ပတ်ဖြုဝတ်ဆင်ပေးတဲ့ပွဲ ရန်ကုန်မြို့ အင်လျားကန်ဘောင်မှာ ဒုတိယအကြိမ် ဒီနေ့ ကျင်းပခဲ့ပါတယ်။
အခုလိုပြုလုပ်ရာမှာ ဘယ်အဖွဲ့အစည်း ခေါင်းစဉ်အောက်ကမှ ပြုလုပ်တာမဟုတ်ဘဲ အကြမ်းဖက်မှုမလိုလားတဲ့ ပြည်သူတွေအားလုံး စုဝေးကာ ကိုယ့်အသိနဲ့ကိုယ် လိုက်လံတပ်ဆင်ပေးတာလို့ အဲဒီပွဲကိုဦးဆောင်သူ ကိုဆောင်းခက ပြောပါတယ်။
ဒီလိုပြုလုပ်တာဟာ အကြမ်းဖက်မှု ပြုလုပ်တာမဟုတ်ပဲ ငြိမ်းချမ်းစွာနဲ့ပြည်သူတွေကို လက်ပတ်ဖြူတွေ လိုက်လံဝေငှပေးတာလို့ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။
အင်လျားကန်ဘောင်မှာ လူစုဝေးမှုအပေါ် လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက လာရောက်တားဆီးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ပတ်ဖြူတွေ လိုက်လံဝေငှတဲ့ပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဗန္ဓုလပန်းခြံ၊ ကားဂိတ်၊ သင်္ဘောဆိပ်၊ ရထားဘူတာတွေမှာ ပြုလုပ်ခဲ့ပါတယ်။ ပုသိမ်မြို့မှာလည်း လက်ပတ်ဖြူ လိုက်လံဝေငှတဲ့ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
လာမယ့် မတ်လ ၁၉ ရက်နေ့မှာလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ် ၁၈ ခုမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
လက်ပံတန်းမှာ ပိတ်မိနေကြတဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းမှု မလုပ်ဖို့ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရန်ကုန်မြို့လယ်ခေါင်မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က လက်ပတ်အနီတွေ ကိုယ်စီစည်းထားကြတဲ့ လူတစုကနေ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲခဲ့တဲ့အပေါ် အခုလို ဆန့်ကျင်ရှုတ်ချပွဲတွေ လုပ်နေတာပါ။
ပုသိမ်မြို့မှာ ပြုလုပ်တဲ့ လက်ပတ်ဖြူဝတ်ဆင်ပွဲ (ဓာတ်ပုံ - Khant Thu)
[gallery ids="85717,85718,85719,85720,85721,85716"]