ဖမ်းဆီးခံ ကျောင်းသားများအမြန်ဆုံး ပြန်လွှတ်ရန် အမေရိကန်သမ္မတဟောင်း ဘွတ်ရှ် မျှော်လင့်
DVB
·
March 13, 2015
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးတာကို စိုးရိမ်ပူပန်မိတယ်လို့ အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူဘွတ်ရှ်က ပြောပါတယ်။
ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို အမြန်ဆုံးလွတ်ပေးမယ်လို့ မျှော်လင့်တယ်လို့လည်း သမ္မတဟောင်းရဲ့ မတ် ၁၂ ရက် ထုတ်ပြန်ချက်မှာ ရေးပါတယ်။
ဖမ်းဆီးထားသူတွေထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးလည်းဖြစ် ဘွတ်ရှ် အင်စတီကျူရဲ့ လွတ်လပ်ရေးနဲ့ ခေါင်းဆောင်မှု ဖိုရမ်မှာ ပါဝင်တဲ့ မဖြိုးဖြိုးအောင်လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
မဖြိုးဖြိုးအောင်လိုပဲ ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ မြန်မာအကူးအပြောင်းမှာ ပွင်လင်းမြင်သာ ယုံကြည်ရတဲ့ ပညာရေးစနစ်ဖြစ်ဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းပြည်တိုင်းနဲ့ ပြည်သူတွေအတွက် စီးပွားရေး နိုင်ငံရေးနဲ့ လူမှုရေး အခြေအနေကောင်းများ ဖန်တီးနိုင်ဖို့ ပညာရေးဟာ အဓိကျတယ်လို့ ဘွတ်ရှ်ရဲ့ ထုတ်ပြန်ချက်က ရေးပါတယ်။