Live
Home
မြန်မာသတင်း
တရုတ်နိုင်ငံထုတ် ဆေးဝါး ၁၀ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနပြော
ရွှေအောင်
·
March 15, 2015
တရုတ်နိုင်ငံထုတ်ဆေးဝါး ၁၀ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမ၀င်ဆေးဝါးတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြည်သူတွေအနေနဲ့ မှတ်ပုံမတင်ထားတဲ့ အဲ့ဒီဆေးဝါးတွေ မသုံးစွဲကြဖို့နဲ့ မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေကိုပဲ ဆရာဝန်ညွှန်ကြားချက်နဲ့သုံးဖို့ အသိပေးနှိုးဆော်လိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဆေးခန်းထိုင်တဲ့ ဒေါက်တာမြင့်ဦး (ဂျီပီ) ကတော့ မြန်မာပြည်ဆေးဝါးဈေးကွက်ထဲ တရားမ၀င်ဆေးဝါး ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ပြောပါတယ်။ “ဆရာဝန်တိုင်းလည်း တရုတ်ဆေးနဲ့ မကင်းဘူး၊ ဆေးဆိုင်တိုင်းလည်း တရုတ်ဆေးနဲ့ မကင်းဘူး၊ အလွယ်တကူဝယ်လို့အရဆုံးက တရုတ်ဆေးပဲ။ ကျနော့်အမြင်တော့ ၆၀-၇၀ ရာခိုင်နှုန်းလောက်က တရားမ၀င်ဆေးတွေ၊ တရုတ်ဆေးမှ မဟုတ်ဘူး၊ အိန္ဒိယဆေး၊ ဘင်္ဂလားဒေ့ရှ်ဆေး၊ နောက် တိုင်းရင်းဆေး၊ မှတ်ပုံမတင်ထားဘဲ လမ်းပေါ်ရောင်းတယ်၊ ဈေးတွေထဲရောင်း တယ်၊ ပြည်တွင်းထုတ်ဆေးတွေလည်းပါရင်တော့ အားလုံးပေါင်းရင် ၉၀ ရာခိုင်နှုန်းက ဖြစ်ကောင်းဖြစ်နိုင်တယ်။” ကျန်းမာရေးဝန်ကြီးဌာနကတော့ ဆေးဝါးတင်သွင်းဖြန့်ဖြူးတဲ့ ကုမ္ပဏီ၊ ဆေးဝါးရောင်းချတဲ့ဆေးဆိုင်တွေဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်မတင်ထားတဲ့ ဆေးဝါးတွေ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးတွေကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုံးဝမပြုဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ (၁၈) အရ တရားစွဲဆို အရေးယူမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ ကုမ္ပဏီထုတ် ဆေးဝါး ၁၀ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တရားမ၀င်ဆေးဝါးတွေဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ မြန်မာကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024