လစ်ဗျားရဲစခန်းကို တိုက်ခိုက်ဟု အိုင်အက်စ် ၀န်ခံ

လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီ မြို့လယ် ရဲစခန်းကို ဗုံးနဲ့ တိုက်ခိုက်တာ အစ္စလာမ္မစ် (အိုင်အက်စ်) အဖွဲ့ဖြစ်တယ်လို့ ဒီအဖွဲ့က မတ် ၁၂ ရက်က ဝန်ခံလိုက်ပါတယ်။ အင်တာနက် လူမှုရေးကွန်ယက် တွစ်တာစာမျက်နှာပေါ်မှာ အခင်းဖြစ်တဲ့ ဓာတ်ပုံတွေနဲ့ အတူ ကြေညာချက်ကို တင်ခဲ့တာ ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ ဒေသခံ လုံခြုံရေး ပြောခွင့်ရ အက်ဆမ် နာစ်က ဗုံးကို နိုင်ငံခြားရေးဝန်ကြီးဌာနအနားက ရဲကားတစီးအောက်မှာ ထားခဲ့လို့ ပျက်စီးမှုတွေ ရှိသလို အရာရှိတယောက် ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ လစ်ဗျားနိုင်ငံအတွင်း အစိုးရ ၂ ရပ်ရဲ့ လက်နက်ကိုင်တပ်တွေအကြားက အကွဲအပြဲတွေကြောင့် ပြည်တွင်းရေး ဗရမ်းဗတာဖြစ်နေတာကို  အိုင်အက်စ်ကို သစ္စာခံတဲ့ အစ္စလာမ္မစ် လက်နက်ကိုင်တွေက အခွင့်ကောင်း ယူခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက် လက်နက်ကိုင်အုပ်စုတွေအကြား တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်ခဲ့အပြီး အနောက် နိုင်ငံနဲ့ အာရပ်နိုင်ငံတွေက ထရီပိုလီ မြို့တော်မှာ အခြေစိုက်ထားတဲ့ သံရုံးက ၀န်ထမ်းတွေကို ပြန်ခေါ် ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လက အိုင်အက်စ်အဖွဲ့ကို သစ္စာခံကြောင်း ကြေညာခဲ့ကြတဲ့ လက်နက်ကိုင်တွေက နိုင်ငံတွင်းက တိုက်ခိုက်မှုတွေ အတော်များများကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ [gallery ids="85462,85463,85464"]  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up